Monday, December 16, 2013

ရခိုင်ပြည်နယ်နေ့ အခမ်းအနား မောင်တောနယ်စပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

4
ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၃၉) နှစ်မြှောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို မြန်မာ-ဘင်္ဂလာ နယ်စပ်ရှိ မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင်ပရဟိတ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
နံသာတောင်တွင် ပြုလုပ်ကျင်းပခဲ့သော ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ၁၄ ရက်နေ့တွင် တစ်ရက်စောပြီး အဆုံးသတ်ခဲ့သည်ဟု သိရသည်။ အခမ်းအနားသို့ လူပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့သည်ဟု နံသာတောင် ပရဟိတစာသင်တိုက် ကျောင်းအုပ် ဆရာတော် ဦးစရဏမှ မိန့်ကြားသည်။
“  ဖိတ်ကြားထားတဲ့ တောင်ပြို မြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ပြိုအထက ကျောင်းအုပ် ဆရာကြီးနဲ့ ဆရာ- ဆရာမတွေ၊ ရဲစခန်းမှူးနဲ့ ရဲဝန်ထမ်းတွေ၊ တခြား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘ  စုစုပေါင်း  လူပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်” ဟု ဆရာတော်က ဆိုသည်။
ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် အားကစားပြိုင်ပွဲများအားလည်း ထည့်သွင်းကျင်းပခဲ့သလို ရခိုင် ရိုးရာ အကများဖြင့်လည်း တင်ဆက် ဖြေဖျော်ခဲ့ကြသည်ဟု ဆိုသည်။
“ ရခိုင်ရိုးရာကျင်၊ ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလုံး (ဂိုးကျဉ်း)၊ ထုတ်ဆီးထိုး၊ အပ်ခြေထိုး၊ ခြေပူး
စတဲ့ အားကစားပြိုင်ပွဲတွေကို ကျင်းပကြတယ်။ ညနေပိုင်းမှာတော့  နံသာတောင်ပရဟိတစာ သင်တိုက်က  ကျောင်းသူ ကျောင်းသားတွေက ရိုးရာ ယဉ်ကျေးမူ အကတွေနဲ့ တင်ဆက် ဖြေဖျော်ခဲ့ကြပါတယ်” ဟု ဆရာတော် ဆက်လက် မိန့်ကြားသည်။
DS3
ဒီဇင်ဘာ (၁၄) ရက်နေ့  နံက်ပိုင်းတွင်  အားကစားပြိုင်ပွဲများကို ဆက်လက် ပြုလုပ်ကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် ဆရာ ဆရာမများအား ပူဇော်သည့်  အာစရိယပူဇော်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသည်။
ညနေပိုင်းတွင် ဖြေဖျော်ရေး စတိတ်စင်တွင် ဆုပေးပွဲ အခမ်းအနားအား ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများ ချီးမြှင်ခဲ့ပြီး ရခိုင်ရိုးရာယိမ်းအကများ ဖြေဖျော်တင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: