Monday, December 16, 2013

ဒီမိတ်ပါတီများကို ပါတီခြောက်ပါတီ ထပ်တိုးကာ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းရန် စီစဉ်

ဒီမိုကရေစီမိတ်ဆွေပါတီများကို နောက်ထပ်ကမ်းလှမ်းထားသည့် ပါတီခြောက်ပါတီ ထပ်တိုးကာ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့(FDA) အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဒီမိုကရေစီ မိတ်ဆွေပါတီများတွင် ယခင်က ၁၀ ပါတီရှိခဲ့ပြီး တိုင်းရင်းသားပါတီ ငါးပါတီမှာ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) အဖွဲ့ဝင်များဖြစ်သောကြောင့် လက်ရှိတွင် ငါးပါတီသာ ကျန်ရှိတော့သည်။
အဆိုပါငါးပါတီအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်က ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရုံးချုပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး နောက်ထပ်ကမ်းလှမ်းလာသည့် တိုင်းရင်းသားပါတီ ခြောက်ပါတီထပ်တိုးကာ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA) အဖြစ် အမည်ပြောင်းဖွဲ့စည်းရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ၁၈ ရက်ကျရင် NDF(အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ) ရုံးချုပ်မှာ ကမ်းလှမ်းထားတဲ့ တိုင်းရင်းသားပါတီ ခြောက်ပါတီနဲ့တွေ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့အဖြစ်ဖွဲ့ဖို့ ဆုံးဖြတ်ချက်ချမယ်။ လက်ရှိကတော့ ကမ်းလှမ်းထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အဲဒီနေ့ကျမှ ဆုံးဖြတ်ချက်ချမယ်"ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
ဒီမိုကရေစီမဟာမိတ်အဖွဲ့(FDA) အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် ကမ်းလှမ်းထားသည့် ပါတီခြောက်ပါတီမှာ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း . . .
ယခင်က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီရှိသည့်အနက် နောက်ထပ်တိုင်းရင်းသားပါတီများ ထပ်မံစုပေါင်းပြီး မည်ကဲ့သို့ လုပ်ဆောင်ကြမလဲဆိုသည်ကိုသာ ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ အဖွဲ့ဖွဲ့ခြင်းဆိုသည်ထက် မဟာမိတ်များအဖြစ် စုပေါင်းလုပ်ဆောင်သွားရန် ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများမှ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းသို့ ရောက်ရှိသွားသည့် တိုင်းရင်းသားပါတီငါးပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ဖြစ်သည်။
ဒီမိုကရေစီမိတ်ဆွေပါတီများမှ ကျန်ရှိသည့် ငါးပါတီမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ပြည်ထောင်စု ဒီမိုကရေစီပါတီတို့ဖြစ်ပြီး ဒီမိုကရေစီမဟာမိတ်အဖွဲ့(FDA) အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် ကမ်းလှမ်းထားသည့် ပါတီခြောက်ပါတီမှာ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: