Monday, August 19, 2013

ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် စီးပွားရေးကျဆင်း ဖွံ့ဖြိုးမှု ထိခိုက်ဟုဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိနေသော ပဋိပက္ခများကြောင့် ၎င်းပြည်နယ်၏ စီးပွားရေးကျဆင်းပြီး ဖွံ့ဖြိုးမှုနူန်းထိခိုက်လာသည်ဟုရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အများအားဖြင့် ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အစဉ်အဆက် လုပ်ကိုင်ခဲ့ပြီး ယခုလောလောဆယ် ဖြစ်ပွားလျက်ရှိနေသော ဘင်္ဂါလီအရေးကိစ္စများကြောင့် ရခိုင်ပြည်သူ၊ ပြည်သားအများစု စီးပွားရေးကို စိတ်ချလက်ချမလုပ်ကိုင်နိုင်ကြဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးခိုင်ကျော်မိုးက ယမန်နေ့ကကျင်းပသော ရွှေသဘာဝဓာတ်ငွေ့ စီမံ ကိန်းဆိုင်ရာပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်၏ စီးပွားရေအခြေအနေမှာ လုံခြုံရေးပြဿနာများကြောင့် အခက်အခဲ ဖြစ်လာရသည်ဟု ရခိုင်ပြည်နယ် စစ်တွေမဲဆန္ဒနယ်အမှတ်-၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ရှင်းပြသည်။

ရေလုပ်ငန်းတွင် ပင်လယ်ပြင်ထွက်၍ သိပ်မဖမ်းရဲကြတော့သလို ၊လယ်ယာကဏ္ဍတွင် ပဋိပက္ခဖြစ်ပွားလျက်ရှိသော လယ်ယာမြေများတွင် နှစ်ဦးနှစ်ဖက်လုံး မည်သူ့ဘက်ကမှ လယ်ယာထွန်းယက် မစိုက်ပျိုးရဲ ကြတော့ကြောင်း ဆိုသည်။

“ ရေထွက်ပို့ကုန် လုပ်ငန်းမှာဆိုရင် အရမ်းကို ကျဆင်းသွားတယ်။ မနှစ်ကထက် ၅၀ ရာခိုင်နှုန်းနီးပါးလောက်ကို ကျသွားတယ်၊ ပုစွန်ဘာတို့ကို ဘင်္ဂလာရှေဒ့်ကို မပြို့ကတော့ဘူး ။ နောက်ပြီးနယ်စပ်ကုန်သည် ရေးစခန်းကလည်း ပိတ်လိုက်ဖွင့်လိုက်ဆိုတော့ တင်ပို့မှုကမတည်ငြိမ်တော့ဘူး”ဟု ဦးအောင်မြကျော်က ဆက်လက်ပြောသည်။

ယခင်နှစ်များက ယခုကဲ့သို့မိုးရာသီလများတွင်စက်လှေတစ်စင်းလျှင်ပုစွန်ကောင်ရေပိဿာတစ်သောင်းခန့် ဖမ်းမိသော်လည်း ယခုအခါတွင် ပိဿာချိန် တစ်ထောင်ခန့်သာ ဖမ်းမိနိုင်တော့ကြောင်း၎င်း ကဆိုသည်။

ပဋိပက္ခများ၏အရှိန်ကြောင့်စိတ်ပူပင်မှုများရှိကာ ဝေးဝေးလံလံငါးဖမ်းမထွက်ကြတော့ဘဲတစ်နိုင်တစ်ပိုင်သာ ဖမ်းကြတော့သည်ဟု ဆိုသည်။

“အရင်တုန်းကဆိုရင် စစ်တွေမှာငါးတို့၊ ပုစွန်တို့ကိုသယ်တဲ့ ကုန်တင်ကားတွေ ဒီချိန်ဆိုရင် စုပုံနေတာပဲ ခုနှစ်ရာသီ မှာတော့ နည်းနည်းပဲရှိတော့တယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

“ဒီပြည်နယ်ကထွက်တဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းထုတ်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့ပက်သက်တဲ့ ထုတ်ကုန်တွေ တော်တော် များများ ကျဆင်းနေတယ် ” ဟု ဦးဇော်အေးမောင်က ဆိုသည်။

“ငါးဖမ်းတဲ့သူတွေဆိုရင်လည်း ဝေးဝေးလံလံ မသွားရဲဘူး။ အဲဒီတော့မိသားစုဝင် ငွေတွေလည်း ကျဆင်းလာတယ်”ဟု ဦးခိုင်ကျော်မိုးကဆိုသည။်

ရခိုင်ပြည်နယ်တွင် ပြုလုပ်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ သဘာဝဓာတ်ငွေ့ ရရှိမှုပမာဏမှာ များပြားပြီး အကျိုးအမြတ်များစွာရရှိသော်လည်း ရခိုင်ပြည်သူပြည်သားများအတွက် အလုပ်အကိုင်နှင့် လျှပ်စစ်မီးများ၊ မရှိကြောင်း၊ ယင်းပြည်နယ်သို့ ရရှိလာသော အကျိုးအမြတ်ကိုလည်း ခွဲဝေပေးခြင်း မရှိကြောင်း ဒေသခံများက
ဝေဖန်ပြောကြားလျက်ရှိသည်။

“ဒီစီမံကိန်းကြောင့် ပင်လယ်ငါးဖမ်းရေပြင်ဧရိယာ တော်တော်များများဆုံးရှုံးရသလို၊ ပိုက်လိုင်းတွေကြောင့် လယ်ယာမြေလည်း ဆုံးရှုံးရတယ်”ဟု ဦးခိုင်ကျော်မိုးက ရှင်းပြသည်။

ဖြစ်ပွားခဲ့သော ပဋိပက္ခမျာကြောင့်ရခိုင်ပြည်သူ၊ ပြည်သားများ၏ စီးပွာရေးမပြေလည်မှုမှာ ယခင်ထက် ဆိုးရွားလာပြီး အမျိုးသမီးအများစုမှာ ရန်ကုန်သို့လာရောက်၍ အလုပ်လုပ်ကိုင်ကြကြောင်း၊ ယခုလောလောဆယ် ကျောင်းဆရာမ များ အလုပ်ခေါ်ယူသောကြောင့် အများစုမှာ အလုပ်သွားလျှောက်ကြ ကြောင်း ရခိုင်တိုင်းရင်းသား စုဘူးအသင်းမှဒေါ်အေးကျော့ဆန်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ချင်းပြည်နယ်ထက်ပင် ဂျီဒီပီကျဆင်းလျက်ရှိသည်ဟု ဦးဇော်အေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း တစ်သိန်း ၀န်းကျင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူ ၁၄၀ ခန့် သေဆုံးခဲ့ရသည်။
(သတင်းအရင်းအမြစ်- Mizzima Burmese)

No comments: