Wednesday, August 21, 2013

သံတွဲတွင် လူ ငါးရာကျော် ရေဘေးသင့်

ငပလီကမ်းခြေ တည်ရှိခြင်းကြောင့် နာမည်ကျော်သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် သုံးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူဦးရေ ၅၀၀ ကျော်ကို စခန်း ခြောက်ခု ဖွင့်ကာ ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးထားရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က ပြောကြားသည်။

မိုး သုံးရက် ဆက်တိုက် ရွာသွန်းပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ သံတွဲမြို့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၇ တို့တွင် ရေကြီးခြင်းဖြစ်ပြီး အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေအားဖြင့် ၅၀၀ ကျော်ကို ဘေးလွှတ်ရာ သို့ ပြောင်းရွှေ့ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံတွဲမြို့ရှိ နေရာ အများအပြားတွင် ငါးပေခန့် ရေကြီးခဲ့ပြီး ဈေး၊ ဆေးရုံ၊ လူနေအိမ်များ နစ်မြုပ်ခဲ့ ကြောင်း၊ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရေပြန် လျော့ကျနေပြီ ဖြစ်ကြောင်း သံတွဲ မြို့ခံများက ပြောကြားကြ သည်။

“တချို့ အိမ်တွေဆို ခေါင်မိုးထိ မြုပ်တယ်။ တချို့နေရာတွေမှာ လှေစီးလို့ပဲ သွားလို့ ရတယ်” ဟု သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမြင့်မိုးက ဆိုသည်။

ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများအပြင် ဘုန်းတော်ကြီး ကျောင်း များနှင့် ကုန်းမြင့်တွင်ရှိသည့် လူနေအိမ်များကိုလည်း ပြောင်းရွှေ့နေ ကြကြောင်း၊ အဆိုပါ ဘေးဒုက္ခရောက်သူများကို ထမင်းထုပ်များ ဝေနေ ရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

လွန်ခဲ့သည့် လပိုင်းက သံတွဲတွင် မီးရှို့မှုများ အစပြုခဲ့သည့် တောင်ကုတ်မြို့ခံ အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်မှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူများကို စွဲချက်တင် မတင် သြဂုတ်လ ၂၀ ရက်နေ့တွင် ဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း တရားရုံး ရေမြုပ်နေသဖြင့် ယင်းအစီအစဉ် ပျက်သွား ခဲ့ကြောင်း သံတွဲ မြို့ခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် လပိုင်းကလည်း မင်းပြား၊ မြောက်ဦး၊ စစ်တွေ အပါအဝင် မြို့နယ် အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: