Monday, August 19, 2013

ရခိုင်သယံဇာတ အကျိုးစီးပွားများကို ရခိုင်ပြည်သူ ပြည်သားများ ခံစားခွင့်ရရှိစေရန် တောင်းဆိုမှု ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများ စတင်


ရခိုင်သယံဇာတ အကျိုးစီးပွားများကို ရခိုင်ပြည်သူ ပြည်သားများ ခံစားခွင့် ရရှိစေရန် တောင်းဆိုမှု ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများ သြဂုတ် ၁၈ ရက်မှ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရခိုင်တစ်ပြည်နယ်လုံး ဆန္ဒပြုလက်မှတ် စုဆောင်းခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲများအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကြီးမှူးကာ ရခိုင်ပြည်နယ် တစ်ဝန်းလုံးရှိ မြို့နယ်တိုင်း၌ တစ်ချိန်တည်းတွင် လုပ်ဆောင်ခဲ့ပြီး လက်မှတ်ရေးထိုးခြင်းများ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြုလက်မှတ် ရေးထိုးခြင်းအား "ရခိုင်သယံဇာတ အကျိုးခံစားခွင့် ရရှိရေး အားလုံးပါဝင်လက်မှတ် ရေးထိုးပေး" ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြုလက်မှတ် ရေးထိုးခြင်း၏ ရည်ရွယ်ချက်မှာ (၁) ရခိုင်ပြည်ရှိ သဘာဝ သယံဇာတများမှ ရရှိသည့် အကျိုးအမြတ်များကို ရခိုင်ပြည်သူများ ပိုင်ဆိုင်ခွင့် ရရှိရေး၊ (၂) ရခိုင်ပြည်မှ ထွက်ရှိသည့် သယံဇာတများကို ခွဲဝေပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့် ရရှိရေး၊ (၃) ရခိုင်ပြည်မှ ထွက်ရှိသည့် သဘာဝ သယံဇာတ အကျိုးအမြတ်ဖြင့် ရခိုင်ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်အောင် ဖော်ဆောင်ရေး၊ (၄) အလုပ်လက်မဲ့ ပြဿနာကြောင့် ဒေသစွန့်ခွာ နေသူများကို သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ (၅) သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ရေး၊ (၆) သဘာဝ သယံဇာတမှ ရရှိသည့် အကျိုးအမြတ်ဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးနှင့် မီတာခဈေးနှုန်း ပြည်မနှင့် တစ်ပြေးညီ ဖြစ်စေရေးတို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ မြို့နယ်ခွဲ၊ ကျေးရွာများတွင် ရခိုင်သယံဇာတများ အကျိုးခံစားခွင့် ရရှိရေး ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး လူပေါင်းသုံးသိန်းထက် မနည်းသော လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ "ဒေသခံတို့ ရရှိမယ့် အခွင့်အရေးကို တရားဥပဒေ နည်းလမ်းအရ ရရှိအောင် တောင်းဆိုခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အရေနိုင်ငံတော် သမ္မတထံကို နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်ချက် မရရှိခဲ့လို့ ထပ်မံတောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဦးသန်းထွန်းက ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)


No comments: