Thursday, July 18, 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန် ဒေသခံများ မျှော်လင့်

7.15.16
နစက တပ်ဖွဲ့ဝင်များ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်တာဝန် ထမ်းဆောင်စဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းပြီး နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန်နှင့် ယခင် လုံခြုံရေး အဖွဲ့များထက် ပိုမိုကောင်းမွန်သည့် အဖွဲ့အစည်းဖြစ်ရန် လိုအပ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ယခုတာဝန် ထမ်းဆောင်မည့် လုံထိန်း တပ်ဖွဲ့ဝင်များအား နယ်စပ်လုံခြုံမှု အတွက် စနစ်တကျ စီမံဆောင်ရွက် နိုင်ခြင်းနှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်ကြောင်း သိရသည်။
''ဆွဲတင်စစ် လုပ်ထားတာတွေ၊ တခြားနစကရဲ့ လုပ်ငန်းတာဝန်က အများကြီးဆိုတော့ ချက်ချင်း ပြောင်းလဲတာ ဆိုတော့ အရင်ကတည်းက ကြိုတင်စီမံပြီး နစက အဖွဲ့ကို ဖျက်သိမ်းလိုက်တာလို့ မြင်ပါတယ်။ ပြီးရင် နစက အဖွဲ့မှာက လူဝင်မှု စစ်ဆေးရေးဆိုရင် လ၀က ကျွမ်းကျင်သူတွေ ရှိနေတယ်။ တခြားအကောက်ခွန် အဖွဲ့တွေလည်း ရှိသေးတယ် ဆိုတော့ အခု နစကအစား လုံထိန်းဝင်လာပြီ ဆိုပေမယ့် လုံထိန်းဟာ ရဲတပ်ဖွဲ့ လုံခြုံရေး အဖွဲ့ပဲဖြစ်တယ် ဆိုတော့ အရင်နစကရဲ့ လုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်မလဲ ဆိုတာတော့ စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ ဒါပေမဲ့ နယ်စပ်လုံခြုံရေး အတွက်ဆိုပြီး စုံစမ်းရေး ကော်မရှင်က အကြံပြုထားတာလည်း ရှိတယ်။ နောက်ပြီး တခြားအကြံပြု ထားတာတွေကို နိုင်ငံတော် အဆင့်က သိနေပြီ ဖြစ်တဲ့အတွက် နယ်စပ်လုံခြုံရေးကိုတော့ နိုင်ငံတော်က ပိုမိုကောင်းမွန်အောင် စီစဉ်တာ ဖြစ်နိုင်ပါတယ်။ ဆက်ပြီး တာဝန်ယူတဲ့ အဖွဲ့တွေက ပိုမိုကောင်းမွန်တဲ့ အဖွဲ့အစည်း ဖြစ်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်'' ဟု မောင်တော ခရိုင်အဆင့် ဌာနဆိုင်ရာ တစ်ခုမှ အရာရှိ တစ်ဦးက ပြောကြားသည်။
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်အား ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက် မှစ၍ ဖျက်သိမ်း လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
''နစက ကွပ်ကဲရေးမှူးရဲ့ တာဝန်ကို လုံထိန်းရဲ တပ်ရင်းစုမှူး ဗိုလ်မှူးကြီး ဘိုဘိုဦးက လွှဲပြောင်း တာဝန်ယူ သွားပါမယ်။ နစက တာဝန်တွေကို လုံထိန်းရဲတပ်ဖွဲ့က တာဝန်ယူ သွားပါမယ်'' ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
''နယ်စပ်လုံခြုံရေးကို ဘယ်အဖွဲ့ကပဲ တာဝန်ယူယူ ဒေသအခြေအနေ၊ သမိုင်းကြောင်းကို သိဖို့လိုတယ်။ ဒီဒေသရဲ့ ပထ၀ီကို မသိတဲ့လူတွေ ဆိုရင်တော့ အရင်တိုင်းပဲရှိမယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေးကို တာဝန်ယူမယ့် အဖွဲ့မှာ မျိုးချစ်စိတ်ရှိတဲ့ ဒေသခံတွေ ဖြစ်ဖို့လိုအပ်ပါတယ်'' ဟု ရသေ့တောင်မြို့ခံ ရခိုင်ဒေသ လူထုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင်က ဆိုသည်။
(သတင်းအရင်းအမြစ်- Eleven Media Group- www.first-11.com)

No comments: