Thursday, July 18, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား ခေါင်းဆောင်များအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါဝင်စေလိုဟု UNFC ပြောကြား

unfc-july17
ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် UNFC ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာတို့ကို ဖေဖော်ဝါရီလ အတွင်းက ချင်းမိုင်ဆွေးနွေးပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)   

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားခေါင်းဆောင်များအပြင် နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များကိုလည်း ပါဝင်စေလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောကြားသည်။
"လေ့လာသူအနေနဲ့ပါဝင်စေချင်တာပါ။တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအားလုံး ပါစေချင်တာပါ" ဟု UNFC အဖွဲ့ဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တွဲဖက်အတွင်းရေးမှူး-၂ ပဒိုမန်းမန်းက ဇူလိုင် ၁၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ထိုသို့ ပါဝင်စေလိုသည့် အကြောင်းကို ဇူလိုင် ၁၃ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ အလုပ်အဖွဲ့နှင့် UNFC ၏ အလုပ်အဖွဲ့တို့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ပဒိုမန်းမန်းက ပြောကြားသည်။
"လေ့လာသူအနေနဲ့ ပါဝင်စေချင်တာကို သူတို့ဘက်က လက်ခံပါတယ်။ ပါဝင်ခွင့်ပြု နိုင်တယ်ပေါ့။ ဒါပေမဲ့ moderator အနေနဲ့ ပါဝင်ဖို့က ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောပါတယ်" ဟု ပဒိုမန်းမန်းက ပြောကြားသည်။
ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့သော အလုပ်အဖွဲ့များ တွေ့ဆုံခြင်းသည် ထူးခြားချက် မရှိဟူသော ဝေဖန်ချက်များ ရှိနေသော်လည်း မကြာခဏ တွေ့ဆုံခြင်းက အကျိုးဖြစ်ထွန်းမှု ရှိစေသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
"မကြာမကြာတွေ့ဖို့ လိုအပ်တယ်။ ဒီလိုတွေ့မှလည်း ပိုပြီးဆောင်ရွက်နိုင်မယ်။ ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်မယ်။ ကျွန်တော်တို့ဘက်ကလည်း မကြာခဏတွေ့ဖို့ လိုလားပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့ တွေ့ဆုံမှုက ကောင်းတဲ့သဘော ဆောင်ပါတယ်" ဟု ပဒိုမန်းမန်းက ဆိုသည်။
လက်ရှိအချိန်တွင် စပ်ကူးမပ်ကူးကာလ ဖြစ်နေသည့်အပြင် အစိုးရဘက်မှ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့် UNFC အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးရန် မဖြစ်နိုင်သေးကြောင်း သိရသည်။
"ကျွန်တော်တို့က ကိုယ့်ရဲ့ပြည်တွင်းရေးကို ကိုယ့်နိုင်ငံမှာပဲ ဆွေးနွေးချင်တာပေါ့။ ဒါပေမဲ့ အခုချိန်က ယုံကြည်မှုကို တည်ဆောက်နေရဆဲ စပ်ကူးမပ်ကူးကာလ ဖြစ်နေတယ်။ ကန့်သတ်ချက်တွေလည်း ရှိနေတယ်။ ပိုမိုပွင့်လင်းဖို့လည်း လိုအပ်နေသေးတယ်။ အဲဒါတွေ အဆင်ပြေပြီ ဆိုရင်တော့ ပြည်တွင်းမှာ လာရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းမန်းက ပြောကြားသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့နှင့် UNFC ၏ အလုပ်အဖွဲ့တို့ ဇူလိုင် ၁၃ ရက်က တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးလိုခြင်းကို အစိုးရကိုယ်စားလှယ် များဘက်မှ တင်ပြခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို UNFC ကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲ ရလဒ်များကို အခြေခံပြီး နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံမည့် နေ့ရက်ကို ဇူလိုင် ၂၀ နောက်ပိုင်းတွင် အစိုးရဘက်က အကြောင်းပြန်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ခြောက်ရပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ ပေးအပ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် UNFC တို့ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ခြေလှမ်းစတင်ခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော UNFC ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုသို့ပြန်လည် ဖွဲ့စည်းလိုက်သော UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU)နှင့် "၀" အမျိုးသား အဖွဲ့ချုပ် (WNO)တို့ ပါဝင်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group- www.first-11.com)

No comments: