Monday, September 9, 2013

အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေး

DNP_3648
 
အလိုတော်ပြည့် ဆရာတော်ကြီးအား ဒေါ်အောင်ဆန်းစုကြည် မှ ယမန်နေ့က လာရောက် ဖူးမျှော်စဉ် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက အလေးပေး ဆွေးနွေးခဲ့ကြသည်ဟု အလိုတော်ပြည့် ကျောင်းတိုက် လက်ထောက်ဆရာတော် အရှင်ဦးကုမာရက နိရဉ္စရာသို့ မိန့်ကြားသည်။

အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ ပြည်တွင်း ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်ကြီးအား နံနက် ၉ နာရီမှ ၁၀ နာရီခွဲ အချိန်ထိ မြန်မာနိုင်ငံတရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဖူးမျှော်စဉ် ထိုသို့ ဆွေးနွေး ခဲ့ကြသည်ဟု အရှင်ကုမာရ (ဦးဇင်းဘီလူး)က ဆိုသည်။

“ ဒီတစ်ကြိမ်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယ အကြိမ် ဆရာတော်ကြီးကို လာရောက် ဖူးမျှော်တာ ဖြစ်ပါတယ်။ အဲသလို လာရောက် ဖူးမျှော်ချိန်မှာ ရခိုင်ပြည်နယ် အတွင်း အရေးအခင်းဖြစ်တာ တနှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်ပေမယ့် ငြိမ်းချမ်းမူ မရနိုင်သေးတဲ့ အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး လူမူရေး ဘာသာရေး ပညာရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟုဆရာတော် ကုမာရက မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အလိုတော်ပြည့် ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် မည်သည့် ကိစ္စရပ်များကို လျှောက်ထား ပြောဆိုခဲ့ပါသလဲဟု မေးမြန်းရာ ဦးဇင်း အရှင်ကုမာရက ယခုလို ဖြေသည်။

“ အဓိကတော့ ဦးဇင်းတို့ ရခိုင်ပြည်နယ် အကြောင်းအရာနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ နေရာမှာ ရခိုင်ပြည်နယ် အတွင်း ပတိပက္ခ ဖြစ်ပွားတာ တနှစ်ကျော်သွားခဲ့ပြီ ဖြစ်ပေမယ် တည်ငြိမ် အေးချမ်းမူ မရဘဲ ဖြစ်နေတဲ့ အပေါ် ဆရာတော်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပြီး အဖြေရှာသွားဖို့ ဆိုတာတွေကို ပြောဆို ဆွေးနွေးကြတာကို တွေ့ရပါတယ်။ တစ်ခြားကတော့ ဘာသာရေး၊ လူမူရေး ကိစ္စတွေကို လျှောက်ထား ပြောဆိုတာကို တွေ့ရပါတယ်” ဟု ပြောသည်။
http://www.narinjara.com/burmese/wp-content/uploads/2013/09/DNP_3663.jpg


အလိုတော်ပြည့် ဆရာတော်ကြီးက ဘာတွေကို ပြောဆိုလိုက်ပါသလဲဟု မေးမြန်းရာ ဦးဇင်း ကုမာရက ယခုလို ဆက်လက် ပြောဆိုသည်။

“ ဆရာတော်ကြီး မိန့်ကြား အထဲမှာ တချို့ဟာတွေက ပြောဆိုနိုင်ပေမယ့် တချို့ဟာတွေက မပြောဆိုနိုင်တာတွေ ရှိတာပေါ့လေ။ ပြောဆိုနိုင်တာကတော့ ရခိုင်ပြည်နယ် မှာ တရား ဥပဒေ စိုးမိုးရေး ကိစ္စ၊ နယ်စပ် လြုံခုံရေး ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ တို့ အပါအ၀င် ရခိုင်ပြည်နယ် စီးပွားရေး ချွတ်ခြုံကျနေတဲ့ ကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း မရှိတဲ့ ကိစ္စ၊ စက်ရုံ အလုပ်ရုံ မရှိတဲ့ ကိစ္စ၊ လျှပ်စစ်မီး မရှိတဲ့ ကိစ္စတွေကို အမြန်ဆုံးအကောင်ထည် ဖေါ်နိုင်ရေး အတွက် Focus လုပ်ပြီး ပြောဆိုခဲ့တာကို တွေ့ရပါတယ်” ဟု ပြောသည်။

တွေ့ဆုံချိန်မှာ တစ်နာရီ ကျော်ခန့် ကြာမြှင့်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ကိစ္စနှင့် ပတ်သက်ပြီး အလေးထား ပြောဆို ဆွေးနွေးခဲ့ကြကြောင်း၊ အကျိုးရှိသော တွေ့ဆုံမူ ဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။

အလိုတော်ပြည့် ဆရာတော်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး အလိုတော်ပြည့် ဆရာတော်မှလည်း ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ရန် အတွက် အလိုတော်ပြည့် ဘုရား တစ်ဆူ လက်ဆောင်ပေးခဲ့သည်ဟု သိရသည်။

ယင်းနောက်ပိုင်း မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: