Friday, December 13, 2013

မောင်တောခရိုင်အတွင်း ငါးဖမ်းလှေများအား ကမ်းခြေမှဝေးကွာသည့် ဒေသများသို့ထွက်ပြီး ငါးဖမ်းဆီးခြင်း မပြုရန် မုန်တိုင်းသတိပေးချက် ထုတ်ပြန်

E-11-12
ရခိုင်ကမ်းရိုးတန်းအတွင်း သွားလာနေကြသော ငါးဖမ်းစက်လှေများအား တွေ့ရစဉ်
မောင်တောခရိုင်အတွင်း ငါးဖမ်းလှေများ ကမ်းခြေမှ ဝေးကွာသည့် ဒေသသို့ထွက်ပြီး ငါးဖမ်းဆီးခြင်း မပြုရန် မုန်တိုင်းသတိပေးချက်အား ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှ စတင်ထုတ်ပြန်လိုက်ကြောင်း ခရိုင်ငါးလုပ်ငန်းမှ သတင်းရရှိသည်။
"ဒီဇင်ဘာ ၁၀ ရက်ကစပြီး ပင်လယ်ကမ်းနားရှိ ရွာတွေကို ကမ်းခြေက ဝေးကွာတဲ့ နေရာတွေကို ငါးဖမ်းမထွက်ဖို့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကလည်း ကိုကိုးကျွန်းကနေ မိုင်ငါးရာကျော် အကွာမှာ ရှိသေးတော့ ဆက်လက်ပြီး မုန်တိုင်းအခြေအနေပေါ် မူတည်ပြီး မုန်တိုင်းသတိပေးချက်တွေ ဆက်လက်ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု မောင်တောခရိုင် ငါးလုပ်ငန်း ဦးစီးမှူး နိုင်ဝင်းသိန်းက ပြောကြားသည်။
လက်ရှိ အနေအထားတွင် မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်း မရှိသေးဘဲ မိုးတိမ်ထူထပ် နေကြောင်းနှင့် ကမ်းဝေးငါးဖမ်း လှေများမှာလည်း ကမ်းလာကပ်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ ယင်းအပြင် ကမ်းနီးငါးဖမ်းလှေများ အနေဖြင့်လည်း ငါးဖမ်းဆီးခြင်းများ ဆက်လက်ရှိနေသေးပြီး မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည့် ကျေးရွာများရှိ တံငါလှေအချို့ ကမ်းကပ်ထားကြောင်းလည်း သိရသည်။
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဒီ (Madi) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့  ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏  အရှေ့တောင်ဘက် မိုင် ၂၅၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း၏  အနောက်တောင်ဘက် မိုင် ၅၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားနေကြောင်း၊ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်မည် ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ ၎င်းဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မုန်တိုင်းသတိပေး ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: