လွန်ခဲ့သော စက်တင်ဘာ ၁၃ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ရုံးတွင် ALP နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား စစ်မှန်သော ပေါင်းစည်းမှု ရရှိနိုင်ရန် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်သူလူထုများ မျှော်လင့်တောင်းတနေကြသော RNDP နှင့် ALD ပါတီတို့ ပေါင်းစည်းပြီးနောက် ALP နှင့် AA တပ်မတော်တို့ ဖြစ်သည်။ ရခိုင်ပြည်သူလူထုများ မျှော်လင့်တောင်းတနေကြသော RNDP နှင့် ALD ပါတီတို့ ပေါင်းစည်းပြီးနောက် ALP နှင့် AA တပ်မတော်တို့ ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် အချင်းချင်းကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး နှင့် ပေါင်းစည်းရေးတို့ကို အလေးပေး ဆွေးနွေးခဲ့ပြီး စစ်မှန်သော ပေါင်းစည်းမှုကို ရရှိလာစေရန် အဆင့်ဆင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ဆောင်နေသော အဖွဲ့အစည်းများအကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လိုအပ်ပြီး အမျိုးသားရေး ဘုံရည်ရွယ်ချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် ယုံကြည်မှုများကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်ကြောင်း ရက္ခိုင့် တပ်မတော် (AA)မှ ထိုင်းဖက်ဆိုင်ရာ စစ်ဒေသ တာဝန်ခံ ဗိုလ်မှူး ကျော်ဟန်က ယခုလို ပြောသည်။
" အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားမှာ ချစ်ခင်နားလည်မှုတွေ တစုံတရာ ရှိနေပေမယ့်လည်း အချင်းချင်း နားလည်မှု၊ ယုံကြည်မှုတို့ကို တရားဝင် တည်ဆောက်သွားမယ့် ကိစ္စရပ်တွေကို အမျိုးသားရေး မူဘောင် အတွင်းမှာ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်တယ်။ အဲဒီ အမြင်ပေါ်မှာပဲ နားလည်မှု တည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို တစ်ဆင့်ချင်းစီ အကောင်အထည် ဖော်သွားမှာဖြစ်တယ်။ " ဟု ပြောသည်။
ထိုသို့ စစ်မှန်သောပေါင်းစည်းမှု ရရှိရန်အတွက် အချင်းချင်းကြား အပြန်အလှန် နားလည်မှု တည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဆင့်အဆင့် ဆွေးနွေးသွားနိုင်ရနှ်၊ ညီညွတ်ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးသွားရန် ကိုယ်စားလှယ်များအဖြစ် AA ဖက်မှ ဗိုလ်မှူး ကျော်ဟန်နှင့် ALP ဖက်မှ ယာယီကိုယ်စားလှယ် အတွင်းရေးမှူး ခိုင်သုခတို့မှ တာဝန်ယူထားကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဌ ဦးခိုင်ရဲခိုင်၊ ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ တွဲဖက် အတွင်းရေးမှူး ခိုင်ထွန်းလင်း၊ ရမ္မာဝတီ တပ်ရင်းမှူး ဗိုလ်မှူးချုပ် ခိုင်ဖြိုးမင်းနှင့် ရမ္မာဝတီ တပ်ခွဲမှူး ခိုင်နေမျိုးတို့ တက်ရောက်ပြီး ရက္ခိုင့်တပ်မတော် (AA) ဖက်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူး ကျော်ဟန်နှင့် ဗိုလ်ကြီး ရဲခိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုအကြိမ် ဆွေးနွေးပွဲသည် ပထမဆုံးဖြစ်ပြီး နေ့လယ် ၂ နာရီမှ ညနေ ၆ နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရအနေနဲ့ လက်ရှိရခိုင်ပြည်၏ လုံခြုံရေးအခြေအနေအား သတိထား ဆောင်ရွက်နေသည်ဟု ယူဆကြောင်း၊ ALP အနေနဲ့လည်း မြန်မာအစိုးရမှ ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ၄င်းတို့မှ အားပေး အားမြှောက်လုပ်သည်ဟု စွပ်စွဲခံထားရပြီး မယုံကြည်မှုများ ရှိနေသောကြောင့် လုပ်ကိုင်ရာတွင် အခက်အခဲ ရှိနေကြောင်းကို ရခိုင်လွတ်မြောက်ရေးပါတီ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်မှ ယခုလိုပြောသည်။
" မြန်မာအစိုးရအနေနဲ့ကတော့ ရခိုင်ပြည် လုံခြုံရေးနှင့် ပတ်သက်ပြီးတော့ သတိထားပြီး တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ အထူးသဖြင့် မူဆလင်နိုင်ငံတွေရဲ့ ဖိအားကို စိုးရိမ်မှုတွေ ရှိတယ်။ အဲဒီအပေါ်မှာ တိတိကျကျ အကောင်အထည်ဖေါ်ဖို့ သူတို့မှာ အခက်အခဲရှိနေတဲ့ပုံ ပေါ်တယ်လို့ သုံးသပ်တယ်။ ကျွန်တော်နှင့် ဦးအောင်မင်း တွေ့တဲ့အခါမှာ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရကို ALP အနေနဲ့ အတိုင်းအတာတစ်ခုအထိ ကူညီနိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောဖူးတယ်။ ကျွန်တော်တို့က ရခိုင်ပြည် အိန္ဒိယ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ နှစ်ပေါင်း ၄၀ ကျော် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အခြေအနေ၊ အိန္ဒိယ အခြေအနေ၊ ရခိုင်ပြည်သူတွေရဲ့ အခြေအနေတွေကို တစ်စုံတစ်ရာ အတိုင်းအတာထိ သိတယ်။ အဲဒါကို ခင်ဗျားတို့ ယုံကြည်ရင် ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ နိုင်ငံတော် အစိုးရကိုအများကြီး ကူညီနိုင်တယ်လို့၊ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော်တို့ကို မယုံဘူးစတဲ့ ပုံစံမျိုးနဲ့တော့ ပြောဆိုခဲ့တာတွေရှိတယ်။ သူတို့ဖက်က ဘာမှပြန်ပြီးမပြောဘူး။ နားထောင်ရုံပဲ နားထောင်တယ်။ " ဟုပြောသည်။
လက်ရှိ ရခိုင်ပြည်တွင် လုံခြုံရေးကို အကြောင်းပြပြီး တပ်ရင်းများလာလေ ရခိုင်ပြည်သူလုံခြုံရေး ကင်းမဲ့လာလေ၊ စိုးရိမ်ထိတ်လန့်စရာ ပိုများလာလေ ဖြစ်ကြောင်း၊ တပ်ရင်းတစ်ခု တိုးချဲ့တိုင်း ၄င်းတပ်ရင်း၏ တပ်မိသားစု စားဝတ်နေရေးကို အကြောင်းပြပြီး လယ်မြေသိမ်းခံရမှုနှင့် အခြားအကြောင်းပြချက်များကြောင့် ရခိုင်ပြည်သူများ၏ လုံခြုံရေးကို စိုးရိမ်ထိတ်လန့်နေရကြောင်း ဗိုလ်မှူး ကျော်ဟန်မှ ယခုလို ပြောသည်။
" မြန်မာအစိုးရအဆက်ဆက် ရခိုင်ပြည်သူတရပ်လုံးကို လုံခြုံရေး တာဝန်ယူမှုထက် တာဝန်မဲ့မှုက ပိုများပါတယ်။ လုံခြုံရေးကို အကြောင်းပြပြီး ချလာတဲ့တပ်ရင်းတွေ ရခိုင်ပြည်မှာ များလာလေ ရခိုင်ပြည်သူတွေရဲ့လုံခြုံရေး ကင်းမဲ့လာလေ၊ စိုးရိမ်ထိတ်လန့်စရာ ပိုများလာလေပါပဲ။ တပ်ရင်းတစ်ခု တိုးချဲ့တိုင်း တပ်မိသားစု စားဝတ်နေရေးကို အကြောင်းပြပြီး လယ်မြေသိမ်းတာနှင့် အခြား အကြောင်းပြချက်တွေအတွက် ရခိုင်ပြည်သူတွေက ဝမ်းစာထုတ်ပေးရတဲ့အခြေအနေပါ။ အဲဒါကြောင့် စစ်တပ်တစ်ခု အခြေစိုက်တိုင်း နီးစပ်ရာ နယ်မြေက ရခိုင်ပြည်သူတွေရဲ့လုံခြုံရေး စိုးရိမ်ထိတ်လန့် နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရခိုင်ပြည်သူ လုံခြုံရေးနှင့် အစိုးရငွေ လုံခြုံရေးကို ဥပမာ ပြရမယ်ဆိုရင် ၁၉၈၆ မှာ မင်းပြားမြို့နယ်ဘဏ်ကို ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)က၀င်ပြီး သိမ်းခဲ့တဲ့အခါ ရခိုင်ပြည်အနှံ့စစ်တပ်၊ ရေတပ်နှင့် လေတပ်တွေကို (၈)နာရီအတွင်းမှာ ဖြန့်ကြက်ချထားပြီးတော့ ပိတ်ဆို့ထားနိုင်အောင် လုပ်ခဲ့တယ်။ နောက်ပြီး မောင်တော၊ ဘူးသီးတောင်မှာ ကုလား - ရခိုင်အဓိကရုဏ်းဖြစ်ချိန်မှာ (၄၈) နာရီ ကြာပြီးချိန်မှ စစ်တပ်တချို့ရောက်လာတာကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်တစ်ခုလုံးရဲ့ လုံခြုံရေးကို မြန်မာစစ်အစိုးရရဲ့ အသေးစားဘဏ်တခု လောက်မှ အလေးမထားတာကို ဒီနေ့ထိ တွေ့မြင်နေရတုန်း ဖြစ်ပါတယ်။ " ဟု ပြောသည်။
ရက္ခိုင့်တပ်မတော် (AA) အနေဖြင့်လည်း ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားတည်ဆောက်နေပြီး တစ်ဖက်မှ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ အရေးတို့ကို ကြွေးကြော်သံနှင့်အညီ လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာနေသလို မည်သည့်နေရာမှ မှန်မှန်ကန်ကန်ပါဝင်ပြီး မိမိရည်မှန်းချက်ပန်းတိုင်အတွက် လုပ်သင့်သည်များကို အစွန်းနှစ်ဘက်ကို ရှောင်ရှားပြီး ဆက်စပ်အကောင်အထည်ဖော်နေကြောင်း ဗိုလ်မှူး ကျော်ဟန်မှ ဆက်ပြောသည်။
လက်ရှိ ဦးသိန်းစိန် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ကြိုးပမ်းဆောင်ရွက်နေသော အနေအထား တစ်ခုရှိကြောင်း၊ အထူးသဖြင့် လူထုဆန္ဒကို အဓိကထားပြီးတော့ ဆောင်ရွက်နေတာကို တွေ့နေရကြောင်း၊ လူထုအသံကို အလေးထားတဲ့ ပုံစံမျိုးနဲ့ ဒီမိုကရေစီကို တစ်စုံတစ်ရာ ဖော်ထုတ်ပေးတဲ့ အနေအထားမျိုး တွေ့လာရကြောင်း၊ ရခိုင်ပြည်သူများအနေဖြင့် မိမိပြည်နယ်က ထွက်ရှိသော သယံဇတများ၏ အကျိုးခံစားခွင့်၊ မိမိပြည်နယ်မှာ သုံးခွင့်၊ အထူးသဖြင့် လျှပ်စစ်မီးရရှိရန် ဂတ်စ်ကို အနည်းဆုံး ၃၀% သုံးစွဲခွင့် ဆန္ဒကို ဖော်ထုတ်ကြရန် ဦးခိုင်စိုးနိုင်အောင်မှ တိုက်တွန်းထားသည်။
ယနေ့အချိန်တွင် ရခိုင်ပြည်သည် မြန်မာတစ်နိုင်ငံလုံးတွင် သံယံဇာတအကြွယ်ဝဆုံးဟု ပြောနိုင်ပြီး အလုပ်အကိုင် အရှားပါးဆုံးနှင့် အဆင်းရဲဆုံးအပြင် အလုပ်လုပ်ကိုင်နိုင်သော လူငယ်များ အပြင်ဘက်မှာ ၆၀ % ထိ ရှိနေသည်။ စာသင်ခန်းတွင်လည်း ကျောင်းသား မပြည့်မစုံနှင့် အတောင်မစုံသော ငှက်များနှင့် မခြား ဖြစ်နေပြီး ထိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရ အဆက်ဆက်၏ ရခိုင်ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ဖက် အုပ်ချုပ်နေလာသောကြောင့် ယခုကဲ့သို့ အဖြစ်ဆိုးများကို ပြည်သူတစ်ရပ်လုံး ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတုန်း ဖြစ်ကြောင်း၊ ယခု နောက်ပုံစံတစ်မျိုးနှင့် အစိုးရတစ်ရပ် ပေါ်လာသော်လည်း အစိုးရ၏ လုပ်ကိုင်ပုံနှင့် စီမံခန့်ခွဲနေသော စီမံကိန်းတိုင်းကို သတိကြီးထားပြီး စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ အစိုးရအနေနဲ့ ရခိုင်ပြည်သူတစ်ရပ်လုံး အဖက်ဖက်မှ ချွတ်ခြုံကျနေခြင်းများကို ဖြေရှင်းနိုင်ဖို့နှင့် ရခိုင်ပြည်အ တွင်း နိုင်ငံခြားသား ကျူးကျော်သူအရေး အခြေအနေများကို ကျော်လွန်ရန်အတွက် အစိုးရမှ တာဝန်မယူနိုင် ပါက တာဝန်ယူနိုင်သော အစိုးရကို မိမိတို့ဘာသာ တည်ဆောက်ရန် ကြိုးစားရမည်ဟု ယုံကြည်ကြောင်း၊ ထိုသို့ တည်ဆောက်ရန်အတွက် ရခိုင်ပြည်သူတရပ်လုံးမှ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား တာဝန်ယူရန်အတွက် အရေးကြီးသည်ဟု မြင်ကြောင်း ဗိုလ်မှူး ကျော်ဟန်မှ ပြောသည်။
(သတင်းအရင်းအမြစ်- Arakantimes)