Friday, December 13, 2013

သံတွဲထောင်မှ ကိုမြင့်မိုးနှင့် ကိုသိန်းဝင်း အာမခံဖြင့် လွတ်မြောက်လာ

Ngapali-Thandwe-Sandoway-Rakhine-State-MyanmarRNDP သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပုနှင့် အမူတွဲ ၁၁ ဦးထဲမှ အာမခံ မရဘဲ သံတွဲထောင်ထဲတွင် ကျန်နေခဲ့သူ ကိုမြင့်မိုးနှင့် ကိုသိန်းဝင်တို့ နှစ်ဦးသည် ယမန်နေ့က အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
သူတို့ နှစ်ဦးသည် သံတွဲ ပဋိပက္ခနှင့်  ဆက်စပ်ပြီး ယခုနှစ် အောက်တိုဘာလအတွင်းက အခြား ဒေသခံ အများအပြားနှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၂ (ခ) – ဆူပူအောင် လုံဆော်မူဖြင့် တရားစွဲခံခဲ့ကြရသည်။
သူတို့ နှစ်ဦးမှာ အာမခံဖြင့် ပြန်လွတ်လာခြင်းသာဖြစ်ပြီး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မဟုတ်ကြောင်း ကိုမြင့်မိုးက ပြောသည်။
“ကျွန်တော်တို့က မနေ့ ညနေက ပုံမှန် အမှုသွား အမှုလာနဲ့ လွတ်တာပါ။ မနေ့က ညနေ ၃ နာရီခွဲ ခန့်မှာ မြို့နယ်တရားရုံးက အာမခံပေးပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်တာတော့မဟုတ်ပါဘူး” ဟုယင်းက ဆိုသည်။
ယခုလ ၃ ရက်နေ့က သူတို့နှင့် အမူတူ  RNDP သံတွဲမြို့နယ် ဥက္ကဌ ဦးစောလှိုင် (ခေါ်) ဦးမောင်ပု အပါအ၀င် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက အာမခံဖြင့် လွတ်ပေးခဲ့သော်လည်း ကိုမြင့်မိုးနှင့် ကိုသိန်းဝင်းတို့ကိုမူ အာမခံ မပေးဘဲ ချန်လှပ်ထားခဲ့သည်။
“ အရင်တစ်ခေါက်တုန်းက ကျွန်တော်တို့ကို အာမခံမပေးတာက ကျွန်တော်တို့ ထောင်ထဲမှာ ရန်ဖြစ်ထားတဲ့အတွက် ပုဒ်မ ၄၀ နဲ့ တရားစွဲထားတာကြောင့် ကျန်နေခဲ့တာဖြစ်ပါတယ်” ဟု ကိုမြင့်မိုးက ပြောသည်။
သံတွဲပဋိပက္ခနှင့် ဆက်စပ်ပြီး ရခိုင်အမျိုးသား စုစုပေါင်း ၉၀ နီးပါး ဖမ်းဆီးခံထားရကြောင်း၊ ၎င်းတို့ကို သံတွဲ အကျဉ်းထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သူကဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: