Saturday, September 21, 2013

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေ

I-18-9
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းလုပ်ငန်း လုပ်ဆောင်နေစဉ်

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာများသို့ ကွင်းဆင်းပညာ ပေးနေကြောင်း ရမ်းဗြဲမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သတင်းရရှိသည်။
ရမ်းဗြဲမြို့နယ်အတွင်း အဆိပ်ချ ငါးဖမ်းခြင်း ကဲ့သို့သော တရားမ၀င် ငါးဖမ်းဆီးခြင်းများ ရှိခဲ့သဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။
"ကျေးရွာတွေကိုသွားပြီး ငါးလုပ်ငန်းနဲ့ ပတ်သက်တာတွေ ပညာပေးတဲ့အခါမှာ အဆိပ်ချ ငါးဖမ်းဆီးလို့ ငါးတွေရှားလာမယ် ဆိုတာတွေရယ်၊ အဲဒီလို အဆိပ်ချ ငါးဖမ်းတာ တွေ့ရင်လည်း သတင်းပေးဖို့ အကြောင်းတွေကို ကျေးရွာက ဒေသခံတွေကို ထည့်ပြောတော့ အခုနောက်ပိုင်းမှ သိလာကြပါပြီ။ ၂၀၁၃ ဇန်န၀ါရီလ အတွင်းက သင်းပန်းကိုင် ကျေးရွာအုပ်စုမှာ အဆိပ်ချ ငါးဖမ်းနေတယ်လို့ သတင်းပေးလို့ ညတွင်းချင်း သွားပြီးစစ်ဆေးတဲ့ အခါမှာ လှေပေါ်မှာ အဆိပ်ချငါးဖမ်း ကိရိယာတွေနဲ့ လူသုံးဦးကို ဖမ်းဆီးရမိ ပါတယ်။ အဲဒါကို ပညာပေးအနေနဲ့ ထောင်ဒဏ်သုံးလ ချလိုက်တယ်" ဟု ရမ်းဗြဲမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူးက ဆိုသည်။
ယင်းသို့ တရားမ၀င် ငါးဖမ်းဆီးနည်းများဖြင့် ဖမ်းဆီးခြင်းများကို ရမ်းဗြဲမြို့နယ်က ငါးဖမ်းဆီးသူများ လုပ်ကိုင်ခြင်း မဟုတ်ဘဲ တခြားမြို့နယ်လူများ ကျူးကျော်လာကာ အဆိပ်ချ ငါးဖမ်းဆီးခြင်း ကဲ့သို့သော တရားမ၀င် လုပ်ဆောင်ခြင်းသာ ရှိကြောင်းလည်း သိရသည်။
"ဖမ်းဆီးခွင့် လိုင်စင်မရှိဘဲ ခွင့်မပြုဘဲ ငါးဖမ်းတာတွေကို လုံးဝတားမြစ်ထားပြီးတော့ သတင်းတွေကို စောင့်ကြည့်နေပြီး အချိန်နဲ့ တစ်ပြေးညီ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟုလည်း မြို့နယ်ဦးစီးမှူးက ဆိုသည်။ 
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: