Saturday, September 21, 2013

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့် အရေးကြီး စီမံကိန်းများကို လွှတ်တော်အတည်ပြုချက် ရယူပြီးမှသာ လုပ်ဆောင်သင့်ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့် အရေးကြီး စီမံကိန်းများကို တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုချက် ရယူပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းပြောကြားသည်။
တိုင်းဒေသကြီး တိုးတက်ရေးအတွက် လွှတ်တော်နှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်မှုများ ကောင်းရန်လိုကြောင်း၊ အစိုးရက အုပ်ချုပ်ရေးပိုင်းသာ လုပ်ဆောင်၍ လွှတ်တော်အား တန်ဖိုးမထားဘဲ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေပါက တိုင်းပြည်တိုးတက်မည် မဟုတ်ကြောင်း . . . . .
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်၏ "ပြည်သူ့အကျိုးအတွက် ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးတည်ငြိမ်ရေး စသည့်လုပ်ငန်း ကဏ္ဍများ၏ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်းသော အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရန် တိုက်တွန်းကြောင်း" အဆိုတင်သွင်းမှုအား ၀န်ကြီးဦးဇော်အေးမောင်က ထောက်ခံဆွေးနွေးစဉ် ပြောကြားသည်။
တိုင်းဒေသကြီး တိုးတက်ရေးအတွက် လွှတ်တော်နှင့် အစိုးရ ပူးပေါင်းလုပ်ဆောင်မှုများ ကောင်းရန်လိုကြောင်း၊ အစိုးရက အုပ်ချုပ်ရေးပိုင်းသာ လုပ်ဆောင်၍ လွှတ်တော်အား တန်ဖိုးမထားဘဲ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေပါက တိုင်းပြည်တိုးတက်မည် မဟုတ်ကြောင်း ၀န်ကြီးဦးဇော်အေးမောင်က ပြောကြားသည်။
"ရန်ကုန်တိုင်းဒေသကြီးမှာ အစိုးရအဖွဲ့က ပြောပါလိမ့်မယ်။ ငါတို့ အစီရင်ခံစာတွေ မကြာမကြာ တင်တာပဲ။ ဒါပေမဲ့ တိုင်းဒေသကြီးမှာ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပုဒ်မ ၁၄၄ တွေ ထုတ်ရမယ် ဆိုလို့ရှိရင် လွှတ်တော်မှာ အတည်ပြုဖို့ လိုပါတယ်။ ဒီလိုပဲ နိုင်ငံရေး၊ စီးပွားရေး အရေးကြီးတဲ့ စီမံကိန်းကြီးတွေ လုပ်မယ်ဆိုလို့ရှိရင် လွှတ်တော်အတည်ပြုချက် ရပြီးမှလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုလုပ်မှလည်း အစိုးရနဲ့ ပြည်သူကို ကိုယ်စားပြုသော၊ ပြည်သူက အုပ်ချုပ်သော ဒီမိုကရက်တိုက်ဇေးရှင်းရဲ့ သွားနေတဲ့ လမ်းစဉ်က မှန်ကန်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရအဖွဲ့ကို တိုက်တွန်းလိုတာက အစိုးရအဖွဲ့ရဲ့ ပုံမှန်သာမန် လုပ်နေကျ အလုပ်တွေကို အစီရင်ခံဖို့ပြောတာ မဟုတ်ပါဘူး။ အင်မတန် အရေးကြီးတဲ့ ပရောဂျက်ကြီးတွေ။ ဥပမာအားဖြင့် ပြောရရင် လွှတ်တော်ရဲ့ ရှေ့တည့်တည့်က ၀င်းထဲမှာ အဆောက်အအုံကြီး ဆောက်တယ်။ ဘယ်သူဆောက်လို့ ဆောက်မှန်းမသိဘူး။ ဒါမျိုးတွေကို လွှတ်တော်မှာ အတည်ပြုဖို့ တိုက်တွန်းလိုပါတယ်" ဟု ၀န်ကြီးဦးဇော်အေးမောင်က ပြောကြားသည်။
ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၌ တိုင်းဒေသကြီး အစည်းအဝေးတွင် သက်ဆိုင်ရာမှ အစီရင်ခံစာများ တင်သွင်းရမည်ဖြစ်ပြီး တင်သွင်းသူမှာ အုပ်ချုပ်ရေး အစိုးရအဖွဲ့ဟု ပြဋ္ဌာန်းထားကြောင်း၊ အိန္ဒိယနိုင်ငံတွင် တရားသူကြီးချုပ်သည် တရားစီရင်ရေးအမှု အခြေအနေများကို လွှတ်တော်သို့ တင်သွင်းကြကြောင်း ၎င်းကပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: