Friday, December 13, 2013

ရခိုင်အမျိုးသားညီလာခံ နောက်နှစ် ဧပြီလတွင် ကျင်းပမည်

Rakhine-meeting-in-Chiang-Mai
 
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်သော ရခိုင်အမျိုးသား ညီလာခံ ကျင်းပရေး အကြိုညှိုနိုင်း အစည်းအဝေးမှ ရခိုင်အမျိုးသား ညီလာခံကို နောက်နှစ် ဧပြီလ နောက်ဆုံး အပတ်တွင် ကျောက်ဖြူ (သို့မဟုတ်) တောင်ကုတ်တွင် ကျင်းပ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဟု သိရသည်။

ရခိုင် ၀ါရင့် နိုင်ငံရေး ခါင်းဆောင် တစ်ဦးဖြစ်သူ ဦးသာဘန်းက ထိုသို့ ဆုံးဖြတ်လိုက်ကြောင်းကို ယခုလို အတည်ပြု ပြေကြားသည်။

“ ရခိုင် အမျိုးသား ညီလာခံကို ကျောက်ဖြူ မဟုတ်ရင် တောင်ကုတ်မှာ ကျင်းပဖို့ ဆုံးဖြတ်တယ်။ ကျင်းပမယ့် နေ့ရက်က ဧပြီလ နောက်ဆုံး အပတ်လို့ သတ်မှတ် ထားပါတယ်” ဟု ဆိုသည်။

ချင်းမိုင် အကြို ညှိနိုင်းအစည်းအဝေးကို ဒီဖင်ဘာလ ၅ ရက်နေ့မှ ၇ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးသို့ ပြည်တွင်း၊ ပြည်ပရှိ ရခိုင်နိုင်ငံရေး ပါတီများနှင့် လူမူ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ရခိုင်ပြည်၏ အရေးကြီးသော ပြဿနာ အရပ်ရပ်ကို ဆွေးနွေး အဖြေရှာကြမည် ဖြစ်ကြောင်း ဦးသာဘန်းက ဆက်ဆိုသည်။

“ လာမယ့် ညီလာခံမှာတော့ လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးရေး ဒီကိစ္စတွေ အပါအ၀င် အရေးကြီးတဲ့ ကိစ္စတွေ အကုန်လုံးကို ဆွေးနွေးကြမှာပါ။”

ချင်းမိုင် အကြိုညှိုနိုင်း ဆွေးနွေးပွဲတွင် ညီလာခံကျင်းပရေး ကော်မီတီ အပါအ၀င် တခြားဆပ်ကော်မီတီ အသီးသီးကိုလည်း ဖွဲ့စည်းခဲ့ကြသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ဆိုသည်။

“ ညီလာခံ ကျင်းပရေး ကော်မီတီနဲ့ ဆပ်ကော်မီတီတွေကို ပြည်တွင်း၊ ပြည်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပါတယ်။ ဆပ်ကော်မီတီတွေကို ဦးဆောင်မယ့် ခေါင်းဆောင်တွေကိုလည်း ရွှေးချယ်ကြပါတယ်။ ညီလာခံ ဖြစ်မြှောက်ရေး အတွက် အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်မယ့် ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းပါတယ်။ အဲဒီကော်မီတီတွေက အခုအချိန်က စပြီး ညီလာခံ ဖြစ်မြောက်ရေးကို ဆောင်ရွက် လုပ်ကိုင်ကြပါတော့မယ်” ဟု စောမြရာဇာလင်းက ပြောသည်။

ရခိုင်အမျိုးသား ညီလာခံ တစ်ခု ဖြစ်မြှောက်ရန် လွန်ခဲ့တဲ့ ဇန္န၀ါရီက ပြုလုပ်ခဲ့သော ချင်းမိုင် အစည်းအဝေး ကတည်းက ဆုံးဖြတ်ချက်ချခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီ တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ယင်းကော်မီတီကို အားဖြည့် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့သည်ဟု သူမက ဆိုသည်။

၎င်းပြင် ရခိုင်တမျိုးသားလုံးရဲ့ အနာဂတ်အရေးကို ဆွေးနွေးမည် ဆိုလျှင် အားလုံး ပါဝင်ရန် လိုအပ်ကြောင်း သူမက ဆိုသည်။

“ ရခိုင်တမျိုးသားလုံးရဲ့ အနာဂတ်အတွက်ကို ဆွေးနွေးမယ်ဆိုရင် ရခိုင်တမျိုးသားလုံး စည်းလုံးညီညွှတ်ရေးက အရေးကြီးတယ်လို့ ကျွန်မတို့ အနေနဲ့ သုံးသပ်ပါတယ်။ ပီးလို့ရှိရင် အထဲမှာ ရှိနေတဲ့ ရခိုင် ခေါင်းဆောင်တွေ၊ အပြင်မှာရှိတဲ့ ခေါင်းဆောင်တွေ အပြင် ပြည်သူ လူထုတွေရဲ့ ဆန္ဒတွေကလည်း အင်မတန်မှ အရေးကြီးတာမို့ လို့ ရခိုင် ပြည်နဲ့ ရခိုင်ပြည်သူလူထုတွေ အနာဂတ်ကို ဆွေးနွေး ဆုံးဖြတ်တဲ့ အခါမှာ ရခိုင်ပြည်သူ လူထု တစ်ရပ်လုံးကို ပါဝင်စေလိုတဲ့ အတွက် ရခိုင်အမျိုးသား ညီလာခံကို ခုလို ပြည်တွင်းထဲမှာ လုပ်ဖို့ ဆုံးဖြတ် စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

ရခိုင်အမျိုးသား ညီလာခံတွင် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များသာမက ပြည်တွင်း၊ ပြည်ပ ရှိ ရခိုင်အမျိုးသားများအင်အားစုများ၊ ပြည်သူလူထု ကိုယ်စားပြုသူများ အားလုံး ပါဝင်နိုင်အောင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် ရံပုံငွေ ရှာဖွေရေးအတွက် စနစ်တကျ ကြိုးစားသွားရန် ဆုံးဖြတ်ထားကြောင်း စောမြရာဇာလင်းက နိရဉ္စရာကို ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: