Thursday, July 11, 2013

ဗုဒ္ဓဂယာ ဗုံးကွဲမှု သဲလွန်စ မရသေး၊ အိန္ဒိယ ခေါင်းဆောင်များ လာရောက် ကြည့်ရှု

မြန်မာ သံဃာတော် တပါးပါ ဒဏ်ရာရရှိစေခဲ့သည့် တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲခဲ့သော ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်သို့ အိန္ဒိယနိုင်ငံ အာဏာရ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာ ဂန္ဓီနှင့် ပြည်ထဲရေး ဝန်ကြီး ဆူရှီးလ် ကူးမား ရှင်ဒေးတို့ ယနေ့ လာရောက် ကြည့်ရှုခဲ့ကြကြောင်း အိန္ဒိယ သတင်းဌာနများတွင် ရေးသားသည်။

အမျိုးသားစုံစမ်းစစ်ဆေး ရေးအေဂျင်စီက သံသယဖြင့် ယမန်နေ့က ထိန်းသိမ်းစစ်ဆေးနေသော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပြီး နောက်ထပ် သဲလွန်စ တစုံတရာ မရသေးဘဲ ရှိနေကြောင်း NDTV သတင်းဌာနကြီးက ရေးသားလိုက်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများမှာ “စိုးရိမ်စရာကောင်းသည်” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်ပြီး အစိုးရအနေဖြင့် ထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကာ မည်သူ့ကိုမျှ အလျင်စလို ဖမ်းဆီးသွားမည်မဟုတ်ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး၃ရက်အတွင်းအမှုမှန် ပေါ်ပေါက်ရေးစုံစမ်းစစ်ဆေးမှုများထက် နိုင်ငံရေးအရ ဆောင်ရွက်ချက်များ
ကိုသာ ပိုမိုတွေ့မြင်နေရသည်ဟုလည်း သုံးသပ်ရေးသားသည်။

ယမန်နေ့က အတိုက်အခံ BJP ပါတီ ဥက္ကဋ္ဌ ရတ်ဂ်ျနတ်သ်ဆင်း (Rajnath Singh) နှင့် အခြား ပါတီခေါင်းဆောင်များပေါက်ကွဲမှု ဖြစ်ရာသို့ လာရောက်ကြည့်ရှုကြပြီး အကြမ်းဖက်သမားများကို ထိရောက်စွာ မကိုင်တွယ်နိုင်မှုအတွက် ဗဟိုအစိုးရကို ပြစ်တင်ပြောဆို ခဲ့ကြသည်။

ယမန်နှစ် အောက်တိုဘာလက ဒေလီရဲတပ်ဖွဲ့က ပေးပို့ခဲ့သော သတိပေးချက်ကို အခြေခံ၍ ဘီဟာပြည်နယ်ဒုတိယပုလိပ်မင်းကြီးကဇူလိုင်လ၂ရက်တွင်ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ နေရာများ၏ လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်မှုများပြု လုပ်ခဲ့ကာ ဒေသခံလုံခြုံရေးတပ်ဖွဲ့များသို့ ထိုအကြောင်းကို ပြောကြားခဲ့သည်။

ယခု ပေါက်ကွဲမှုအပြီး ဗဟိုအစိုးရအနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးက ဆိုသည်။

“ကျနော်တို့ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို ချက်ချင်းပဲ အခင်းဖြစ်ပွါးရာ နေရာဆီ လေကြောင်းက စေလွှတ်ခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားနေလို့ ပြန်လှည့်ခဲ့ရပါတယ်” ဟု ပြောသည်။ ထိုလေယာဉ်သည် ပေါက်ကွဲပြီး နောက်တနေ့မှ ဂါယာသို့ ရောက်ရှိခဲ့သည်။

အဆိုပါဆက်တိုက်ဗုံးပေါက်ကွဲမှုများကို စုံစမ်းစစ်ဆေးရန်အတွက် အမျိုးသား လုံခြုံရေးတပ်ဖွဲ့ (NSG) နှင့် အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) တို့ ပါဝင်သော အဆင့်မြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်းဖြင့်လည်း ပြည်ထဲရေး ဝန်ကြီးက ပြောသည်။

သို့သော် ယခုအထိ စုံစမ်းစစ်ဆေးမှုမှာ သဲလွန်စ တစုံတရာ မရရှိသေးဘဲ ဖြစ်နေသည်။ မသင်္ကာဖွယ် လှုပ်ရှားသွားလာမှုများအတွက် ယမန်နေ့က ထိန်းသိမ်းစစ်ဆေးနေသော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကိုလည်း သက်သေအထောက်အထား တစုံတရာ မတွေ့၍ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

သံသယဖြစ်ဖွယ် လူ ၄ ဦးသည် တနင်္ဂနွေနေ့က မဟာဗောဓိစေတီမှ မီတာ ၂၀၀ အကွာ ဟိုတယ် တခုတွင် မနက် ၄ နာရီက စာရင်းပေးသွင်း အခန်းငှါးရမ်းခဲ့ပြီး နံနက် ၆ နာရီခွဲတွင် အခန်းအပ်ကာ ပြန်လည်ထွက်ခွါခဲ့သည်ဟု အဆိုပါသတင်းက ရေးသားသည်။ ဗုံးများသည် နံနက် ၅ နာရီ အကျော်တွင် ပေါက်ကွဲခဲ့ကြခြင်း ဖြစ်သည်။ ဟိုတယ်ကလည်း အဆိုပါလူ ၄ ဦးနှင့် ပတ်သက်သည့် သတင်းအချက်အလက် အသေးစိတ်ကို စုံစမ်းရေးအဖွဲ့များထံ ပေးအပ်ထားသည်။

ဗုဒ္ဓဂယာ ရှိရာ ဘီဟာပြည်နယ် ဝန်ကြီးချုပ် ကလည်း စုံစမ်းစစ်ဆေးမှုကိစ္စများနှင့် စေတီလုံခြုံရေးအတွက် ဗဟိုအစိုးရက ဆောင်ရွက်ပေးပါရန် တောင်းခံထားသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: