Wednesday, December 4, 2013

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နဲ့ RFA ရခိုင်ဘာသာက ထုတ်လွှင့်သွားတဲ့ အင်တာဗျူး

နိုဝင်္ဘာလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်း လွတ်လပ်သော အာရှ အသံ (မြန်မာပိုင်းအစီအစဉ်) ရဲ့ ရခိုင်ဘာသာ အသံလွှင့် အစီအစဉ်ကနေ ရက္ခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံ မေးပြန်းခန်း (အင်တာဗျူး) ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ၎င်းတွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို တင်ပြပေးလိုက်ပါတယ်။

Tun-Mrat-Naing

မေး။ ။ ရခိုင်လူမျိုးတွေအတွက် ရခိုင်လူမျိုးကိုကိုယ်စားပြု ကာကွယ်နိုင်တဲ့ တပ်မတော်တစ်ခုထူထောင်ဖို့ ဘာကြောင့် ဒီနေ့အချိန်မှာ လိုအပ်နေတယ်လို့ ထင်မြင်ပါသလဲ။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်။ ။ ရခိုင်လူမျိုးတွေအနေနဲ့ တပ်မတော်တစ်ရပ် လိုအပ်နေတာက ဒီနေ့အချိန်မှာမှ မဟုတ် ဘူး။ အတိတ်ကလည်း လိုအပ်ခဲ့တယ်။ တပ်မတော် တစ်ရပ် မရှိခဲ့တဲ့ အတွက် ရခိုင်လူမျိုးကလည်း ဒီလိုဘဝမျိုးကို ရောက်သွားတယ်။ ဒီအချိန်မှာ အခြေအနေက ပိုပြီး ဆိုးရွားသွားတယ်။ စနစ်တကျ လေ့ကျင့်ထားတဲ့ အင်အား တောင့်တင်းတဲ့ တပ်မတော် တစ်ရပ်ကို ကျွန်တော်တို့အနေနဲ့မတည်ဆောက်နိုင်ဘူးဆိုရင် ရခိုင်တွေရဲ့ ဘဝ အနာဂတ်ကို အာမခံချက် ပေးဖို့ မရေမရာဖြစ်သွားမယ်။ ဒါကြောင့် ဒီကိစ္စဟာ ကျွန်တော်တို့ ရခိုင်လူမျိုးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်နေပါတယ်။ ရခိုင်လူမျိုးတွေ အတွက် “ရက္ခိုင့်တပ်မတော်” ဆိုတာ ရှိကို ရှိရမယ်။

မေး။ ။ အခုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုဖြေရှင်းနေတဲ့ နေရာမှာ အစိုးရက လက်နက်ကိုင်ရှိတဲ့ လူမျိုးကိုမှ အလေးထားဆက်ဆံတာတွေ၊ နိုင်ငံရေးအားဖြင့် အလေးထား နေရာပေးတာတွေကို တွေ့နေရတယ်။ ကျွန်တော်တို့ ရခိုင်တွေလို လက်နက်ကိုင် အင်အား တောင့်တောင့် တင်းတင်း မရှိတဲ့ လူမျိုးတွေကျတော့ အလေးထားတာ မတွေ့ရဘူး။ နေရာ မပေးဘူး။ တပ်မတော်မရှိတဲ့ အတွက် ရခိုင်တွေမှာ နိုင်ငံရေးသြဇာလည်း မရှိသလိုမျိုး ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒီအပေါ်မှာကော ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်။ ။ ဟုတ်ပါတယ်။ လက်နက်ကိုင် အင်အားတောင်းတင်းတဲ့ လူမျိုးတွေကိုသာ နေရာပေး ဆက်ဆံပြီး လက်နက်ကိုင် အင်အားနည်းတဲ့ လူမျိုးတွေကို အဆင့်နှိမ့် ဆက်ဆံနေတာကို အားလုံးအမြင် ဖြစ်ပါတယ်။ တကယ်လို့များ ယခုလက်ရှိ မြန်မာအစိုးရက နိုင်ငံရေးအရ သဘောထားမှန်မှန်နဲ့ တန်းတူ အခွင့် အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိတဲ့၊တရားမျှတတဲ့ ပြည်ထောင်စု တစ်ခုကို တည်ထောင်ဖို့ အတွက် မှန်ကန်တဲ့ နိုင်ငံရေး ရည်မှန်းချက်၊ မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ ဆန္ဒ(Political Will)မရှိသေးလို့ ဖြစ်ပါတယ်။ သူတို့မှာသာ အဲဒီလိုမျိုးရှိရင် ကျွန်တော်တို့က နိုင်ငံရေး အရ ဖြေရှင်းလို့ရမဲ့ ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်။ အခုကတော့ အသုံးအနှုန်းတွေက တစ်ယောက်ကို တစ်ယောက် လှည့်စားနေတာနဲ့ တူပါတယ်။ လူတိုင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမယ်လို့ ပြောပေမဲ့လည်း စစ်ရေး အခြေအခံ အပေါ်မှာ ခွဲခြားပြီး ဆက်ဆံ နေတာတွေ တွေ့ရတယ်။ တန်းတူ ပြည်နယ်တစ်ခုရဲ့Personality ကိုလေးလေးစားစား ဆက်ဆံတာ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ရခိုင်တွေ အနေနဲ့လည်း နိုင်ငံရေးအရ လုပ်မယ်ဆိုရင် လက်နက်ကိုင် ပလက်ဖောင်း ကောင်းကောင်း ခိုင်ခိုင်မာမာ တည်ဆောက်ထားမှသာလျှင် ရခိုင်တွေအတွက် လိုအပ်တဲ့ နိုင်ငံရေး အခွင့် အရေးတွေ ရနိုင်မယ်ဆိုတဲ့ အနေအထား ရှိနေပါတယ်။ သူတို့အနေနဲ့လည်း မှန်ကန်တဲ့ နိုင်ငံရေးဦးတည်ချက်၊ မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ ဆန္ဒ (Political Will) မရှိသေးတဲ့အတွက် အပေါ်ယံအပြောင်းအလဲကိုလုပ်ပြီး ပြည်သူတွေနဲ့ ကမ္ဘာကြီးကို မလိမ့်တပတ်နဲ့ ကစားနေတဲ့ အနေအထားမျိုးလို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။

မေး။ ။ နောက်တခု ကျွန်တော်မေးချင်တာကရခိုင်ပြည်နယ်မှာ နိုင်ငံရေးပဋိပက္ခတွေနဲ့ အတူ မတည်ငြိမ်မူတွေလည်း ဖြစ်နေတယ်။ ရခိုင်ပြည်သူတွေကိုလက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ပြောချင်ပါသလဲ။ သတိပေးမူတွေနဲ့ အတူပေါ့။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်။ ။ ဒီလိုမျိုးတွေမှာ ကျွန်တော်တို့ သတိပေးမှုတွေ လုပ်ဖို့ လိုသလို စနစ်တကျနဲ့ ဦးဆောင်မှု ပေးဖို့ကလည်း ပိုပြီး အရေးကြီးနေပါတယ်။ သတိပေးလိုတာက ကျွန်တော်တို့ ရခိုင်တွေရဲ့ စိတ်နေ စိတ်ထား ဗီဇသဘောတရား အရ ပေါက်ကွဲလွယ်တယ်။ နောက်ပြီး အာရုံပြောင်းလွယ်တယ်။ ရန်သူတွေ အနေနဲ့ လည်း ကျွန်တော်တို့ ရခိုင် လူထုကို ခေါင်းဆောင်မှု ပေးနိုင်တဲ့ အမျိုးသားရေးလမ်းစဉ်၊ စနစ်ကျတဲ့ ဥာဏ်ပညာ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ အမျိုးသားရေး ခေါင်းဆောင်မှု တခုကိုမတည်ဆောက်နိုင်သေးတဲ့ ကာလမှာ ဆင်းရဲ မွဲတေမှု ဒုက္ခ အကျပ်အတည်းတွေကြောင့် ပေါက်ကွဲနေတဲ့ လူထုကို အလွယ်တကူနဲ့ ဒေါသဖြစ်အောင် လှုံဆော်ပြီး သူတို့လိုချင်တဲ့ဘက်ကို ဦးတည် ပေးလိုက်လို့ရှိရင် ကျွန်တော်တို့ဟာ လမ်းမှားတွေကို ရောက်သွား နိုင်တယ်။ နိုင်ငံရေးအရ လုပ်သင့် လုပ်ထိုက်တာတွေ၊ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ထက် ဒေါသ အလျောက် ရန်သူရဲ့ကျုံးထဲကို ဝင်သွားပြီး ပြန်မထွက်နိုင်ဘဲ အမှန်တရားတွေနဲ့ ဝေးကွာသွားနိုင်တယ်။ ဒါကြောင့် ဒေါသအလျောက် လုပ်တာထက် ဥာဏ်ပညာနဲ့ ဆင်ခြင်ပြီး ကိုင်တွယ်သင့်တယ်။ အစကတည်းက ကျွန်တော်တို့ကို ပြဿနာ ၂ ခုကြားမှာ ထားပြီး ဦးတည်ချက် ပျောက်သွားအောင် ထောင်ထားတဲ့ ထောင်ချောက် ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို အထူးသတိထားပြီးမှ ကျွန်တော်တို့ ဆင်ဆင်ခြင်ခြင်နဲ့ ကိုင်တွယ်ရမယ်။ လိုအပ် လာရင်တော့ သတ္တိရှိရှိနဲ့ ကိုင်တွယ်ရမှာပါ။

မေး။ ။ ရခိုင်အမျိုးသားတွေ အခုလို နိုင်ငံ၊ စီးပွားရေး၊ လူမူရေး ဘက်ပေါင်းစုံ ချွတ်ခြုံကျလာရတဲ့ အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ လူလုံး မလှ ဆင်းရဲနေရတယ်။ အမျိုးသားရေး အကျပ်အတည်း ပေါင်းစုံကို ရင်ဆိုင်နေရတယ် ဆိုတာကတော့ ဖိနှိပ်မှုနဲ့ အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူတွေ ရဲ့ စနစ်တကျ ဖန်တီးထားတဲ့ အတွက် ဖြစ်ပါတယ်။ ရခိုင်တွေကို အလုံးစုံ လုံးပါးပါးရေး ရေရှည် အစီအစဉ် တစ်ခုလို့ ကျွန်တော်တို့ က သုံးသပ်ပါတယ်။ ဒါက မှန်လည်းမှန်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်ရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို စနစ်တကျ ကိုင်တွယ်ပြီး အကွက်ကျကျ ရခိုင်ပြည်ကို တိုးတက်မှုတွေက ရပ်တန့်သွားအောင် ဆုတ်ယုတ်သွားအောင် စီမံထားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့ ရခိုင်တွေမှာရှိတဲ့ ဆိပ်ကမ်းတွေကို အသုံးပြုပြီး ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေ၊ အလှဆုံး ကမ်းခြေတွေ၊ ရေနံသဘာဝ ဓါတ်ငွေ့တွေ၊ အဖိုးတန် သတ္တုတွေ၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ အတွက် ရှေးအကျဆုံး မြို့တော်ဟောင်းတွေ အများကြီးရှိတယ်။ ဒီလို ရှိသော်ငြားလည်း ကျွန်တော်တို့မှာ ဘာတစ်ခုကိုမှ စီမံ ခန့်ခွဲပိုင်ခွင့် နိုင်ငံရေးအရ အခွင့်အရေးမရှိဘူး။ ဒီလို အခွင့်အအရေးတွေ အတွက် ဦးဆောင်နိုင်မှု မပေးနိုင်တာတွေကြောင့် ခုလိုမျိုး အလွန်ဆင်းရဲ ဒုက္ခရောက်နေပြီး ဒါတွေဟာ စနစ်တကျ လုပ်ထားတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ အလားအလာ ကောင်းတွေ အများကြီးရှိတယ်။ လျှပ်စစ် တစ်ခုကို ဗမာပြည်နဲ့ တန်းတူ သုံးခွင့်ပေးရင်တောင်မှ ကျွန်တော်တို့ ရခိုင်ပြည်ဟာ စီးပွားရေး အရ မြန်မာနိုင်ငံမှာ ထိပ်ဆုံးကို ရောက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
မေး။ ။ ဟုတ်ကဲ့ ။ ရခိုင်မျိုးဆက်သစ် လူငယ်တွေကိုရခိုင်ပြည်အမျိုးသားညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို အမှာစကားပြောလိုပါလဲ။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်။ ။ ပြောရမယ်ဆိုရင် မျိုးဆက်သစ်ဆိုတာကအနာဂတ်ရဲ့ ခေါင်းဆောင်ပါ။ အခုလောလောဆယ်တော့ အနာဂတ် ခေါင်းဆောင်တွေကို ပြောစရာရှိသလို လက်ရှိ ခေါင်းဆောင်တွေကိုလည်း ပြောရမှာ ဖြစ်ပါတယ်။ လူငယ်တွေ အရေးကြီးတာ မှန်ပေမဲ့ လူငယ်တစ်ခုနဲ့ တိုင်းပြည်ကိုတည်ဆောက်လို့မရ။ ကျွန်တော် ပြောလိုတာက ကျွန်တော်တို့မှာသင်္ခန်းစာယူစရာတွေအများကြီးရှိပါတယ်။ အဲဒီထဲကအမျိုးသားညီညွတ်ရေးနဲ့ ပတ်သက်တဲ့ သင်္ခန်းစာကသိပ်အရေးကြီးတယ်။ အဲဒီလို တောင်ပုံ ယာပုံ သင်္ခန်းစာယူစရာတွေ အများကြီးရှိသော်ငြားလည်းသတိမမူဂူကိုမမြင်ဖြစ်တတ်ပါတယ်။ သို့သော်လည်းလူတွေပြောကြသလို မြင်းကောင်းခွာလိပ်တယ်ဆိုပေမယ့် အခါတစ်ရာခွာလိပ်နေတဲ့ မြင်းကိုတော့ မြင်းကောင်းလို့ခေါ်လို့မရနိုင်ပါ။ ဒါကြောင့် အမျိုးသားရေးအတွက် တာဝန်သိသိ သတိရှိရှိနဲ့ နောင်လာနောင်သားတွေအတွက် အာမခံချက်ရှိတဲ့ အနာဂတ် တစ်ခုကိုပိုင်ဆိုင်နိုင်အောင် အမျိုးသားရေးကို နှုတ်ခမ်းဖျား၊ လျှာဖျားနဲ့ ချစ်နေကြတာထက်။ လက်တွေ့ကျကျ တာဝန် သိမှု၊ တာဝန်ခံမှုနဲ့ အနစ်နာခံရပ်တည်ပေးကြပါ။ “ရက္ခိုင့်တပ်မတော်” နဲ့လည်းလက်တွဲကြပါလို့ပြောလိုပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
---------------------------------------------------------------------------------------------------------------------------------
ရခိုင်သတင်းများကို သီးခြားဖော်ပြပေးနေသည့် နိရဉ္စရာသတင်းဌာနအား ၀င်ရောက်တိုက်ခိုက်သွားသည့် Hackers အုပ်စုအား ရှုတ်ချပါသည်။ ရခိုင်သား ကွန်ပျူတာပညာရှင်များအနေဖြင့်လည်း ရခိုင်နှင့်သက်ဆိုင်သော ၀က်ဘ်ဆိုက်များအား ကာကွယ်ပေးနိုင်ရေးအတွက် အုပ်စုဖွဲ့ရန် အချိန်တန်ပါပြီ။)

No comments: