Thursday, September 26, 2013

HIV ပိုးရှိသူကို ခွဲခြားဆက်ဆံခြင်းမပြုရန် လုပ်ငန်းရှင်များ သဘောတူလက်မှတ် ထိုးထားပြီး ပိုးရှိသူကို အလုပ်ထုတ်ခြင်းများရှိနေ

k.25.9.2013.3
အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် လိုအပ်ချက်များကို ဆွေးနွေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အမျိုးသားအဆင့် တိုက်ဖျက်ရေး အစီအစဉ်များတွင် စီးပွားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည့် တာဝန်များ ပါရှိသည့်အတွက် ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များက အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်၍ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းမပြုရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော်လည်း ဝေဒနာရှင်များအား အလုပ်မှ ထုတ်ပယ်ခြင်းများရှိနေကြောင်း စစ်တမ်းတစ်စောင်တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါစစ်တမ်းကို ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)၊ Burnet Institute နှင့် Myanmar Positive Group တို့ ပူးပေါင်း၍ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များ၏ လူမှုစီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ "Socio-Economic Conse-quences of PLHIV Households in Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်း တစ်ခုပြုလုပ်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်၏ လူမှုတုံ့ပြန်မှု အခြေအနေများအနက် ပစ်ပယ်ခံရခြင်း၊ ရပ်ရွာအတွင်း စုပေါင်းလုပ်ငန်းများတွင် ပါဝင်ခွင့်မရခြင်း၊ အစားအသောက် အပါအ၀င် အခြားဝန်ဆောင်မှုလုပ်ငန်းများကို မရရှိခြင်းများမှာ အများဆုံးဖြစ်နေသည် ကိုတွေ့ရှိခဲ့ရပြီး ၃၉ ဒသမ ၂ ရာခိုင်နှုန်း ခန့်မှာ ပတ်ဝန်းကျင်မှ အပျက်သဘောဆန်သည့် တုံ့ပြန်မှုများ ကြုံနေရကြောင်း သိရသည်။
ထို့ပြင် အလုပ်ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခြင်းကို စစ်တမ်းကောက်ယူခဲ့ရာ အများစုမှာ ပိုးရှိခြင်းကြောင့် လုပ်ငန်းခွင်များတွင် ထုတ်ပြောလေ့ မရှိသော်လည်း ပိုးရှိကြောင်း အလုပ်မှသိသောအခါ ခွဲခြားဆက်ဆံခြင်းများအပြင် အများအားဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းခံရကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းကို ၂၀၁၂ခုနှစ်၊ မေလအတွင်းက ပြု လုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ UNAIDS နှင့် Myanmar Business Coalition on AIDS တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သဘောတူလက်မှတ် ရေးထိုးရာ၌ စီးပွားရေးကဏ္ဍမှ စားသောက်ဆိုင်ကြီးများ၊ စက်မှုထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်ကြီးများ၊ လေကြောင်းလိုင်းများ၊ ၀န်ဆောင်မှု ကုမ္ပဏီများ၊ ကုန်ပစ္စည်း လက်လီအရောင်းဆိုင် ကုမ္ပဏီကြီးများ စသည့် လုပ်ငန်းပေါင်း ၇၀ကျော်မှ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းသဘောတူ လက်မှတ်ရေးထိုးရာတွင် ခွဲခြားဆက်ဆံမှု ကင်းဝေးသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ ခွဲခြားဆက်ဆံမှုမရှိသော လုပ်ငန်းခွင် မူဝါဒများကို အကောင်အထည်ဖော်ရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။
ယင်း သဘောတူချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လူထုလုပ်ငန်းကို ထောက်ခံအားပေးပြီး ဦးဆောင်မှုကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားမည်ဆိုသည့် အချက်များလည်း ပါဝင်သော်လည်း လက်ရှိအချိန်တွင် ယင်းကဲ့သို့ အခြေအနေမျိုး မရောက်ရှိသေးကြောင်း Myanmar Positive Group မှ ကြီးမှူးကျင်းပသည့် "7th National PLHIV Forum 2013" တွင် ပြောကြားချက်များအရ သိရသည်။
''လုပ်ငန်းတော်တော်များများမှာ သွေးစစ်ကြပြီး ဘီပိုး၊ အိတ်ခ်ျအိုင်ဗွီရှိရင် လက်မခံဘူး။ ဒါမျိုးက မလုပ်သင့်ပါဘူး။ သူ့ဘာသာ ဆန္ဒအလျောက် စစ်ချင်လို့ စစ်တာပဲ ဖြစ်သင့်တယ်။ အလုပ်ရှင်အနေနဲ့ အတင်းအကျပ်စစ်ပြီး ပိုးရှိရင် မခန့်ဘူးဆိုတာတွေ ရှိနေတယ်။ တချို့လုပ်ငန်းခွင်တွေမှာ ကျွန်မတို့ အသိပညာပေးလုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ လက်မခံကြဘူး'' ဟု Myanmar Business Coalition on AIDs ( MBCA) မှ ဒေါက်တာနွယ်နွယ်ဦးက ဆိုသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: