မြန်မာ့လွတ်လပ်ရေးအပြင် အာရှာတစ်ခုလုံး အင်္ဂလိပ်နယ်ချဲ့တို့၏ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ မြန်မာ့အာဇာနည် ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူသွားသည့်နေ့ စက်တင်ဘာလ ၉ ရက်တွင် ၇၄ ကြိမ်မြောက် ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ အပါအ၀င် ရခိုင်တစ်ပြည်နယ်လုံး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော မြန်မာတိုင်းရင်းသားများ၊ လူပေါင်း တစ်သောင်းကျော် တက်ရောက် ဂါရ၀ပြုခဲ့ကြ၍ အထူးစည်ကား။ ရန်ကုန်မြို့ ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော မြန်မာတိုင်းရင်းသားများ၊ လူပေါင်း တစ်သောင်းကျော် တက်ရောက် ဂါရ၀ပြုခဲ့ကြ၍ အထူးစည်ကား။
ဆရာတော်နေ့ ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပသော မြို့များမှာ ရန်ကုန်၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲ စသော မြို့များတွင် ပါတီများနှင့် လူမှုအခြေပြု အဖွဲ့တို့ပူးပေါင်းကာ ကော်မတီဖွဲ့၍ ကျင်းပခဲ့ကြပြီး အခြားသော မြို့များမှာလည်း အလားတူ ကော်မတီဖွဲ့၍ အသီးသီး ကျင်းပခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ကြီးမှူး၍ ရခိုင်လူမှုရေး အသင်းအဖွဲ့အစည်းများနှင့် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှန်း စင်တာ (MCC)ခန်းမတွင် စည်စည်ကားကား ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ပါတီ ခေါင်းဆောင်များမှ တက်ရောက်သည့်အပြင် တိုင်းရင်းသား မဟာမိတ်များဖြစ်သော NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး (နာယက)၊ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်၊ ဆရာတော် ဦးဝီရသူနှင့် အခြားသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များက တက်ရောက်ခဲ့ပြီး အားလုံးစုစုပေါင်း တစ်သောင်းကျော် တက်ရောက် ဂါရ၀ပြုခဲ့ကြကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ စံလှကျော်က ပြောကြားသည်။
ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရေသော ရည်ရွယ်ချက်နှင့်ပတ်သက်၍ ၄င်းက " ရည်ရွယ်ချက်ကတော့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရာမှာ အရေးပါတဲ့ ဆရာတော်ဖြစ်တယ်။ ဆရာတော်ရဲ့ အကြောင်းဟာ သမိုင်းမှာ မှေးမှိန်နေပါတယ်။ တချိန်က ဂုဏ်ပြုခဲ့တဲ့ ပန်းခြံဟာလည်း အခုအချိန်မှာ မဟုတ်တော့တဲ့အတွက် ဆရာတော်ဟာ မှေးမိန်နေပါတယ်။ အဲဒီလိုပဲ ဆရာတော်ရဲ့ မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ အမျိုးသားရေး စိတ်ဓါတ် အပြည့်နဲ့ ကြိုးစားပါဝင်ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို အခုလက်ရှိ လူငယ်တွေကို အဓိကထားပြီးတော့ ပြည်သူတွေကိုပါ သိစေချင်ပါတယ်။ " ဟု ပြောသည်။
ဆက်လက်ပြီး အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော ရဟန်းရှင်လူအပါအ၀င် အသင်းအဖွဲ့အစည်းများနှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၏ သဘောထားကို ရယူပြီး ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံကို ဆရာတော် ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပြီးသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြကြောင်း ဒေါက်တာ စံလှကျော်က ဆိုသည်။
စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဗဟိုဌာချုပ် ရုံးချုပ်တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို နေ့လယ် ၁ နာရီကစပြီး ညနေ ၃ နာရီထိ ဟောပြောပွဲများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
" ကျင်းပရတာကတော့ ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံမှာ ရှင်းရှင်းပြောရရင် တော်လှန်ရေးမျိုးစေ့၊ အမျိုးသားရေ မျိုးစေ့ကို အမျိုးသားရေး စိတ်ဓါတ်ကို စတင်ပြီးတော့ ချပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဆရာတော်ဟာ အဲဒီလိုအမျိုးသားရေး စိတ်ဓါတ်မှာ အကြမ်းမဖက်ဘဲ အနုနည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ကို ဒီမိုကရေစီခေတ်မှာ ဆရာတော် ဦးဥတ္တမလိုမျိုး အနုနည်းနဲ့ တိုက်ပွဲဝင်တဲ့ စိတ်ဓါတ်ကို မွေးမြူချင်ပါတယ်။ မွေးမြူလိုတဲ့စိတ်ဓါတ် ရှိကြပါစေဆိုပြီး အဲဒီလိုရည်ရွယ်ချက်တစ်ခုပါဝင်တယ်။ နောက်တစ်ခါ ဆရာတော် ဦးဥတ္တမသည် ထောင်အကြိမ်ကြိမ်ကျရင်လည်း သူရဲ့ ရည်ရွယ်ချက်အတွက် ဇွဲလုံးလမလျှော့ဘဲနဲ့ သေအောင်ထိ တိုက်ပွဲဝင်ခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် အတွက်နဲ့ ဇွဲလုံးလ ၀ီရိယပိုင်းကိုလည်း နောက်မျိုးဆက်သစ်တွေ သင်္ခန်းစာယူစေချင်လို့ အတုယူစေချင်လို့ ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
ရန်ကုန်မြို့ ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီခေါင်းဆောင်တချို့နှင့် ၈၈ ခေါင်းဆောင်အား တွေ့ရစဉ်။ ရန်ကုန်မြို့ ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီခေါင်းဆောင်တချို့နှင့် ၈၈ ခေါင်းဆောင်အား တွေ့ရစဉ်။
စစ်တွေမြို့တွင် RNDP မှ ကျင်းပသည့် အခမ်းအနားအပြင် အခြားသော အသင်းအဖွဲ့အစည်းများမှလည်း ကိုယ်နေရာနှင့်ကိုယ် ကျင်းပကြပြီး အခမ်းအနား ပြီးဆုံးသည့် နောက်ပိုင်းတွင် ဦးဥတ္တမ ပန်းခြံအား စစ်တွေမြို့ လူထုမှ ကိုယ့်အုပ်စုနှင့်ကိုယ် လမ်းလျှောက်ချီတက်ကာ ဆရာတော်၏ ကြေးရုပ်ထုသို့ သွားရောက်ကာ လွမ်းသူပန်းခြွေများ ချခဲ့ကြသည်။
သံတွဲမြို့တွင် ကျင်းပခဲ့သော ဆရာတော် ဦးဥတ္တမနေ့ ၇၄ နှစ်ကြိမ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွင်လည်း ဆရာတော် ပျံလွန်တောင်မူသွားသည့် စက်တင်ဘာလ ၉ ရက်နေ့ကို မြန်မာနိုင်ငံမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြကြောင်း ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိန်ချစ်ကဆိုသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)