အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ဗဟိုကော်မတီအဖွဲ့ဝင်များ အသင်း၏ ရှေ့လုပ်ငန်းဆိုင်ရာ စည်းဝေးဆွေးနွေးပွဲတရပ်ကို စက်တင်ဘာလ ၂၉ ရက် တနဂင်္ရနွေနေ့  နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၃ နာရီကြာ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ဗဟိုကော်မတီအဖွဲ့ဝင်များ အသင်းအစည်းအဝေးပြုလုပ်နေစဉ်။ အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ဗဟိုကော်မတီအဖွဲ့ဝင်များ အသင်းအစည်းအဝေးပြုလုပ်နေစဉ်။
အဆိုပါ စည်းဝေးဆွေးနွေးပွဲကို အမာရီလိုမြို့ ဇေယျသုခ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စည်းဝေးပွဲသို့ ဗဟိုကော်မတီအဖွဲ့ဝင် ၂၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စည်းဝေးဆွေးနွေးပွဲတွင် (၁) တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် ကျင်းပမည့် သီတင်းကျွတ် ပ၀ါရဏာတင်ပွဲသို့ အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ကိုယ်စားပြု တက်ရောက်မည့်အရေး (၂) မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ရေရှည်တည်တံ့ခိုင်မြဲရေး (၃) အသင်းဆိုင်ရာ ဘဏ္ဍာငွေ အ၀င်အထွက် အစည့်အရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
လာမည့် အောက်တိုဘာလ ၁၉ ရက်၊ သီတင်းကျွတ် လပြည့်နေ့ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့ သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် ပ၀ါရဏာပွဲတော်သို့ အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းမှ အသင်းကိုယ်စားပြုအနေဖြင့် အသင်းဗဟိုကော်မတီဝင်များ ပူးပေါင်းပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်အကျိုးတော်ဆောင် ဗုဒ္ဓဘာသာ အသင်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဘာသာသာသနာဆိုင်ရာလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် အတွေ့ အကြုံ အသိအမြင်များကို အပြန်အလှန် တွေ့ဆုံဆွေးနွေး ဖလှယ်ကြမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဗဟိုကော်မတီဝင်များက အတည်ပြု ပြောဆိုသည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်၍ အသင်း၏ အားသာချက် အားနည်းချက်များကို ဗဟိုကော်မတီဝင်များက အပြန်အလှန်ဆွေးနွေးအဖြေရှာညှိနှိုင်းကြရာ အသင်းအားနည်းချက်အများအပြား ရှိနေသည့်အတွက် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းကို ပြန်လည်ပြုပြင် ဖွဲ့စည်းမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဗဟိုကော်မတီဝင်များက ပြောကြားသည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ပြန်လည်ပြုပြင်ဖွဲ့စည်းရေး စည်းဝေးပွဲအတွက် မြန်မာဗုဒ္ဓဘာသာဝင်များအားလုံး ပါဝင်လာနိုင်သည့် မြို့လုံးကျွတ် ကြိုတင်စည်းဝေးညှိနှိုင်းပွဲကို လာမည့် အောက်တိုဘာလ ၁၃ ရက် တနင်္ဂနွေ့ တွင် ဇေယျသုခကျောင်းတိုက်အတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု စုံစမ်းသိရှိရသည်။
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းကို (၁) ဘဏ္ဍာရေးကော်မတီ၊ (၂) စရင်းစစ်ကော်မတီ၊ (၃) သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ (၄) ပြုပြင်ထိန်းသိမ်းရေးကော်မတီနှင့် (၅) လူမှုအထောက်အကူပြုကော်မတီ စသည့် ကော်မတီငါးရပ်ဖြင့်ဖွဲ့စည်းတည်ထောင်ထားကာ ၄င်းကော်မတီအသီး သီးတွင် မျိုးဆက်သစ်လူငယ်အဖွဲ့၏ အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ရှိကြောင်း သိရှိရသည်။
ဘာသာသာသနာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရာတွင် လူကြီးများကိုယ်တိုင်က မိမိတို့၏ အတ္တ၊ မာနများကို ခ၀ါချပြီး မျိုးဆက်သစ်လူငယ်များက လေးစားအားကျအတုယူနိုင်လောက်သည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် ကြံစည်၊ ပြောဆို၊ ပြုမူကြဖို့ လိုအပ်ကြောင်း ဇေယျသုခ ကျောင်းထိုင်ဆရာတော် အရှင်နန္ဒ၀ံသက ယခုလို ဆုံးမသြ၀ါဒစကား မိန့်ကြားတော်မူသည်။
"မျိုးဆက်သစ်လူငယ်တွေ အများအကျိုး သယ်ပိုးဆေင်ရွက်လိုစိတ်တွေ ပေါ်ပေါက်လာဖို့၊ အမျိုး ဘာသာ သာသနာရေးအတွက် အဘက်ဘက်က ဆွဲဆောင်စည်းရုံးနေရချိန်မှာ လူကြီးတွေကိုယ်တိုင်က ကြံစည်၊ ပြောဆို၊ ပြုမူမှုတွေ ရိုးသားဖြူစင်ဖို့လိုပါတယ်။ ထို့အတူ ဘာသာအရေး ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ကုသိုလ်ဖြစ်အောင်တွေးပြီး အားလုံးငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှုအရေး ဦးစားပေးဖို့လိုပါတယ်။ စေတနာ မေတ္တာများစွာနဲ့ အချိန်ကုန်ခံ ကြိုးစားထားသမျှတွေ သဲထဲ ရေသွန် မဖြစ်ဖို့ဆိုရင် လုပ်နေကိုင်နေကြတဲ့ အကျိုးဆောင်တွေအားလုံး အတ္တ၊ မာနတွေ ခဝါချပြီး လုပ်စေချင်ပါ တယ်။ မျိုးဆက်သစ်လူငယ်တွေနဲ့အတူ အများကယုံကြည်လေးစား အားကိုးထိုက်သူ ဖြစ်ရအောင် စိတ်ထားဖြောင့်မတ်စင်ကြယ်စွာ ရိုးသား ကြိုးစားပြီး လက်တွဲ ဆောင်ရွက်ကြမယ်ဆိုရင် အမျိုးဘာသာ သာသနာအောင်ပွဲများ ဆင့်ကဲရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ " ဟု မိန့်တော်မူခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes)