Thursday, September 12, 2013

RNDP ဗဟိုကော်မတီအစည်းအဝေး ကိုယ်စားလှယ် ရွေးချယ်ပွဲ

RNDP-Headquarters
 
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ စက်တင်္ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ စစ်တွေ၌ ပြုလုပ်ခဲ့သော ဗဟိုကော်မီတီ အစည်းအဝေးတွင် ပူးပေါင်းပြီးနောက် အသစ်ဖြစ်လာမည့် ပါတီအတွက် ကိုယ်စားလှယ်များကို ရွှေးချယ်ခဲ့သည်ဟု ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

“ အဓိကတော့ ကိုယ်စားလှယ် ၁၅ ဦးကို ရွှေးချယ်ခဲ့ကြတာပါ။ ALD နဲ့ ပေါင်းစည်းလိုက်တဲ့ အသစ်ဖြစ်လာမယ့် ရခိုင်အမျိုးသား ပါတီမှာ ကျွန်တော်တို့ RNDP က တာဝန် ထမ်းဆောင်မယ့် ကိုယ်စားလှယ် ၁၅ ကို ရွှေးချယ်ခဲ့ကြပါတယ်” ဟု ၎င်းက နိရဉ္စရာမှ မေးမြန်းစဉ် ဖြေကြားပြောဆိုသည်။

RNDP မှ ရွှေးချယ်လိုက်သော စာရင်းတွင် ဒေါက်တာ အေးမောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုးစသည့် ပါတီ ထိပ်တန်း ခေါင်းဆောင်များ ပါဝင်သည်ဟု ဆိုသည်။

“ စာရင်းကတော့ ထုတ်ပြန်လို့ မရသေးဘူး။ ALD ဘက်ကို မပို့ရသေးတဲ့ အတွက် ကိုယ်စားလှယ်ထဲမှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ပြောလို့ မဖြစ်သေးပါဘူး။ ဥက္ကဌ၊ အတွင်းရေးမှူးစတဲ့ ထိပ်တန်း ခေါင်းဆောင်တွေတော့ ပါလာပါတယ်” ဟု ဆိုသည်။

RNDP ပါတီ ဗဟိုကော်မီတီ အစည်းအဝေးသို့ ဗဟိုကော်မီတီဝင် ၄၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

အလားတူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း အသစ်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ အတွက် ကိုယ်စားလှယ် ၁၅ ဦးစာရင်းကို RNDP ဘက်သို့ ပို့ပေးထားပြီဟု သိရသည်။

ALD ဘက်မှ ကိုယ်စားလှယ် စာရင်းတွင် ဦးအေးသာအောင်၊ ဦးလှမြင့်၊ ဦးကျော်မြင့်၊ ဦးမျိုးကျော်၊ ဦးထွန်းကျော်၊ ဦးထွန်းရွှေသိန်း၊ ဦးမောင်မောင်စိုး စသည့် ပါတီ ခေါင်းဆောင်များ ပါဝင်သည်။

ပါတီ (၂) ခုမှ ကိုယ်စားလှယ်များသည် ယခုလ ၂၄ ရက်နှင့် ၂၅ ရက်နေ့ တစ်ရက်ရက်တွင် စစ်တွေတွင် ထပ်မံ တွေ့ဆုံကြမည် ဖြစ်ပြီး ပါတီ ပေါင်းစည်းရေး အတွက် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးကြမည်ဟု ဆိုသည်။

အမြန်ဆုံး ရွှေးကောက်ပွဲ ကော်မရှင်တွင် အသစ်ဖြစ်လာမည့် ရခိုင်အမျိုးသား ပါတီ ( Arakan National Party) အား မှတ်ပုံတင်ကြမည် ဖြစ်ပြီး မှတ်ပုံတင် ကျပြီးနောက် လုပ်ထုံး လုပ်နည်းများနှင့် အညီ ပါတီ (၂) ရပ်အား တရားဝင် ဖျက်သိမ်းကြမည်ဟု သိရသည်။

ပါတီ နှစ်ရပ် ပူးပေါင်းရေးမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် များမကြာမှီ ရခိုင်ပြည်သူလူထု မျှော်လင့်နေသော ဆန္ဒများ ပြည့်မြောက်ကြတော့မည် ဖြစ်ကြောင်း ဦးစံကျော်လှက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: