Monday, August 19, 2013

ရခိုင်သယံဇာတ အကျိုးခံစားခွင့် လက်မှတ်ကောက်ခံရခြင်းနှင့် ပတ်သက်ပြီး ဦးခိုင်ပြည်စိုးနှင့်တွေ့ဆုံမေးမြန်းခန်း

ရသေ့တောင်တွင် လူပ်ရှားမူ ပြုလုပ်နေစဉ်။
ရသေ့တောင်မြို့တွင် လှုပ်ရှားမှုပြုလုပ်နေပုံ(ဓာတ်ပုံ- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ်က ထွက်တဲ့သယံဇာတအပေါ် ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိနိုင်ဖို့အတွက် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီက ဦးဆောင်ကော်မီတီတခုဖွဲ့ပြီး လူထု လက်မှတ် ကောက်ခံတဲ့ ကမ်ပိန်းတခုကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ရန်ကုန်မြို့တွေမှာ ဒီကနေ့မနက် ၉ နာရီမှာ ဆိုင်းဘုတ်တွေတင်ပြီး တပြိုင်တည်း စတင်လိုက်ပါတယ်။

စစ်တွေမြို့မှာတော့ လမ်းတော် ဓမ္မာရုံမှာ ဒီကနေ့ နေ့လည် ၁ နာရီကနေ ၃ နာရီခွဲအထိ လူထုရှင်းလင်းပွဲ တခု ကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရခိုင်ပြည်သူတွေဟာ မိမိပြည်နယ်က ထွက်ရှိတဲ့ သံယံဇာတ တွေအပေါ်မှာ အကျိုးခံစားခွင့် ဆုံးရှုံးနေရတဲ့အကြောင်းတွေကို ရတပပါတီ အတွင်းရေးမှုး အဖွဲ့ဝင် ဦးခိုင်ပြည်စိုး အပါအ၀င် လူပုဂ္ဂိုလ်လေးဦးက ဟောပြော ခဲ့ကြပါတယ်။

ဒီလို လက်မှတ်စုဆောင်းတဲ့ ကမ်ပိန်းကိုဘာရည်ရွယ်ချက်နဲ့ လုပ်ရတာလည်းလို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှုအဖွဲ့ဝင် ဦးခိုင်ပြည်စိုးကို နိရဉ္စရာသတင်းဌာက ကိုမောင်အေးက ဆက်သွယ် မေးကြည့်တဲ့အခါ သူက အခုလိုစပြောပါတယ်။

ဦးခိုင်ပြည်စိုး။ ။ ကျွန်တော်တို့ ဒီလိုလက်မှတ်စုဆောင်းတဲ့ အစီအစဉ်ကိုလုပ်ရတာက ရခိုင်ပြည်က ထွက်ရှိတဲ့ သယံဇာတကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်ရရှိဖို့အတွက် ရည်ရွယ်တယ်။ ကျွန်တော်တို့ လက်မှတ်ပေါင်း ၃ သိန်းသတ်မှတ်ထားတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ အဲဒီ ၃ သိန်းပြည့်တဲ့အခါ ကျွန်တော်တို့ အဲဒီ လက် မှတ်တွေကို သမ္မတကိုတင်ပြမယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတွေကို တင်ပြ သွားမယ်။ နောက်ပြီး ကုလသမဂ္ဂအပါအ၀င် တခြားနိုင်ငံတကာ အဖွဲ့ အစည်းတွေကိုလည်း ကျွန်တော် တို့တင်ပြသွားဖို့ အစီအစဉ်နဲ့ ဒီ အစီအစဉ်ကို လုပ်တာဖြစ်တယ်။

ဟုတ်ကဲ့ ဒီလက်မှတ်စုဆောင်းတဲ့ အစီအစဉ်မှာ ပါဝင်လက်မှတ်ထိုးချင်ပေမဲ့ ဥပမာ ထိုင်း၊ မလေးရှားအပါအ၀င် တခြားနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြတဲ့ သူတွေအတွက် ဘယ်လို စီစဉ်ထားပါလည်း။

ဦးခိုင်ပြည်စိုး။ ။ ဟုတ်ကဲ့ မလေးရှား၊ ထိုင်း၊ စင်္ကာပူစတဲ့ နိုင်ငံတွေမှာရောက်နေကြတဲ့ သူတွေလည်းပါဝင်လာ နိုင်အောင် ကျွန်တော်တို့အဲဘက်က လူတွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော်တို့ အစီအစဉ်တခု လုပ်ဖို့ကြိုးစား နေပါတယ်။ အွန်လိုင်းကတဆင့် ဆန္ဒပြု လက်မှတ်ထိုးနိုင်အောင် ကျွန်တော်တို့စီစဉ်ထားပါတယ်။

လက်မှတ်ကောက်ခံတဲ့ အစီအစဉ်ကို ဒီနေ့စလုပ်တယ်ဆိုတော့ ပထမနေ့မှာ အားလုံးလက်မှတ် ဘယ်လောက်ရ တယ်လို့ သိရပါလည်း။

ဦး ခိုင်ပြည်စိုး။ ။ ဒီနေ့က စလုပ်တာဖြစ်တဲ့အတွက် အားလုံးမသိရသေးဘူး တချို့နေရာတွေမှာလည်း လုပ်နေ တုန်း ဘဲရှိသေးပါတယ်။ ညနေပိုင်းမှ ဘယ်လောက်ရတယ်ဆိုတာ ကျွန်တော်တို့ဆီကို စာရင်းရောက်မှာ ဖြစ်တဲ့အတွက် ဒီနေ့တစ်ရက်မှာ ဘယ်လောက်ရတယ်ဆိုတာ ညနေမှဘဲ အားလုံး ဘယ်လောက်ရ တယ်ဆို တာသိရပါမယ်။ ဒီနေ့က ကျွန်တော်တို့ လက်မှတ်ရဖို့ဆိုတာထက် ပြည်သူကို သတင်းပေးဖို့ဆိုတာကို အဓိက လုပ်တယ်။ မနက်မှ စစ်တွေမှာလည်း နေရာအသီးသီးကို ကွင်းဆင်းပြီးလုပ်မယ်။ တခြားမြို့နယ်တွေ မှာလည်း ဒီလိုဘဲလုပ်သွားမယ်။ ဒီနေ့ကတော့ တက်ရောက်လာတဲ့ သူတွေလောက်ဘဲ လက်မှတ်ထိုးတယ်။ နောက်ပြီး ဒီအစီအစဉ်လုပ်ရတဲ့ ရည်ရွယ်ချက်တွေကိုဘဲ ကျွန်တော်တို့ရှင်းပြတယ်။ ဥပမာ ကျွန်တော်တို့ သယံဇာတတွေ ကို ခံစားခွင့်မရတဲ့အတွက် ရခိုင်ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတယ် ဆိုတဲ့အကြောင်းတွေ၊ တခြားစီးပွားရေးလုပ် ငန်း အခွင့်အလမ်းတွေလည်း ကျွန်တော်တို့မှာမရှိ။ နောက်တခါ တယူနစ်ကို ၄၆၀ ကျပ် လျှပ်စစ်ဖို့ပေးနေရ တာတွေဟာ ဒီနေ့ ရခိုင်ပြည်က ထွက်ရှိနေတဲ့သယံဇာတတွေကို ကျွန်တော်တို့ရခိုင်ပြည်သူတွေ တစ်စုံတရာ အတိုင်းအတာအထိ ခံစားပိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာတွေကို ရှင်းလင်းပွဲလုပ် တယ်။ အဲဒါပြီးတာနဲ့ ကျွန်တော်တို့ လက်မှတ်ထိုးတာတွေကို စပြီးလုပ်ကြတယ်။

ဒီလက်မှတ်ကောက်ခံတဲ့ အစီအစဉ်ကို ဘယ်လောက်အချိန်ယူပြီးလုပ်ဖို့ စီစဉ်ထားပါလည်း။

ဦးခိုင်ပြည်စိုး။ ။ ကျွန်တော်တို့က ဒီ Campign မှာ လူဦးရေ ၃ သိန်းကို ခန့်မှန်းထားတဲ့အတွက် ၂ လ သတ် မှတ်ထားပါတယ်။ ဘာကြောင့်လည်းဆိုရင် မိုးရာသီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ သွားရလာရတာ အခက် အခဲရှိတယ်။ ဒါကြောင့် အချိန် ၂လအထိ ယူပြီးလုပ်မယ်။ ၂ လမပြည့်မီ ကျွန်တော်တို့ ဒီလက်မှတ်တွေ ရနိုင်ပါတယ်။

ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတတွေကို အစိုးရက အပိုင်စီးပြီး နိုင်ငံခြားတွေကို ရောင်းစားနေတဲ့အတွက်။ အခုလို လက်မှတ်စုဆောင်းတဲ့ အစီအစဉ်ကို ဆရာတို့နိုင်ငံရေးပါတီတခုက ဦးဆောင်ပြီးလုပ်ရင် အစိုးရနဲ့ ဆရာ တို့ကြားမှာ နားလည်မှု လွဲမှားတာတွေ မဖြစ်နိုင်ဘူးလား။

ဦးခိုင်ပြည်စိုး။ ။ အစိုးရနဲ့ ကျွန်တော်တို့ပါတီကြားမှာ တစုံတရာ နားလည်မှုလွဲမှားနိုင်စရာမရှိ။ ဘာကြောင်း လည်းဆိုရင် ဒီနေ့ ပြည်ထောင်စုအစိုးရကိုယ်တိုင်ကလည်း ဒီမိုကရေစီအစိုးရ ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုပြီး သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရတခု ဖြစ်ရမယ်။ အုပ်ချုပ်တဲ့စနစ်ဟာလည်း သန့်ရှင်းတဲ့စနစ်ဖြစ်ရ မယ် ဆိုပြီး သူတို့ကိုယ်တိုင် ကျယ်ကျယ်လောင်လောင် ပြောထားတယ်။ နောက်တခါ ကျွန်တော်တို့ ပါတီကလည်း ရခိုင်ပြည်သူကို ကိုယ်စားပြုပြီးဖွဲ့ထားတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း သာ ကျွန်တော်တို့လုပ်ရမယ်။ လွတ်တော်ကလည်း “ပြည်သူ့အသံ လွတ်တော်အသံ”လို့ဆိုတဲ့အတွက်နဲ့ ရခိုင်ပြည်သူတွေရဲ့ အသံ၊ ဆန္ဒသည်လည်း လွှတ်တော်အသံဖြစ်ရမယ်လို့ ကျွန်တော်တို့က ဒီလိုယုံကြည် တယ်။ ဒါကြောင့် ဒီကိစ္စမှာ အစိုးရက တစ်စုံတရာ နားလည်မှုမလွဲနိုင်ပါ။ ကျွန်တော်တို့ ပြည်သူတွေမှာ ပွင့်ပွင့် လင်းလင်း တင်ပြပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ဒီလို လူထုစစ်တမ်းကောက်ယူမှုတွေ ကို လုပ်ပိုင်ခွင့်ရှိ တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ ထို့အတူ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့လည်း ကိုက်ညီတဲ့ အတွက် ကျွန်တော်တို့က အစိုးရအနေနဲ့ နားလည်မှုမလွဲမှားနိုင်လို့ ကျွန်တော်တို့ ယုံကြည်တယ်။

ရခိုင်က ထွက်တဲ့ သယံဇာတကို ရခိုင်ပြည်သူတွေ တစ်စုံတရာမခံစားရတဲ့အတွက် ရခိုင်ပြည်သူတွေ ဘယ်လိုနေ ရာတွေမှာ နစ်နာနေရတယ်လို့ ဆရာတို့တွေ့ရပါလည်း။

ဦးခိုင်ပြည်စိုး။ ။ နစ်နာမှုတွေကတော့ ကျောက်ဖြူဒေသတွေမှာဆိုရင် လယ်သမားတွေ လယ်ယာမြေဆုံးရှုံး ခံနေရ တာတွေ ရှိတယ်။ ကျွန်တော်တို့ စစ်တွေမြို့မှာဆိုရင် ESSER ကုမ္ပဏီကြောင့် တချို့နေရာတွေမှာ ရေနံ တူးဖော်မှုကြောင့် လယ်ယာမြေ ပျက်စီးသွားတာတွေ ရှိတယ်။ တောင်သူ လယ်သမားတွေ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိတယ်။ နောက်တခါ ကျောက်ဖြူက ဖြတ်သွားတဲ့ ပိုက်လိုင်းဟာ ရမ်းဗြဲကျွန်း၊ အမ်းမြို့နယ်တွေက ပိုင်လိုင်းတလျှောက်က ဒေသခံတွေရဲ့ စိုက်ပျိုးခြံ၊ ဥယာဉ်ခြံ၊ လယ်ယာမြေ၊ စားကျက်ကွင်းအားလုံး ဆုံးရှုံးသွား တဲ့အတွက် ရခိုင်ပြည်သူတွေ တနိုင်တပိုင်လုပ်စားနေတဲ့ စီးပွားရေးတွေလည်း ပျက်စီးသွားသလို ရမ်းဗြဲကျွန်းက ဒေသခံတွေ အရင်က တနိုင်တပိုင်လုပ်စားနေတဲ့ လက်ယက်တွင်း ရေနံလုပ်ငန်းတွေလည်း ဆုံးရှုံးသွားရတယ်။ ဒါတွေဟာ ရခိုင်ပြည်သူတွေရဲ့ နိစ္စဓူဝ တစ်နပ်စာ ရှာစားနေတဲ့ စီးပွားရေးအခြေအနေတွေ အားလုံးပျက်စီး သွား သလို သဘာဝပတ်ဝန်းကျင်တွေလည်း ထိခိုက်နေတယ်ဆိုတာတွေကို ကျွန်တော်တို့ တွေ့ရှိရတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ-မောင်အေး)

No comments: