Thursday, July 18, 2013

စီမံကိန်းနှင့် ပတ်သက်သည့် အကျိုးအပြစ်များအား ပြည်သူလူထုကို တိတိကျကျ ချပြမှု မရှိသေးဘဲ နိုင်ငံ့လုံခြုံရေးအတွက် အရေးပါသည့် ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထား

train-july18
ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ငန်းခွင်အတွင်း ဓာတ်ငွေ့သန့်စင်စက်ရုံ OTG အမှတ် (၁)အား တွေ့ရစဉ်
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ဆောက်လုပ်မည့် ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာပြည်သူလူထုအား ထိခိုက်နိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအပြစ်များကို ပြည်သူများသိရှိရန် ထုတ်ပြန်မှု မရှိသည့်အပြင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ထားပြီး နိုင်ငံ့လုံခြုံရေးအတွက် အရေးပါသော အဆိုပါ ရထားလမ်းအား တရားဝင် လုပ်ကိုင်နေသည့် အခြေအနေများ ထုတ်ပြန်မှု မရှိသည့်အပေါ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား လေ့လာစောင့်ကြည့်နေသူများက ဝေဖန်သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်သို့ ဆက်သွယ်မည့် အမြန်ရထားလမ်း စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည့် Good Governance and the Extractive Industry in Burma အခမ်းအနားတွင် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
စတုရန်းကီလိုမီတာ ၁၂၀ ကျယ်ဝန်းမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ CITIC ကုမ္ပဏီ အနေဖြင့် ကီလိုမီတာ ၈၀၀ ရှည်လျားမည့် ကျောက်ဖြူ-ယူနန် အမြန်ရထားလမ်းကို တည်ဆောက်ခြင်းဖြင့် အိန္ဒိယ သမုဒ္ဒရာမှ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး လမ်းကြောင်းကို လွယ်ကူချောမွေ့ စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီမံကိန်းဖြစ်သော ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နှစ်ပေါင်း ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၉ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားလမ်း စီမံကိန်းအား ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ Railways Engineering Corporation တို့က ၂၀၁၁ ခုနှစ်၊ ဧပြီ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် ရထားလမ်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကုန်ကျမည် ဖြစ်ကြောင်းလည်း ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့ လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ တရုတ်နိုင်ငံသည် ရထားလမ်းကို ငွေကြေးမတည် ဆောက်လုပ်ပြီး နှစ်ပေါင်း ၅၀ ကြာအောင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းမှ ရထားလမ်းအား မြန်မာအစိုးရထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကာလ၌ ရထားလမ်းနှင့် ပတ်သက်၍ အလုပ်အကိုင် နေရာချထားရေး ကိစ္စနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စအ၀၀တို့ကို တရုတ်ကုမ္ပဏီများက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရထားလမ်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၇၀ မြန်နှုန်းဖြင့် ခုတ်မောင်းနိုင်မည့် အမြန်ရထားဖြစ်ပြီး ကုန်တန်ချိန် ၄၀၀၀ သယ်ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ရခိုင်ရေနံ စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်းအရှည် ၈၆၈ ဒသမ ၂၆၂ ကီလိုမီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့များကို ဖြတ်သန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊  ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည် . . . . .
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည် ဖော်ခဲ့သည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး စီမံကိန်း မစတင်မီက ဒေသခံများ မသိရှိဘဲ လုပ်ငန်းစတင်မှသာ သိရှိခဲ့ရကြောင်း၊ လက်ရှိ အပြီးသတ်စာချုပ် ချုပ်တော့မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှု မရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် မည်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုသည်။
"အခု ကျောက်ဖြူ-မူဆယ် မီးရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိရပါဘူး" ဟု ကျောက်ဖြူမြို့မှ ကိုထွန်းကြည်က ပြောကြားသည်။
"ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ် ကမ်းစီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက် ရှိနေပြီ။ ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကို ဒေသခံတွေ ခံစားခဲ့ရပေမယ့် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒထုတ်ဖော်တော့ ဒေသခံကို တရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကို ရခိုင်သူတစ်ယောက် အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရတယ်။  ပိုက်လိုင်းစီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုကိုတောင် မဖြေရှင်းနိုင်သေးဘဲ ရထားလမ်း စီမံကိန်း လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့်သူတွေ အနေနဲ့ ဒေသခံတွေ ပူးပေါင်းဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်" ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။
အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်းအရှည် ၈၆၈ ဒသမ ၂၆၂ ကီလိုမီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့များကို ဖြတ်သန်းတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊  ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ ရထားလမ်း စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group- www.first-11.com)

No comments: