Wednesday, August 21, 2013

မောင်တောတွင် လုံခြုံရေးကြောင့် ၀ါတွင်းကာလ အရုဏ်ဆွမ်း လောင်းခြင်းများ ရပ်နားထားရ

C-21-8
မောင်တောမြို့တွင် ၂၀၁၁ ခုနှစ်အတွင်းက အရုဏ်ဆွမ်း လောင်းလှူပွဲအား တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမောင်)
လုံခြုံရေး အနေအထားရ ၀ါတွင်းကာလ အရုဏ်ဆွမ်း လောင်းခြင်းများကို မောင်တောတွင် ရပ်နားထားရကြောင်း သတင်းရရှိသည်။
မောင်တောမြို့ပေါ်ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများတွင် ၀ါတွင်းကာလ ၀ါကပ်သံဃာတော်များအား ရပ်ကွက်အသီးသီးတွင် နေ့အလိုက် အလှည့်ကျ အရုဏ်ဆွမ်း လောင်းလှူခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လုံခြုံရေး အနေအထားအရသော် လည်းကောင်း၊ ညမထွက်ရအမိန့် ရှိနေသေးသဖြင့် လည်းကောင်း ယင်းသို့ ဆွမ်းလှူဒါန်းခြင်းများအား ရပ်နားထားရခြင်း ဖြစ်ကြောင်းလည်း မြို့ခံများထံမှ သိရသည်။
သို့အတွက် မောင်တောခရိုင်အတွင်း ကျောင်းများတွင် ၀ါကပ်သံဃာတော်များ အရုဏ်ဆွမ်းအတွက် ဆွမ်းကပ်နိုင်ရန် ဆွမ်းဆန်လိုအပ်ချက်များ ရှိနေကြောင်းလည်း သိရသည်။
"၀ါတွင်းကာလမှာ ၀ါကပ်သံဃာတော်တွေကို အရုဏ်ဆွမ်းလောင်းတဲ့ အလေ့အထက မောင်တောမှာ နှစ်စဉ်ပြုနေကျ အလုပ်ဖြစ်ပါတယ်။ ရပ်ကွက်တိုင်းမှာ ကိုယ့်နေ့နဲ့ကိုယ် အလှည့်ကျ ဆွမ်းလောင်းကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က မောင်တောအကြမ်းဖက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ လုံခြုံရေး အနေအထားအရ ဆွမ်းလောင်းလှူဒါန်းတာကို ရပ်ထားရတာ ဖြစ်ပါတယ်။ ဒီအတွက် သံဃာတော်တွေ ဆွမ်းအခက်အခဲ မရှိစေရေး ဆွမ်းဆန်နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို မြို့သူမြို့သားတွေက လှူဒါန်းခဲ့ပါတယ်။ ဒီနှစ်မှာလည်း တိုင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ လှူဒါန်းပါတယ်။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မနက်အစောကြီး ကတည်းက ဘင်္ဂါလီ ရပ်ကွက်တွေကို ဖြတ်လာရမှာ ဖြစ်တဲ့အတွက် တစ်စုံတစ်ခု အနှောင့်အယှက်တွေဖြစ်ရင် ကောင်းမှာမဟုတ်ဘူး ဆိုပြီးတော့ လုံခြုံရေး အနေအထားအရ ရပ်ထားရခြင်း ဖြစ်ပါတယ်" ဟု မောင်တောမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။
လွန်ခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု ဖြစ်ပြီးနောက်ပိုင်းတွင် ထုတ်ပြန်ထားခဲ့သည့် ပုဒ်မ ၁၄၄ အမိန့်မှာ ရှစ်ကြိမ်မြောက် သက်တမ်းတိုးခဲ့ပြီး လက်ရှိတွင် ဒေသတည်ငြိမ် နေသည်ဟု ဆိုရသော်လည်း ကောလာဟလ သတင်းမျိုးစုံ နေ့စဉ်ထွက်နေသေးကြောင်းနှင့် မောင်တောခရိုင်အတွင်း သွားရေးလာရေးတွင် လုံခြုံမှု မရှိသေးသဖြင့် ဂရုတစိုက် သွားလာနေရကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: