Monday, December 16, 2013

မြန်မာဆီးဂိမ်းစ် ပရိသတ် စိတ်ဝင်စားမှုနှုန်း မြင့်မားပြီး ဝေဖန်မှုများလည်း ရှိနေ

P-16-12
ဒီဇင်ဘာ ၁၄ ရက်က မြန်မာနှင့်ထိုင်းတို့၏ အမျိုးသားဘောလုံးပြိုင်ပွဲ မတိုင်မီ လာရောက်အားပေးသည့် ပရိသတ်များအား သုဝဏ္ဏအားကစားကွင်း အပြင်ဘက် လမ်းမပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ၄၄ နှစ်ကြာပြီးနောက်တွင် ပထမဆုံးအကြိမ်  အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု များစွာရရှိမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြိုင်ပွဲနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ အားကစားရုံသစ်ကြီးများတွင် ဆီးဂိမ်းစ်ပြိုင်ပွဲကို အဓိက ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်သူများအကြား စိတ်ဝင်စားမှု ပိုမိုရရှိ လာခဲ့သည်။ ဒေသတွင်း အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲကို မြန်မာနိုင်ငံက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ပြည်သူများနှင့်အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ချီးကျူးပြောဆိုမှုများလည်း ရှိခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် တင်ဆက်ပြသ သွားခဲ့သည့်အပြင် ၀ဏ္ဏသဒ္ဓိ အားကစားကွင်းကြီး၌ မီးရှူးမီးပန်းများနှင့် အဆင့်မြင့် နည်းပညာ အသုံးပြုကာ ငွေကြေးအမြောက်အမြား အကုန်ကျခံ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
"ဆီးဂိမ်းစ်ဖွင့်ပွဲကို အိမ်မှာပဲ ရုပ်သံကနေ ကြည့်ဖြစ်တယ်။ အစကတော့ နိုင်ငံအနေနဲ့ အဲဒီလောက် ခမ်းခမ်းနားနား လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်သွားခဲ့သလို နိုင်ငံအနေနဲ့လည်း ဒီပြိုင်ပွဲအတွက် ငွေကြေးအတော့်ကို သုံးစွဲထားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မျက်နှာမငယ်ရဘူးလို့တော့ ကျွန်တော်ထင်ပါတယ်" ဟု ရန်ကုန်မြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းတွင် ကြည့်ရှုအားပေးသူ ပရိသတ် ပိုမိုများပြားလာပြီး အမြို့မြို့အနယ်နယ်မှ ပြည်သူများ အနေဖြင့် ပြိုင်ပွဲကျင်းပရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်သို့ လှည့်လည်သွားရောက် ကြည့်ရှုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ . . . . .
"ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ နောင်ချိုကနေ ဒီအထိ လာအားပေးတာ။ အားကစားနည်း တော်တော်များများကို လိုက်အားပေးဖြစ်တယ်။ ကျွန်တော် အဓိက စိတ်ဝင်စားတာက ဘောလီဘော ပြိုင်ပွဲပါ။ ဒါပေမဲ့ ဘောလီဘောပွဲ ကျင်းပတဲ့ ဇေယျာသီရိကွင်းက အရမ်းဝေးလို့ သွားအားမပေးလိုက်ရဘူး။ မိဘမဲ့ ကျောင်းတွေမှာ ကျွန်တော်က ကျောင်းဆရာ လုပ်တာဆိုတော့ အခြားအားကစားနည်းတွေကိုလည်း လိုက်အားပေးချင်ပေမဲ့ ကျွန်တော့်ဒေသကို ပြန်ရမှာဖြစ်လို့ အားမပေးဖြစ်တော့ပါဘူး" ဟု ရှမ်းပြည်နယ် နောင်ချိုမြို့မှ ဦးအောင်စိုးက နေပြည်တော်တွင် ကျင်းပသော ဆီးဂိမ်းစ်ပြိုင်ပွဲကို လာရောက်အားပေးမှုနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။
"ပြိုင်ပွဲလာရောက် ကြည့်ရှုရတာ အခက်အခဲ ရှိပါတယ်။ လက်မှတ်ထုတ်တာ စောင့်ရတာတစ်မျိုး၊ အားကစားရုံတွေဝေးပြီး ဘတ်စ်ကားတွေ မလာတာ လူတွေကျပ်ညပ်နေတာတစ်မျိုး ဒုက္ခတော့ ရောက်ပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲကြီးဟာ ပျော်ဖို့ကောင်းတာတော့ အမှန်ပါပဲ။ စရိတ်စားခနဲ့ အထွေထွေ ဈေးနှုန်းတွေကြီးလို့ နေ့တိုင်းလာအား မပေးနိုင်ပါဘူး" ဟု ပျဉ်းမနားမှ နေပြည်တော်သို့ လာရောက်အားပေးသူ ဦးဇော်မင်းအောင်က ပြောကြားသည်။
(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၃၃ မျိုး ကျင်းပခဲ့ခြင်းဖြစ်ပြီး နေပြည်တော်၌ အားကစားနည်း အများစုကို ကျင်းပခဲ့ခြင်းဖြစ်ရာ ပရိသတ်အများစု အနေဖြင့် သွားလာရေး အဆင်မပြေမှုများလည်း ကြုံခဲ့ကြကြောင်း သိရသည်။
"အချို့ပွဲတွေမှာဆိုရင် ကလေးတွေပဲရှိပြီး အပြင်က လာကြည့်တဲ့သူ နည်းပါတယ်။ ကျွန်တော့်အနေနဲ့လည်း စရိတ်စားခကြီးတော့ ရုံးပိတ်ရက်ကျမှပဲ ကြည့်နိုင်ပါတယ်" ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကလည်း ပြောဆိုခဲ့သည်။
ဆီးဂိမ်းစ်ကာလတွင် ကြည့်ရှုသူ ပရိသတ်များ အနေဖြင့် သွားလာရေး အဆင်မပြေမှု၊ နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုနှင့် ဘောလုံးပြိုင်ပွဲကဲ့သို့သော လူအများ စိတ်ဝင်စားသည့် ပြိုင်ပွဲများတွင် လက်မှတ်ရရှိရန် ခက်ခဲခြင်း၊ မှောင်ခိုဈေးနှုန်းများဖြင့် ရောင်းချမှုများ ရှိနေခြင်းအပေါ် ပရိသတ်များက ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
"အားကစားကွင်းတွေက လာရတာ ဝေးတယ်။ ဘတ်စ်ကားတွေ ရှိမှန်းလည်း မသိဘူး။ လမ်းညွှန်တွေကလည်း မရှိဘူး။ တစ်ခုနဲ့တစ်ခုကြားမှာ လမ်းလျှောက်နေရတာ၊ ကားတွေတစ်စီးနဲ့ တစ်စီးကြား ကြာလွန်းတာ၊ စားသောက်ဆိုင်တွေနည်းပြီး ဈေးတွေကြီးတာ၊ အဓိကက နေပြည်တော်မှာ သွားလာရေးခက်ခဲလို့ ပွဲတွေအစုံလိုက် ကြည့်ချင်ပေမဲ့ တစ်နေရာတည်းမှာပဲ အကြာကြီး ကြည့်နေရပါတယ်" ဟု တပ်ကုန်းမှ ကိုဇာနည်စိုးက ပြောကြားခဲ့သည်။
Q-16-12
မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကွင်းအတွင်း၌ အားပေးနေကြသော မြန်မာပရိသတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

"ဒီလိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မရှိခဲ့တာ နှစ်ပေါင်း ၄၀ ကျော် ကြာနေပါပြီ။ အဲဒီတော့ အခုအချိန်မှာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ့်အသင်း၊ ကိုယ့်အားကစားသမားတွေကို ကိုယ့်နိုင်ငံအတွက် အားရပါးရ အားပေးချင်ပါတယ်။ အထူးသဖြင့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ဘောလုံးပွဲတွေမှာဆိုရင် ကိုယ်တိုင်ကွင်းထဲကို သွားရောက်အားပေးသလို၊ ကွင်းလုံးပြည့်အားပေးမှုတွေကို မြင်ရတော့ ကျွန်တော်ဝမ်းသာ ကျေနပ်မိပါတယ်။ ကျွန်တော်အပါအ၀င် ပြည်သူတွေအားလုံးက မြန်မာ့ဘောလုံး ရွှေခေတ်ကို ပြန်ပြီးတမ်းတ ချင်နေကြပါတယ်။ ပွဲတွေငတ်လာတာ ကြာပြီဆိုတော့ လက်မှတ်တွေ ဘယ်လောက်ဈေးကြီးကြီး ၀ယ်ဖို့ဘယ်လောက်ခက်ခက် အားပေးမှာပါပဲ။ မြန်မာတွေကိုလည်း နိုင်စေချင်တယ်။ ကိုယ့်အိမ်ကိုယ့်ပရိသတ်ရှေ့မှာ အားကစားသမားတွေ အနေနဲ့လည်း နိုင်အောင်ကြိုးစား ပေးသင့်ပါတယ်" ဟု ကမာရွတ်မှ ကိုကျော်ကျော်က ပြောကြားခဲ့သည်။
ထို့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပေရာ ယခုကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲမျိုးကို နိုင်ငံတော် ဘဏ္ဍာငွေများစွာ အကုန်ကျခံ သုံးစွဲပြုလုပ်ခဲ့ရမှုနှင့် ဂယက်အပေါ် စီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်လျက်ရှိကြောင်းလည်း သိရသည်။
"အခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေကို ဒီမှာမကျင်းပရတာ အတော်လေးကြာပါပြီ။ ဒီအတွက် အခုပြိုင်ပွဲကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ။ ပြိုင်ပွဲကြီး ပြီးတဲ့အချိန်မှာ ဖြစ်လာမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ စီးပွားရေးနဲ့ဆိုင်တဲ့ ဂယက်တွေ၊ နောက်တစ်ခါ ဆီးဂိမ်းစ်နဲ့ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု ပမာဏတွေအပေါ် ပြန်လည်ဆန်းစစ်မှုတွေ၊ ဒီပြိုင်ပွဲကြီးကနေ ရလာမယ့် အနာဂတ် အကျိုးအမြတ်တွေအတွက် ကျွန်တော်တို့ အများကြီး စဉ်းစားရပါမယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ တွက်ထားသင့်ပါတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
Post a Comment