Friday, December 6, 2013

ရခိုင်ပြည်နယ် ဒေသအချို့တွင် စပါးမကောင်း၊ လုပ်သားရှား၍ တောင်သူလယ်သမားများ အခက်ကြုံ

(ယခင်က ရခိုင်ဒေသရှိ စပါးစိုက်ခင်းများသည် လူတစ်ရပ်ကျော်မြင့်သော်လည်း အခုအခါ ဒူးဆစ်သာသာ ရှိပါတော့သည်။)
(ယခင်က ရခိုင်ဒေသရှိ စပါးစိုက်ခင်းများသည် လူတစ်ရပ်ကျော်မြင့်သော်လည်း အခုအခါ ဒူးဆစ်သာသာ ရှိပါတော့သည်။)
ရခိုင်ပြည်နယ်မှ နယ်ဒေသ တချို့တွင် ယခုနှစ် စပါးအပျက်အစီးများပြီး အထွက်နုန်းကျဆင်းသည့် အပြင် လယ်ယာ လုပ်ငန်းအတွက် လယ်လုပ်သားများ ရှားပါးနေသဖြင့် အထူး အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ လယ်သမား တစ်ဦးက ယခုနှစ် စပါးရာသီတွင် စပါးများ အပျက်အစီးများကြောင်းကို ယခုလို နိရဉ္စရာသို့ ပြောသည်။

“ ဒီနှစ် ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းမှာ ရေနှစ်ကြိမ်နစ်ခဲ့ပါတယ်။ ပထမ တစ်ကြိမ်နစ်တုန်းက စပါးပင်တွေ အကုန်ပျက်စီးတယ်။ ဒုတိယ တစ်ကြိမ်စိုက်တော့ စပါးပင်တွေ တစ်ထွာခန့် ကြီးလာတဲ့ အချိန်မှာ နောက်ထပ်ရေကြီးတော့ အကုန်လုံး ပျက်ပါတယ်။ အခု စပါး လုံးဝ မရဘူး။ လယ်သမားတွေ အထူး စိတ်ပျက်နေကြပါတယ်” ဟု ပြောသည်။

ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းတွင် စပါးစိုက်ဧက သောင်းချီ ရှိပြီး စပါးအပျက်အစီး အထူးများပြားသဖြင့် လယ်သမားများအနေဖြင့် ထိုသို့ စိတ်ပျက် လက်ပျက် ဖြစ်နေကြသည်ဟု ဆိုသည်။

ယခုနှစ် လေးမြို့ချောင်း တလျှောက်တွင် စပါးအပျက်အစီးနည်းကြောင်း၊ သို့သော်လည်း မှည့်နေသော စပါးများကို ရိတ်သိမ်းရန် လုပ်သားများ ရှာမရသဖြင့် စပါးများမှာ မြေကြီးပေါ်တွင် ငိုက်ကျပြီး ပျက်စီးနေကြောင်း ၎င်းက ဆက်ဆိုသည်။

“ လေးမြို့ချောင်းတစ်လျှောက်မှာတော့ စပါးအနည်းငယ် ကောင်းပါတယ်။ ခုကြုံနေရတာက စပါးရိတ်ဖို့လူကို ရှာမရတဲ့ ပြဿနာပါ။ စပါးခင်းတွေက ဒီအတိုင်းမှည့်နေတာ အပြည့်ဘဲ။ အရင်က လယ်မှာ လုပ်ခဲ့တဲ့ လယ်လုပ်သားတွေ အခုတော့ အကုန်လုံး မလေးရှား၊ ထိုင်းကို ရောက်ကုန်ပြီ။ လုပ်သားရှားပါးတဲ့ အတွက် အထူးအခက်ကြုံနေကြရပါတယ်။ လူမျိုးခြားတွေကိုလည်း အရင်လို ခေါ်ခိုင်းလို့ မရဘူး။ လယ်တွေမှာ စပါးမှည့်နေပေမယ့် ရိတ်သိမ်းမယ့် လုပ်သား မရှိတဲ့ အတွက် ပျက်စီးဆုံးရှုံးမူတွေနဲ့ အကြီးအကျယ် ကြုံနေရပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ပင်လယ်၊ မြစ်ချောင်းအနီးတွင် လုပ်ကိုင်သော လယ်များတွင် စပါးလုံးဝ မရဘဲ ဖြစ်နေသည်ဟု ရွှေညိုမ ကျေးရွာသား တစ်ဦးက ပြောသည်။

“ စပါး လုံးဝ မရဘူး ဒီနှစ်။ ဘာဖြစ်လို့လည်းဆိုတော့ စပါးတွေ ရေမြုပ်တော့ ပျက်စီးတယ်။ ကျွန်တော်တို့ ဒေသက တာတမံတွေကို အားကိုးပြီး လုပ်စားကြရတာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ကျိုးပျက်နေတဲ့ တာတမံတွေကို အခုအချိန်ထိ နိုင်အောင် မတုတ် (မဆည်) နိုင်တော့ ဒီနှစ်မိုးမှာ ရေတွေ ၀င်ပီး စပါးစိုက်ခိုင်းတွေ အကုန်လုံး ပျက်စီးသွားခဲ့ပါတယ်” ဟု ပြောသည်။

သို့အတွက် စပါး အပြင်ကို ရောင်းမည့်ကိုထား ကိုယ်စားဖို့ပင် မရဟု ၎င်းလယ်သမားက ပြောသည်။

ပေါက်တောမြို့နယ် ပြားစပယ် ကျေးရွာမှ လယ်သမား တစ်ဦးကို ဆက်လက် မေးမြန်းရာ စပါးမှာ ခါတိုင်းနှစ်ကလို မကောင်းကြောင်း၊ သို့သော် စပါးများကို စတင် ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ စပါးဈေးမှာ တောင်းချေ ၁၀၀ ကို ကျပ် ရှစ်သောင်းသာ ဈေးရှိသဖြင့် လယ်သမားများ အဖို့ အရင်းပင် မရကြောင်း ပြောကြားသည်။

ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးကမူ သူတို့ဘက်တွင် စပါးကောင်းကြောင်း၊ သို့သော်လည်း အခက်အခဲအများကြီး ရှိနေကြောင်း ယခုလို ပြောကြားသည်။

“ စပါးကတော့ ကျနော်ဘက်မှာ ကောင်းပါတယ်။ စပါးဈေးက တောင်းတစ်ရာကို တစ်သိန်းနှစ်သောင်းကျပ် ရှိပါတယ်။ ဒါပေမယ့် ပြဿနာက စပါးရိတ်မယ့်သူ မရှိတဲ့ အတွက် စပါးတွေ ခြောက်ပြီး ပျက်စီးနေတာတွေ အများကြီး ဖြစ်နေပါတယ်။ အခုက စားဝတ်နေရေးကျပ်တည်းတော့ ဖါးကန့်၊ မလေးရှားကို ယောင်္ကျား မိန်းမကျန် ထွက်ခွာသွားကြတဲ့ အတွက် အခုတော့ ကျနော်တို့ ဒေသမှာ စပါးရိတ်မယ့် လူတောင် မရှိ ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းပြဿနာအား မည်ကဲ့သို့ ဖြေရှင်းပါသလဲဟု မေးမြန်းရာ သူက ယခုလို ပြောသည်။

“ အခုကတော့ ရွာမှာရှိနေတဲ့သူတွေနဲ့ ၀ိုင်းရိတ်သိမ်းနေကြပါတယ်။ တချို့ဒေသတွေမှာတော့ ရိတ်မယ့်သူ မရှိတဲ့ အတွင် စပါးတွေ ခြောက်ပြီး ပျက်စီးနေတာကြောင့် သည်းမခံနိုင်ဖြစ်ပြီး လူမျိုးခြား လုပ်သားတွေကို ကြားညှပ်အသုံးပြုပြီး ရိတ်ခိုင်းနေရတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ယခု တပ်မတော်မှ ရိက္ခာ ၀ယ်ယူမည်ဆိုသဖြင့် စပါးဈေး တက်လာနိုင်ပါသလားဟု မေးမြန်းရာသူက ယခုလို ပြောသည်။

“ တပ်မတော်က ၀ယ်မယ်ဆိုရင်လည်း စပါးဈေး မတက်နိုင်တော့ပါ။ အလွန်ဆုံးတက်ရင် တစ်သောင်း၊ နှစ်သောင်းပါဘဲ။ ရခိုင်ပြည်နယ် စိုက်ပျိုးရေး လုပ်ငန်းက ပျက်စီးသွားတာ ကြာပါပြီ။ ရခိုင်က စပါးကို အဆင့်မမှီတဲ့ အတွက် ဘယ်သူမှ မကြိုက်တော့ပါဘူး။ မ၀ယ်တော့ပါဘူး။ ရခိုင် လယ်ယာလုပ်ငန်း က တနှစ်ထက် တနှစ်ပျက်စီးနေတာ အဖတ်ဆည်မရအောင်ပါ” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ရခိုင်ဒေသရှိ ကျေးလက်တောရွာများတွင် လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသော လယ်သမားများ အနေဖြင့် လက်ရှိ လယ်ယာ လုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲမျိုးစုံ ပြဿနာ မျိုးစုံနှင့် ရင်ဆိုင်နေကြရသော်လည်း မိမိတို့၏ ပြဿနာကို မိမိတို့သာ ကြိတ်မှိတ်ပြီး ဖြစ်သလို ဖြေရှင်း နေကြရကြောင်း၊ အစိုးရ တာဝန်ရှိသူများက သော်၎င်း၊ လွှတ်တော် ကိုယ်စားလှယ်များက သော်၎င်း၊ နိုင်ငံရေး ပါတီများက သော်၎င်း တစ်စုံတစ်ရာ ၀င်ရောက် ကူညီ ဖြေရှင်းပေးခြင်း မရှိကြောင်း ပန်းမြောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက၎င်း၊ ကျောက်တော် အပေါက်ဝမှ လယ်သမားကြီးက၎င်း သူတို့ ခံစားနေရမူများအပေါ် နိရဉ္စရာသို့ ရင်ဖွင့် ပြောဆိုသွားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: