Tuesday, August 20, 2013

ရခိုင့် သယံဇာတ အကျိုးခံစားခွင့် လှုပ်ရှားမှု တစ်ရက်အတွင်း ထောက်ခံလက်မှတ် ထောင်ချီ ရရှိ


ရခိုင်ပြည်နယ်က ထွက်သည့် သယံဇာတများကို ဒေသလူထု အများဆုံး ခံစားခွင့်ရရေး လူထုဆန္ဒ လက်မှတ် ကောက်ယူ လှုပ်ရှားမှုကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၌ သြဂုတ်လ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး ယင်းနေ့တွင် ထောက်ခံ လက်မှတ်ပေါင်း ၃၉၀၀ ကျော် ရရှိခဲ့ကြောင်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီများထံမှ စုံစမ်း သိရှိရသည်။

လှုပ်ရှားမှု စတင်သည့်နေ့တွင် သယံဇာတ အကျိုးခံစားခွင့် ရရှိရေးနှင့် လက်မှတ် ကောက်ခံမှု ကိစ္စများကို အဓိကထား ရှင်းလင်းခဲ့ပြီး ရရှိသည့် လက်မှတ်များမှာ အဆိုပါ အခမ်းအနားကို တက်ရောက်သူများက လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း၊ လက်မှတ် ကောက်ယူမှုကို သြဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီ တာဝန်ခံ ဦးခိုင်ပြည်စိုးက The Voice သို့ ပြောကြားသည်။

ရခိုင့်သယံဇာတ အကျိုးခံစားခွင့် လှုပ်ရှားမှုဟု ခေါ်ဆိုသော်လည်း ယင်းလှုပ်ရှားမှုသည် တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်ပြီး တိုင်းရင်းသား တိုင်း၏ သယံဇာတ အကျိုးခံစားခွင့် အတွက်ပါ ရည်ရွယ်၍ ပြုလုပ် ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

ကောက်ခံ၍ ရရှိသော လက်မှတ်များကို လွှတ်တော် ဥက္ကဋ္ဌများနှင့် နိုင်ငံတော် သမ္မတတို့ထံ တင်ပြသွားမည် ဖြစ်ပြီး လွှတ်တော် တစ်ရပ်ရပ်တွင် တိုင်းရင်းသား သယံဇာတအကျိုး ခွဲဝေ ခံစားခွင့် ဥပဒေ ရေးဆွဲရေး အဆို တင်သွင်းနိုင်သည်ထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

သယံဇာတ အကျိုးခံစားခွင့် ရရှိရေးနှင့် လက်မှတ် ကောက်ခံမှု ရှင်းလင်းပွဲကို ရခိုင်ပြည်နယ်ရှိ မြို့နယ် အားလုံးတွင် သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း တွင် ထောက်ခံ လက်မှတ်ပေါင်း ၅၀၀ ကျော် ရရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၃၄၀၀ ကျော် ရရှိခဲ့ကြောင်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီထံမှ သိရှိရသည်။

“ရခိုင်ကထွက်တဲ့ သယံဇာတတွေကို ပြည်ထောင်စုကလည်း အတိုင်းအတာ တစ်ခုထိ ပိုင်သလို ရခိုင် တိုင်းရင်းသားတွေလည်း ပိုင်ဆိုင်ခွင့် ရသင့်တယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ကူမင်းမြို့ ထိ ဖောက်လုပ်ထားသည့် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပို့ဆောင်နေပြီဖြစ်ပြီး ရခိုင် တိုင်းရင်းသားများအတွက် ပေးမည့် ပမာဏမှာ အလွန် နည်းပါးကြောင်း ရခိုင် ဒေသခံများက ဝေဖန်ကြသည်။

သက်ဆိုင်ရာ ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသထွက် သယံဇာတများကို ယခု ရရှိနေသည့် ပမာဏထက် ပိုရသင့်ကြောင်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အသက် ၂၂ နှစ်အရွယ်ရှိ ဦးအေးချမ်းအောင်က ပြော ကြားသည်။

ယင်းပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ပို့လွှတ်နေမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ကုဗပေ သန်း ၂၀ ရရှိမည် ဖြစ်ကြောင်း အစိုးရက တရားဝင် ထုတ် ပြန်ထားသည်။ ရခိုင့်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကော်မတီကို ရခိုင် ကျောက်ဖြူ-တရုတ် ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှု မစတင်မီ ရက်ပိုင်းခန့် အလိုတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ (RNDP) ဌာနချုပ် ရုံးတွင် ဇူလိုင် ၂၅ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

ကောင်းဆက်နိုင်

(သတင်းအရင်းအမြစ်- The Voice Weekly)

No comments: