ရခိုင်ပြည် စစ်တွေမြို့တွင် Myanmar Legal Aid Network အဖွဲ့က ဦးဆောင်ကာ ရန်ကုန်ရှေ့နယ်များအသင်းနှင့် မြန်မာနိုင်ငံရှေ့နယ်များ အသင်းတို့က ၂၀၀၈ ဖွဲ့စည်းပုံ၌ပါရှိသော အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို စစ်တွေဟိုတယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က နံနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူငယ်တွေ လေ့လောနေစဉ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူငယ်တွေ လေ့လောနေစဉ်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ ရှေ့နယ်များ၊ ဥပဒေပညာရှင်များ၊ ဝံက်လက်ဖောင်ဒေးရှင်း၊ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရခိုင်အမျိုးသမီးများ ကွန်ယက်နှင့် စိတ်ပါဝင်စားသော လူငယ်များတို့က တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲကို ပြုလုပ်ရသော အကြောင်းအရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို မသိနားမလည်သော လူပုဂ္ဂိုလ်များကို ရှင်းလင်းခြင်းဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးသူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်၊ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်၊ တရားလွှတ်တော် ရှေ့နယ်လည်းဖြစ်၊ အာဆီယံ အသိဥာဏ်ပစ္စည်းဆိုင်ရာ အမှူးဆောင်လည်း ဖြစ်သော ဦးအောင်စိုးက ယခုလိုပြောသည်။
" ဆွေးနွေးပွဲကတော့ လူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ်နဲ့ မသိဘူး။ နားလည်းမလည်ဘူး။ နားမလည်ရင် နားလည်တဲ့သူက စားသွားမှာပဲ။ နားလည်တဲ့သူက သူ့စိတ်ကြိုက်လုပ်သွားမှာပဲ။ အဲဒီတော့ ပြည်သူတွေ နားလည်ဖို့လိုတယ်။ နားလည်းအောင်လို့ ဆရာတော့ ဥပဒေသမားတွေက လိုက်ရှင်းပြတာ။ နားလည်ပြီးရင် မျှမျှတတ ဥပဒေနဲ့အညီ အခွင့်အရေးတွေ သိလာမယ်၊ ပြုပြင်လာမယ်ဆိုရင် အခု အကြံဥာဏ်ပေးဖို့ လွှတ်တော်က တောင်းတယ်။ တောင်းတဲ့အခါမှာ ပြည်သူက အကြံဥာဏ်ပေးချင်တယ်။ ဘာပေးရမှန်းမသိဘူး။ ဒါပေမယ့် သူတို့က လွတ်လပ်ချင်တယ်၊ ညီမျှချင်တယ်၊ တန်းတူအခွင့်အရေးတွေ ရချင်တယ်။ အဲဒီတော့ ဆရာတော့က အသိတွေတိုးလာစေချင်လို့ မျိုးစေ့ချပေးတာ။ " ဟု သူက ပြောသည်။
နောက်ထပ် ဦးဆောင်ဆွေးနွေးသော Myanmar Legal Aid Network အဖွဲ့က ဥပဒေပညာရှင် ဦးကျော်မင်းဇံကလည်း တက်ရောက်ဆွေးနွေးသူများကို ၂၀၀၈ ဖွဲ့စည်းပုံတွင် ပါရှိသော မြန်မာအမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ စစ်ဖြစ်နေသော အချိန်ကာလတွင် လူတစ်ဦးအား ညှင်းပန်းနှိပ်စက် သင့်မသင့် ဥပဒေများနှင့် အရေးပေါ်ကာလတွင် သမ္မတက ထုတ်ပြန်သော အမိန့်ဥပဒေများ စသော ဥပဒေများကို အကျယ်တဝန့်ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
" စစ်တပ်ကလာတဲ့ ဝန်ကြီးတွေဆိုရင် နေရာနှစ်ခုရတယ်။ တပ်ကလည်းထွက်စရာမလိုဘူး။ ဝန်ကြီးကလည်း နုတ်ထွက်စရာမလိုဘူး။ ဆိုတော့ သူတို့က လစာနှစ်မျိုးရတယ်။ တပ်ဘက်မှာလည်း လစာရတယ်။ ဝန်ကြီးဌာနထဲမှာလည်း လစာရတယ်။ အရပ်ဘက်က တက်လာတဲ့ ဝန်ကြီးတွေကျတော့ နေရာတစ်ခုပဲ။ လစာလည်းတမျိုးပဲရတယ်။ ဒါတွေဟာ ပြင်သင်တဲ့ အချက်တွေဖြစ်တယ်။ " ဟု ဆွေးနွေးတင်ပြခဲ့သည်။
ဖွဲ့စည်းပုံထဲတွင် ပါဝင်သော တချို့အချက်အလက်နှင့် ပုဒ်မများမှာ ပြည်သူတွေလိုလားနေသော ဒီမိုကရေစီစနစ်နှင့် လွဲနေကြောင်း တရားလွှတ်တော် ရှေ့နယ် ဦးအောင်စိုးက ဆိုသည်။
" အဓိက လူတွေပြောနေတာကတော့ တပ်မတော်ရဲ့ ကဏ္ဍပေါ့။ တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်ဘာညာဆိုတာကြတော့ တပ်မတော်ကို တကယ်တော့ ပြည်သူ့လူထုက သူတို့ကိုချစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကာကွယ်တဲ့ ကာကွယ်မှု၊ အုပ်ချုပ်မှုပေါ်မှာပဲ ရှိစေချင်တယ်။ နိုင်ငံရေးမှာ မရှိစေချင်ဘူး။ အခုသူတို့က နိုင်ငံရေးမှာရှိတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားတွေကို ၂၅ ရာခိုင်နှုန်းထည့်ပေးလိုက်တယ် ဆိုတာ ဒီမိုကရေစီနဲ့ မညီဘူးပေါ့။ မညီတဲ့အခါမှာ တော်တော်များများ နောက်က ပုဒ်မတွေ ပြောစရာဖြစ်လာတာပေါ့။ သမ္မတရွေးတာတော့၊ သမ္မတရွေးရင်လည်း သုံးယောက်ဆိုရင် တစ်ယောက်က တပ်မတော်သား၊ အဲတပ်မတော်သားကို လူထုက ရွေးတာမဟုတ်ဘူး။ တပ်မတော်က ခန့်ပြီးလုပ်တာဆိုတော့ ဒါက ဒီမိုကရေစီမှ မဟုတ်တာလေ။ နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီဘူးပေါ့။ " ဟု သူက ပြောသည်။
ထိုအချက်များသည် အသွင်းကူးပြောင်းသောကာလတွင် မှန်နေသော်လည်း ယခု တည်ငြိမ်လာပြီဆိုသည့်အတွက် ၄င်းပုဒ်မများကို ပြင်ဆင်သင့်ပြီး ယင်းတစ်ချက်တည်း ပြင်လိုက်ပါက ကျန်သောအချက်များမှာ အားလုံး ပိုပြီးကောင်းသွားမည်ဖြစ်ကြောင်း၊ ထို့နောက် သမ္မတတင်မြှောက်သော အပိုင်းတွင်လည်း အသက်ကို ကန့်သတ်ထားသောကြောင့် လူငယ်များ သမ္မတဖြစ်ခွင့် မရှိကြောင်း ဦးအောင်စိုးက ဆက်လက်ဆိုသည်။
" သမ္မတအသက်ပေါ့။ သမ္မတရဲ့ အသက်က ၄၅ နှစ်လို့ သတ်မှတ်ထားတယ်။ လူငယ်တွေ သမ္မတဖြစ်ခွင့် မရှိဘူး။ တိုင်းပြည်အုပ်ချုပ်လို့ မရဘူး။ ဗိုချုပ်အောင်ဆန်းသာ အခုအသက်ရှင်နေရင် ဒီမှာ ၀င်ခေါင်ဆောင်လုပ်လို့ မရတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်း အသက်က ၃၂ နှစ်။ ဆိုတော့ လူငယ်တွေကို ဖြစ်စေချင်တယ်။ အဲဒီတော့ ဒီအသက်တွေကို ပြင်ရမယ်။ အဲဒါမျိုးတော့ပေါ့။ နောက်တစ်ခုကလည်း ဟိုဟာပေါ့ ဒီ တရားလွှတ်တော်က တရားစီရင်ရေးမှာ အမြင့်ဆုံးပေါ့။ အခုက တရားလွှတ်တော်ရယ်၊ စစ်ခုံရုံးရယ်၊ အခြေခံဥပဒေ ခုံရုံးတွေရှိတယ်။ ဒါပေမယ့် တပ်မတော်သားတွေကို ဟိုဟာလုပ်တဲ့အခါမှာ တပ်မတော် ကိစ္စကို စစ်ခုံရုံးက ဆုံးဖြတ်တာ မှန်တယ်။ အမြင့်ဆုံးကတော့ ပြည်သူ့တရားလွှတ်တော်ချုပ်ပဲ ဖြစ်ရမယ့်။ ဖြစ်သင့်တာပေါ့။ ဒါပေမယ့် ဒီဟာက ဟိုဘက်မှာကျတော့ ကာကွယ်ရေးဦးစီးချုပ် ဆုံးဖြတ်ချက်က အပြီးအသတ်ဖြစ်တယ်ဆိုတော့ ဒါတွေက တစ်ခါတလေကျတော့ နည်းနည်းလည်း ဒီမိုကရေစီစနစ်မှာ ပိုပြီးတော့ ပြုပြင်ပြောင်းလဲသင့် တာပေါ့နော်။ " ဟု ပြောသည်။
ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ့်ပြည်နယ်၏ ဝန်ကြီးနှင့် အစိုးရကို ကိုယ့်တိုင်းရင်းသားတို့ကပဲ ခန့်သင့်ကြောင်း၊ ဗဟိုအစိုးရက ဝင်စွပ်ဘက်မှုမရှိဘဲ သတ်သတ်ရှိနေသင့်ပြီး တိုင်းရင်းသားတို့၏ အခွင့်အရေးများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ပိုပြီးလေးပေး သင့်ကြောင်း ဦးအောင်စိုးက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ လူငယ်တွေ တက်ရောက်ဆွေးနွေးခဲ့စဉ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ လူငယ်တွေ တက်ရောက်ဆွေးနွေးခဲ့စဉ်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော လူပုဂ္ဂိုလ်များထံမှ ဦးဆောင်ဆွေးနွေးသူများက ဖွဲ့စည်းအုပ်ချုပ်ပုံကို အကြံပြုလွှာများ ကောက်ခံပြီး ရရှိလာသော အကြံပြုလွှာများကို အတွင်းရေးမှူး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)