Thursday, September 12, 2013

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မဖြေရှင်းနိုင်၍ နိုင်ငံတော်သမ္မတရုံးကို ကျောက်ဖြူသားတို့ စာပို့ပြီ

ယခင်ကလည်း မဒေးကျွန်းတွင် ဒေသခံများ ယခုလို ဆန္ဒပြတောင်းဆိုဖူးသည်။ သူတို့အထဲမှ ကြီးကြပ်သူ ၁၀ ဦးကို တရားစွဲထားသဖြင့် ရုံးတက်နေကြရသည်။
 
ရခိုင်ပြည်နယ် ကျောက်ဖြူနယ် ရွာပေါင်း ၂၈ ရွာနှင့် အဖွဲ့အစည်း ၃ ခုမှ သူတို့ တောင်းဆိုထားသော လိုလားချက်များကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ပြေလည်အောင် မဖြေရှင်းနိုင်သဖြင့် စက်တင်္ဘာလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတရုံးသို့ ဖြေရှင်းပေးရန် စာရေး တောင်းဆိုလိုက်သည်ဟု သတင်း ရရှိသည်။

ကျောက်ဖြူ ဒေသခံတို့သည် သြဂတ်စ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင် ၀န်ကြီးများနှင့် SEAGP ( South East Gas Pipeline) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး သူတို့၏ လိုလားချက်များကို ဖြည့်ဆည်းပေးရာ တောင်းဆိုခဲ့ရာ ပိုက်လိုင်း တလျှောက်ရှိ ရွံ့ဖုံးမြေများကိုသာ လျှော်ကြေးပေးမည် ဂတိမှ လွှဲ၍ ကျန်အချက်များနှင့် ပတ်သက်ပြီး ဒေသခံများ ကျေနပ် လက်ခံလောက်သည့် ဖြေရှင်းမူမျိုးကို မရရှိခဲ့ဟု သိရသည်။

သို့အတွက် ဒေသခံ ကျေးရွာသားများသည် သြဂတ်စ်လ ၂၉ ရက်နေ့က ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ပြီး ဒေသခံများ လိုလားချက်များကို နိုင်ငံတော် သမ္မတရုံးက ကူညီ ဖြေရှင်းပေးနိုင်ရေး အတွက် စာရေး တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

ကျေးရွာသားများ တောင်းဆိုသော အချက် (၆) ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

(၁) ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာသောထိခိုက်နစ်နာမူ အရပ်ရပ် အတွက် တိကျသော အာမခံချက်ဖြင့် ဒေသခံတို့အား ဖြေရှင်းပေးရန်။

(၂) လုံလောက်သော စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် သောက်သုံးရေကန်များ ဖြည့်ဆည်းပေးရန်။

(၃) ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်အောင် ဆောင်ရွက်ရာတွင်ကူညီပေးရန်။

(၄)လျှပ်စစ်မီး ရရှိရေးကို ဒေသခံများအား ခိုင်မာတိကျသော ကတိက၀တ်များဖြင့် ဆောင်ရွက်ပေးရန်။

(၅) ဘိုးဘွားဘီဘင် အဆက်ဆက် မှီခို လုပ်ကိုင်လာခဲ့သော လယ်ယာမြေ၊ တောတောင်များကို မည်သူ တစ်ဦး တစ်ယောက်မျှ ကျူးကျော်ခြင်း၊ သိမ်းပိုက်ခြင်း မလုပ်ရန်နှင့်

(၆) မဒေးကျွန်း ဆန္ဒဖေါ်ထုတ်မူ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနေပါပြီ ဖြစ်ပါသည်။ သို့အတွက် ဆန္ဒဖေါ်ထုတ်မူသည် တရားပါသည်။ သို့ဖြစ်ပါ၍ ဆန္ဒဖေါ်ထုတ်ရာတွင် ကြီးကြပ်ပေးကြသော သူများကို စစ်ဆေး အရေးယူခြင်းမှ လွှတ်ပေးပါရန် တောင်းဆိုပါသည်ဟု ပါရှိသည်။

အဆိုပါ တောင်းဆိုချက်အား စာရေးသား ပေးပို့သည့် နေ့မှ စ၍ ရက်ပေါင်း ၂၀ အတွင်း ပြန်လည် အကြောင်း ပြန်ကြားပေးရန်နှင့် အကြောင်းမပြန်ကြားပါ လူထု ဆန္ဒဖေါ်ထုတ်မူကို လက်ခံရမည်ဟု စာထဲတွင် ရေးသားထားသည်ဟု သိရသည်။

သမ္မတရုံးကို တောင်းဆိုသည့်စာတွင် ဓါတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိ ကျေးရွာများနှင့် ဓါတ်ငွေ့ သန့်စင် စက်ရုံ ရှိသည့် ဒေသခံကျေးရွာ ၂၈ ရွာနှင့် အဖွဲ့အစည်း ၃ ခုမှ ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးထားသည်။

ယခုကဲ့သို့ တောင်းဆိုသည့်အတွက် သမတရုံးမှ ဒေသခံများတောင်းဆိုချက်ကို တစုံတရာ ဖြေရှင်းပေးမည်ဟု ဒေသခံများက မျှော်လင့်နေ ကြကြောင်းလည်း လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ကိုထွန်းလွင်က ဆက်ပြောသည်။

“ ကျေးရွာကော်မီတီဝင်တွေကတော့ သူတို့တောင်းဆိုချက်အပေါ် တစုံတရာ ဖြေရှင်းပေးလိမ့်မယ်လို့ မျှော် လင့်နေကြပါတယ်။ ဒါကြောင့်လည်း ဒီတောင်းဆိုချက်တွေကိုတောင်းဆိုတာပါ။ ဖြေရှင်းပေး မပေးဆို တာက သမ္မတရုံးနဲ့ဘဲ သက်ဆိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

နိုင်ငံတော် အစိုးရပိုင်းမှလည်း ရခိုင်ပြည်သူများ၏ တောင်းဆိုချက်များကို လိုက်လျော့သည့် အနေဖြင့် ကျောက်ဖြူမြို့ပေါ်နှင့် ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာ ၂၁ ရွာတွင် ရွှေသဘာဝ စီမံကိန်းမှ ထွက်သော ဓါတ်ငွေ့ဖြင့် လျှပ်စစ် ပေးဝေရန် စီစဉ်နေပြီး ယခုလ ၁၅ ရက်နေ့မှ စတင် ဖြန့်ဖြူးမည်ဟု သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင်လည်း လျှပ်စစ်မီတာခကို ယခင်ကလို တယူနစ် ၅၀၀ ကျပ်ထိ ကောက်ခံမည် မဟုတ်ကြောင်းနှင့် တယူနစ်ကို ၃၅ ကျပ်သာ ကောက်ခံမည် ဖြစ်ပြီး လုပ်ငန်းခွင်သုံး တယူနစ်ကို ၇၅ ကျပ်ထိ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: