Saturday, September 21, 2013

နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (အမေရိကန်)တွင် အမျိုးသမီးတစ်ဦးကို ဥက္ကဌအဖြစ် တင်မြှောက်

WAO-USA
 
WAO ဟု လူသိများသော နိုင်ငံ တကာ ရခိုင်အမျိုးသား အသင်း (အမေရိကန် ပြည်ထောင်စု) တွင် ပထမဆုံး အကြိမ် အဖြစ် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်လိုက်သည်ဟု သတင်း ရရှိသည်။

၎င်းတင်မြှောက်ခြင်း ခံရသူ အမျိုးသမီးမှာ ရခိုင် လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသူ ဒေါ်လှသန်းဝေ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ရွှေးချယ် တင်မြှောက်ခဲ့ကြောင်းကို ၂၀၁၃ ခုနှစ် စက်တင်္ဘာလ (၉) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု) World Arakanse Organization (USA) ၏ ကျေညာချက်တွင် ဖေါ်ပြသည်။

အမျိုးသားများသာ ကြီးစိုးလေ့ရှိသော ရခိုင် လူမူ အဖွဲ့အစည်းများတွင် ယခုကဲ့သို့ အမျိုးသမီး တစ်ဦးအား ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ခြင်းမှာ အလွန်ဝမ်းသာစရာ ဖြစ်ကြောင်း RFA ( ရခိုင်အစီအစဉ်)မှ သတင်း တင်ဆက်သူ မနှင်းသန္တာက ပြောသည်။

“ ရခိုင်အမျိုးသမီး တစ်ယောက် ခုလို ဥက္ကဌ ဖြစ်လာတာကို ကြားရတော့ ၀မ်းသာပါတယ်။ ကျွန်မတို့ ရခိုင်အမျိုးသမီးတွေ အနေနဲ့ ဒီထက်မက ထူးချွန် ပြောင်မြောက်တဲ့ အမျိုးသမီးတွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်း အဖွဲ့၏ ထုတ်ပြန်ကျေညာချက်အရ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု) မှ ပြုလုပ်ခဲ့သော သတ္တမ အကြိမ်မြောက် ညီလာခံမှ ၂၀၁၃- ၂၀၁၄ ခုနှစ် သက်တမ်း အတွက် ဒေါ်လှသန်းဝေ ( ဥက္ကဌ) အပါအ၀င် နာယက ၄ ဦး၊ အလုပ်အမူဆောင် ကော်မီတီ (၁၅) ဦးကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု ဆိုသည်။

နာယကများထဲတွင် ဒေါက်တာ အေးချမ်း၊ ဦးထွန်းဝင်း၊ ဦးထွန်းရွှေနှင့် ဦးစိန်ထွန်းတို့ ဖြစ်ကြသည်။

အလုပ်အမူဆောင်များထဲတွင် ဦးစောဝေဇံက ဒုဥက္ကဌ၊ ဦးသိန်းထွန်းဇံ- အတွင်းရေးမှူး၊ ဦးခိုင်မြင့်သိန်း- တွဲဘက် အတွင်းရေးမှူး၊ ဒေါ်စန်းစန်း – ဘဏ္ဍာရေးမှူး၊ ဒေါ်ကြာဇံလှ- တွဲဘက် ဘဏ္ဍာရေးမှူး၊ ဦးဇော်ဇော်ထွန်း- ပြန်ကြားရေးမှူး၊ ဦးခိုင်မိုးနိုင်- တွဲဘက် ပြန်ကြားရေးမှူး၊ ဦးအောင်လွှင်- စည်းရုံးရေးမှူး၊ ဒေါ်နွယ်ဦး- တွဲဘက် စည်းရုံးရေးမှူး၊ ဒေါ်ကျူကျူ – စာရင်း စစ်မှူးတို့ ဖြစ်ကြသည်။

အလုပ်အမှုဆောင် ကော်မီတီဝင်များ အဖြစ် ဦးခိုင်ကျော်ခိုင်၊ ဦးသိန်းအောင်ကျော်၊ ဒေါ်ဖြူဖြူသိန်းနှင့် ဦးအောင်မိုးဇော်တို့ကို ရွှေးချယ် တင်မြှောက်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း ( အမေရိကန် ပြည်ထောင်စု)၏ ဆောင်ရွက်များ အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရန် အတွက် အသင်းသူ အသင်းသားများနှင့် ရခိုင်အမျိုးသားများက ၀ိုင်းဝန်း ကူညီကြရန် မေတ္တာရပ်ခံကြောင်း ကျေညာချက်ထဲတွင် ဖေါ်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: