Thursday, July 18, 2013

နှစ်ပါတီပေါင်းထားသည့် ရခိုင်ပါတီ ရှေ့လမှတ်ပုံတင်မည်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်းလိုက်သည့် ရခိုင်အမျိုးသားပါတီကို လာမည့် သြဂုတ် ၃၁ ရက်တွင် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်တော့မည်ဖြစ်ကြောင်း ALD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇူလိုင် ၁၆ ရက်က ပြုလုပ်သော နှစ်ပါတီ ပူးပေါင်းရေး လုပ်ငန်းကော်မတီဝင်များ ဆွေးနွေးပွဲအပြီးတွင် ဦးလှမြင့်က ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

နှစ်ပါတီ ပူးပေါင်းပြီး ပေါ်ထွန်းလာမည့် ပါတီအတွက် ဖွဲ့စည်းပုံရေးဆွဲရန် ကိုယ်စားလှယ်များကို ယင်းနေ့ က
ရွေးချယ်ခဲ့ကြသည်ဟုလည်း ဦးလှမြင့်က ဆိုသည်။

ပါတီ နှစ်ခု၏ ဖွဲ့စည်းပုံများသည် များစွာ ကွဲပြားခြားနားခြင်း မရှိသလို၊ ပြည်သူများကလည်း နှစ်ပါတီ ပူးပေါင်းရန် လိုလားလျှက် ရှိသဖြင့် ပါတီပူးပေါင်းရေးတွင် ကြီးမားသော အတားအဆီး ရှိမည်မဟုတ်ဟု
RNDP မှ လုပ်ငန်းကော်မတီ ဦးဆောင်ပုဂ်္ဂိုလ် ဦးခိုင်ပြည်စိုးက သုံးသပ်သည်။

ဦးလှမြင့်က “ရခိုင်ပါတီနှစ်ခု ပေါင်းစည်းခြင်းဟာ ရခိုင်အမျိုးသား သွေးစည်းညီညွှတ်ရေးရဲ့ ပထမဆုံးခြေ လှမ်း”ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ဇူလိုင် ဒုတိယပတ်အတွင်းက ပါတီများ ပူးပေါင်းပြီး ပါတီသစ်ပြန်လည် ဖွဲ့စည်းကြလျှင် ပါတီကို ပြန်လည် မှတ်ပုံတင်ကြရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ ပါတီနှစ်ခုပေါင်းပြီး ပါတီသစ်အဖြစ် မှတ်ပုံတင်လိုက်လျှင် မူလနှစ်ပါတီမှာ အလိုအလျောက် ပျက်ယွင်းသည်ဟု မှတ်ယူပြီး၊ လွှတ်တော်တွင်းသို့ ရောက်နေသော မူလပါတီမှ အမတ်များသည် ပူးပေါင်းလိုက်သည့် ပါတီသစ်၏ အမတ်အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်သည်။ သို့သော် လွှတ်တော်အမတ်က ပါတီသစ်မှ အမတ်အဖြစ် မသတ်မှတ်ခံလိုဘဲ မိမိသဘောဖြင့်တစ်သီးပုဂ္ဂလအဖြစ်ရပ်တည်လိုပါကလည်းရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားနိုင်သည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)

No comments: