Monday, September 30, 2013

ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူရဦးရွှေမန်းနှင့် ရခိုင်မိသားစု တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ ပြည်လမ်းမရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာနခန်းမ (IBC)တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။ ရခိုင်ပြည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံဆွေးနွေးနေကြစဉ်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များ၊ လွတ်တော်အမတ်များ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်လူမှုအသင်းအဖွဲ့များနှင့် ဂုဏ်သရေရှိ ရခိုင်လူကြီး လူကောင်းများ (၃၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ထာဝရငြိမ်းချမ်းမှု ရရှိစေရန်နှင့် အေးချမ်းသာယာသည့် အနာဂတ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှ နုတ်ခွန်းဆက်အမှာ စကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ရခိုင်ပြည်နယ် သမိုင်းအကျဉ်းနှင့် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ထွီးက ၄င်းတွေ့ဆုံပွဲတွင် ဆွေးနွေးပွဲခဲ့ကြသော အကြောင်းအရာတချို့ကို ယခုလိုပြောသည်။
" ဆွေးနွေးကြတာကတော့ ရခိုင်ပြည်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြကြတဲ့အခါမှာ နိုင်ငံတော်လုံခြုံရေးအနေနဲ့ မြန်မာနိုင်ငံအတွင်း ဘင်္ဂလီများ စိမ့်ဝင်ပျံ့နှံ့လာတဲ့အကြောင်းရယ်၊ ပဋိပက္ခများအတွင်းမှာလည်း ရခိုင်ပြည်သူများအနေနဲ့ အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရတာတွေကို အထူးတလေ တင်ပြသွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ်ရာကောင်းလာတဲ့ နယ်စပ်ဒေသများဖြစ်တဲ့ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှာ လုံခြုံရေးအရ ဘင်္ဂလီတွေပျံ့နှံ့နေထိုင်တာတွေကို အထူးစိစစ် အကာအကွယ်ပြုဖို့ တင်ပြသွားခဲ့ကြပါတယ်။ နောက်ပြီး တော့ မြန်မာနိုင်ငံ လုံခြုံရေးအခြေအနေအရ ၁၉၈၂ နိုင်ငံသားဥပဒေအား ထောက်ခံကြောင်း၊ ယာယီမှတ်ပုံတင်ကိစ္စနဲ့ မဲမေးခွင့်အား ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ရွေးကောက်ပွဲဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ပြန်လည် စီစဉ်ပေးဖို့ တောင်းဆိုသွားခဲ့ကြတယ်။ အဲဒီလိုပဲ တိုင်းရင်းသား တွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကိုလည်း ကြိုဆိုထောက်ခံကြောင်း၊ ဒေသန္တာရဥပဒေကိုလည်း ပြဋ္ဌာန်းရန်းလိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအရ တက္ကသိုလ်ကျောင်းများသို့သွားသည့် လမ်းတဖက်တချက်ရှိ ဘင်္ဂလီများ အခြေစိုက် နေထိုင်နေကြတဲ့ ကျေးရွာများနှင့် စစ်တွေမြို့ရှိ ဘင်္ဂလီများ အခြေချ နေရာယူထားတဲ့ အင်ပါလာရပ်ကွက်ကို ရွေ့ပြောင်းပေးဖို့၊ ဒေသအတွင်း ဘင်္ဂလီများ ခိုးဆိုးလုယှက်မှု၊ သတ်ဖြတ်မှုတွေကို အရေးယူပေးဖို့၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးပေးဖို့နဲ့ ရခိုင်ဒေသလုံခြုံရေးအတွက် ရခိုင်လူထုတွေကို ရခိုင်သားတို့ ကာကွယ်ဖို့ ရခိုင်ပြည်သူ့ စစ်တပ်ဖွဲ့ကို ဖွဲ့စည်းပေးဖို့ တင်ပြ တောင်းဆိုသွားခဲ့ကြပါတယ်။ " ဟု ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း INGO များအခြေစိုက်လှုပ်ရှားမှုသည် နိုင်ငံတော်လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာသည့်အတွက် နိုင်ငံတော်မှ စီစစ်ထိမ်းချုပ်ရန်၊ ၄င်းတို့ အခြေချမည့်ဒေသများ၊ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများကို ရခိုင်လူထုအား အသိပေးရန် တင်ပြတောင်းဆို ခဲ့ကြသည်။
ရခိုင်ပြည်တွင် လျှပ်စစ်မီး (၂၄)နာရီ ဈေးနှုန်းချိုသာစွာပေးရန်၊ ရခိုင်ပြည် ထွက်ကုန်ပစ္စည်းများ ကုန်သွယ်စီးပွားကောင်းမွန်လာစေရန်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူလူထု အလုပ်အကိုင်နှင့် စီးပွားရေးကောင်းမွန်လာစေရေးအတွက် စက်ရုံ အလုပ်ရုံများ၊ အပန်းဖြေစခန်းများနှင့် ဟော်တည်ဇုံများကို အဆင့်မှီ တည်ဆောက်ပေးရန်၊ ပင်လယ်ထွက်ကုန်ပစ္စည်းများနှင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ အထူးစီပွားရေးဇုန်များတွင် နည်းပညာမြင့်မားသည့် နိုင်ငံများကိုလည်းကောင်း၊ နိုင်ငံသားများကိုလည်းကောင်း ရင်းနှီးမြှုပ်နှံ့ခွင့်များပေးရန်၊ ရခိုင်ပြည်၏ ပညာရေး၊ ကျန်းမာရေးအခန်းကဏ္ဍများ၊ စိုးပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊ နည်းပညာများကိုနှင့် အကူအညီများကို ပိုမိုမြင့်တင်ပေးရန်၊ အစိုးရနှင့် ပြည်သူများပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရခိုင်ပြည်မှထွက်သည့် သဘာဝသယံဇာတများအား ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည်သူလူထုအား အကျိုးခံစားခွင့်ပေးရန်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်များ၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်း များကို တတ်ရောက်နိုင်ရန် တည်ဆောက်ပေးရန်နှင့် အခွင့်အလမ်းများပေးရန်၊ လယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေကြီးမှရွှေသီးနိုင်ဖို့် ရေမြောင်းနှင့် တာတမံများတည်ဆောက်ပေးရန်၊ တိမ်မြှုပ်ပျောက်ကွယ်တော့မည့် ရခိုင်လုံချည်နှင့် ရခိုင်ယက်ကမ်းအလုပ်ကို လူ့စွမ်းအားနှင့် အမြန်ဆုံး ဖော်ထုတ်ပေးရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးရန်၊ ခေတ်အဆက်ဆက်တန်ဖိုးထားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ပေးရန်၊ စသည်တို့ကို တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကို အကြောင်းအရာများအလိုက် အသေးစိပ်ဆွေးနွေးပြီး တင်ပြတောင်းဆို သွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေများကို တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူမှလည်းကောင်း၊ ရခိုင်ပြည်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရေးပါပုံများကို ဥပဒေပညာရှင် ဦးသာပွင့် စစ်တွေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လူမှုစီးပွားဆိုင်ရာများကို ဦးသိန်းရွှေမှလည်းကောင်း၊ ရခိုင်ပြည်နယ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖွံ့ဖြိုးရေးအတွက် ရခိုင်သဟရအသင်း ဥက္ကဋ္ဌ ဦးလှမောင်သိန်းမှလည်းကောင်း၊ လက်ရှိ ရခိုင်ပြည်ပညာရေးအခြေအနေများကို ရန်ကုန်ပညာရေး တက္ကသိုလ်မှ မောင်ဇော်မျိုးလှိုင်မှလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလော လိုအပ်ချက်များကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်မှလည်းကောင်း ဆွေးနွေးတင်ပြသွားခဲ့ကြောင်းသိရသည်။ ထို့နောက် ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များက သက်ဆိုင်ရာမြို့နယ်များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို တောင်းဆိုသွားခဲ့ကြောင်းသိရသည်။
ထိုသို့ ဆွေးနွေးတင်ပြသွားချက်များအပေါ် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အကျဉ်းချုပ် စုစည်းတင်ပြထားသည့် စာတန်းနှင့် တသားတည်း ကိုက်ညီနေသည့်အတွက် အားရကျေနပ်ကြောင်း ဦးကျော်ထွီးက ဆက်လက် ပြောကြားခဲ့သည်။
" ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဆွေးနွေးပွဲကို စာတန်းတစ်ခုတင်သွင်းခဲ့ပါတယ်။ ရခိုင်ပြည်သူ လူထုတင်ပြချက်နှင့် လိုအပ်ချက်တွေက ကျနော်တို့ တင်ပြချက်က တသားတည်းထင်ဟပ်ပေါ်လွင်စေတာကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူနဲ့လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ရေး အလုပ်တွေ အတူတကွ တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အစိုးရကိုလည်း ရခိုင်ပြည်သူလူထု ဆန္ဒနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်ပေးဖို့ ကျနော်တို့ အဖွဲ့အနေနဲ့ စဉ်ဆက်မပျက် စောင့်ကြည့်သွားမယ်၊ တောင်းဆိုသွားမယ်၊ လိုအပ်ချက်နဲ့အညီ လူထုပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။ " ဟု ပြောသည်။
ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးမိသားစု တွေ့ဆုံဆွေးနွေးပွဲမှတင်ပြချက်များ၊ တောင်းဆိုချက်များကို ပြည်ထောင် စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အပါအ၀င် ပြည်ထောင်စုလွှတ်တော်သို့တင်ပြအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းစဉ်များကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

မဲဆောက်မြို့တွင် No.1 Government စက်ရုံမှ အလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံရ

လွန်ခဲ့သော စက်တင်ဘာ ၂၆ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ MFC ဘောလုံးကွင်းအနီးတွင်ရှိသော No.1 Government မြန်မာအခေါ် (ပလာတာ) စက်ရုံမှ အလုပ်သမား ၆၅ ဦး အလုပ်ထုတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီ - မဲဆောက် ဂိတ်။ (ဓါတ်ပုံ - မဇ္ဈိမ)ထိုင်း-မြန်မာနယ်စပ် မြ၀တီ - မဲဆောက် ဂိတ်။ (ဓါတ်ပုံ - မဇ္ဈိမ)
လုပ်အားခ ၃ လစာကို ထုတ်မပေးသည့်အပြင် အလုပ်သမားများအား စက်ရုံမှမထွက်လျှင် ပုလိပ်များနှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ နှင်ထုတ်ခဲ့ကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။
" စက်ရုံက အလုပ်သမား ၆၅ ဦးစလုံး အလုပ်ထုတ်ခံရပါတယ်။ လစာက ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလခ ရမှာပါ။ တစ်ယောက်ကို ပိုက်ဆံ (ဘတ်) ၅၀၀ စီပေးပြီးတော့ ကျန်တာတွေကို နောက်မှအေးဆေး ထုတ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်။ ကျွန်မတို့က ပိုက်ဆံမယူဘူးဆိုတော့ ပုလိပ်နဲ့ ဖမ်းခိုင်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့လည်း ကြောက်တာနဲ့ ၂၆ ရက်နေ့ စက်ရုံက ထွက်လာကြပါတယ်။ လစာကတော့ ဘာမှမရခဲ့ပါဘူး။ အခု ကျွန်မတို့ကို ဧရာဝတီ အသင်းရုံးခန်းမှာ နေရာချပေးထားပါတယ်။ ဒီိမှာ ၂၀ ကျော်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့သူတွေကတေ့ စက်ရုံတွေမှာ နေကြပါတယ်။ " ဟုပြောသည်။
အလုပ်သမားများက လစာမထုတ်ပေးသောကြောင့် ၁၆ ရက်နေ့ကတည်းက အလုပ်မလုပ်ဘဲ နေခဲ့ကြကြောင်း၊ အလုပ်ရှင် သူဌေးမဖြစ်သူ ဖိဝေမှ ၂၁ ရက်နေ့မှ စတင်ကာ ထမင်းမကျွေးတော့ဘဲ နောက်နေ့များတွင် ရေ၊ မီးများကိုပါ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသူ အလုပ်သမား ၆၅ ဦးတွင် ယောက်ျား ၄ ဦးနှင့် မိန်းကလေး ၄၁ ဦးပါဝင်ပြီး ထိုအလုပ်သမားထဲတွင် လုပ်အားခလစာ သုံးလစာအပြင် passport လုပ်ရန်အတွက် တစ်လကို ဘတ် ၅၀၀ စီနှင့် (၈)လ ဖြတ်ခံထားရသူများနှင့် သူဌေးမက မြန်မာပြည်ကိုပြန်ရန် ကားလက်မှတ် ဝယ်ပေးမည်ဟုဆိုကာ ဘတ် ၅၀၀ စီ ဖြတ်ခံထားရသူများလည်း ပါဝင်ကြောင်း သိရသည်။
" passport ခ ဖြတ်ခံထားရသူ ၁၄ ယောက်၊ မြန်မာပြည်ပြန်ဖို့အတွက် ကားလက်မှတ်ခ အဖြတ်ခံရသူကတော့ ၉ ယောက်ဖြစ်ပါတယ်။ သူတို့ တောင်းဆိုကြတာကတော့ လစာ ၃ လစာ ပေးဖို့၊ passport ခ ဖြတ်ထားတာတွေနဲ့ မြန်မာပြည် ကားလက်မှတ်ခ ဖြတ်ထားတာတွေကို ထုတ်ပေးဖို့ အတွက် တောင်းဆိုထားပါတယ်။ အခုလောလောဆယ်မှာတော့ စားသောက်ဖို့အတွက် နေရာချပေးထားပါတယ်။ " ဟု အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသော ALC ( Arakan Labour Campaign ) မှ ကိုအောင်အောင်မှ ပြောသည်။
ယခုအမှုအား ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ပြီး မနက်ဖြန် အလုပ်ရှင်နှင့် ဆွေးနွေး ညှိနှိုင်းရန်အတွက် အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
" အမှုကတော့ ကြာသပတေးနေ့ကတည်းက လာအပ်တာ ဖြစ်ပါတယ်။ သောကြာနေ့က ကျွန်တော်တို့ ရုံးသွားတာ့ ညှိနှိုင်းဖို့ အဆင်မပြေသေးတာနဲ့ ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ်။ ကြားထဲမှာ စနေ၊ တနင်္ဂနွေ ခြားသွားတော့ မနက်ဖြန်မှသွားပြီးတော့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ " ကိုအောင်အောင်က ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ သုံးသိန်းခန့်ရှိပြီး လုပ်အားခ ဖြတ်တောက်မှုများနှင့် အပြည့်အဝ မရရှိမှုများအပြင် အကြောင်းအမျိုးမျိုးဖြင့် အလုပ်ရှင်မှ ခြိမ်းခြောက်ကာ အလုပ်ထုတ်ခြင်းများကို ရင်ဆိုင်နေကြရပြီး မဲဆောက်မြို့ရှိ အလုပ်သမားများ၏ တစ်ရက်လုပ်အားခ အများဆုံးမှာ ဘတ် ၁၀၀ ခန့်သာ ရရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

အမျိုးအမည်မသိရသော နိုင်ငံခြားအဖွဲ့အစည်း၏ အိမ်ငှားရမ်းမှု စစ်တွေမြို့ခံတွေ စိုးရိမ်

စစ်တွေ မြို့ရပ်ကွက်အချို့အတွင်း အမျိုးအမည် ကွဲကွဲပြားပြားမသိရသော နိုင်ငံခြားအဖွဲ့အစည်း ဟု အမည်ခံကာ အိမ်ငှားရမ်းမှုများ ဆိုက်တိုက်ဖြစ်ပေါ်နေမှုများအပေါ် မြို့ခံတွေ စိုးရိမ်မကင်းဖြစ်နေ ကြောင်းသိရသည်။
စစ်တွေမြို့ ၀င်ဝတွင်တွေ့ရသော ဆိုင်းဘုတ်။ (ဓါတ်ပုံ - နိရဉ္စရာ)စစ်တွေမြို့ ၀င်ဝတွင်တွေ့ရသော ဆိုင်းဘုတ်။ (ဓါတ်ပုံ - နိရဉ္စရာ)
လွန်ခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို အိမ်ငှားရမ်းမှုများမှာ အလွန်များပြားလာပြီး ကာလပေါက်ဈေးထက် ၃ ဆခန့် ပိုမိုသော နုန်းထားများဖြင့် အိမ် ၂၀၀ခန့်ကို ငှားရမ်းခဲ့ကြောင်း စစ်တွေမြို့ပေါ် သတင်းများအရ သိရှိရသည်။
စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်အတွင်း ယခုလို အကြောင်းအရင်း လုံလောက်စွာမပြနိုင်သော အိမ်ငှားရမ်းလာမှုများ လက်မခံ ကြရန်
ရပ်ကွက်နေပြည်သုများက စုဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးကို စက်တင်ဘာလ ၂၈နေ့ နေ့လည်ပိုင်းက ရပ်ကွက်အတွင်းရှိ မြို့မ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြပြီး လူပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတက်ရောက်သူ ကိုအောင်သန်းက " အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ပြီး ရပ်ကွက်တွင်း အသိပေးသွားမှာပါ။" ဟု အာရ်ကန်တိုင်းမ်စ် သတင်းဌာန ကိုပြောကြားသွားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကလည်း ကျောင်းကြီးလမ်းရပ်ကွက်တွင် မြန်မာ့အဖွဲ့အစည်းဟု ပြောဆိုငှားရမ်းခဲ့ပြီးမှ နိုင်ငံခြားအဖွဲ့အစည်းဖြစ်နေသဖြင့် ရပ်ကွက်နေ ပြည်သူများက မကျေနပ်ခဲ့ကြပေ။ ကျောင်းကြီးလမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းအောင်က အိမ်ငှားရမ်းမှုတစ်ခုတွင် " မြန်မာ့ ကြက်ခြေနီ၊ မြန်မာလူမျိုး၊ မြန်မာဗုဒ္ဓဘာသာဆိုပြီး လာပြောပါတယ်၊ ဒါကြောင့် အသိသက်သေအဖြစ် သွားရောက်လက်မှတ်ထိုးစဉ် နိုင်ငံခြားအဖွဲ့အစည်း ဖြစ်နေပါတယ်။ " ဟု ပြောသည်။
" ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေချိန် တစ်ဖက်က သံသယဖြစ်နိုင်ဖွယ် အချက်တွေကို ရှောင်ရှားရပါမယ်။ ယခုအိမ်တွေ အများကြီးငှားလာတော့ လူတွေကသံသယ ဖြစ်လာကြပါတယ်။ ဘာလုပ်ဖို့မှန်း ဘာအဖွဲ့အစည်မှန်း မသိရတာက အခြေအနေကို ပိုမိုဆိုးလာနိုင်ပါတယ်။ အဖွဲ့အစည်း တော်တော်များများကလည်း ဘင်္ဂလီတွေအတွက် သီးသန့်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။ အကောင်းဆုံး အနေအထား တစ်ခုက နိုင်ငံတကာ ဘယ်အဖွဲ့အစည်းမဆို မြို့ခံရပ်မိရပ်ဖတွေနှင့် တိုင်ပင်ပြီးတော့ ရခိုင်တွေအတွက် ဘာကူညီပေးမည်။ ငွေကြေးဘယ်လောက်သုံးမည်။ ဘင်္ဂလီတွေကို ဘာကူညီပေးမည်။ ငွေလယ်လောက်သုံးမည် ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ တိတိကျကျ လုပ်ဆောင်ပြဖို့လိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေဖြစ်နေရလို့ပါ။ ဤသို့လုပ်ဆောင်ပြခြင်းအားဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုလည်း ပြန်လည်ရရှိနိုင်ပါတယ်။ '' ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအုပ်စိုးခိုင်က အာရကန်တိုင်း သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသွားခဲ့သည်။
ငှားရမ်းထားသော အိမ်များတွင် နိုင်ငံခြားသားတစ်ချို့ နေထိုင်နေကြပြီး အရေအတွက် ဦးရေ ၄၀ ကျော်ခန့်ရှိကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းသိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

ပေါက်တောမြို့နယ်တွင် ရှေ့ဟောင်းဘုရားတစ်ပါး ပျောက်ဆုံးနေ၊ သက်ဆိုင်ရာမှ တရားခံကို မဖော်ထုတ်ပေးနိုင်သေး

စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၊ င/ဝက်စွယ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း၌ ဥာဏ်တော်အမြင့် ၉လက်မရှိသော ရှေ့ဟောင်း ဘုရားတစ်ပါး လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ကပင် ပျေက်ဆုံးနေပြီး ယခုအချိန်ထိ တရားခံကို မသိရသေးကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့။ ပေါက်တောမြို့။
အဆိုပါ ဘုန်းကြီးကျောင်းတွင် ပျောက်ဆုံးသွားသော ဘုရားနှင့်အတူ နောက်ထပ် ရှေ့ဟောင်း သမိုင်းဝင် ပစ္စည်းများလည်းရှိပြီး ၄င်းပစ္စည်းများမှာ မကြာခဏ ပျေက်ဆုံးတတ်သည့်အတွက် ရွာသားများက မယုံသင်္ကာဖြစ်၍ ထိုဘုရားကို ဖူးမျော်ရန် ကျောင်းထိုင်ဆရာတော်အား မေးမြန်းကြည့်ရာတွင် ဘုရားတစ်ပါးပျောက်ဆုံးနေသည်ကို တွေ့ရှိရကြောင်း င/ဝက်စွယ်ကျေးရွာသား တစ်ဦးဖြစ်သူ ကိုအထွန်းရွှေက ပြောသည်။
" ပျောက်ခဲ့တာကတော့ ပြောရရင်အရှည်ကြီးပါ။ ကျွန်တော်တို့ ရွာမှာက ဒီဘုရားတစ်ပါးတည်း မဟုတ်ပါလေ။ ကျွန်တော်တို့ရွာမှာက ဒီလို ရွာတည်က တည်းကပင် ခေတ်အဆက်ဆက် တောက်လျှောက် ကိုးကွယ်လာတာ ရှေ့ဟောင်းသမိုင်းဝင်တွေ ရှိပါတယ်။ ပရိဘောဂတွေ၊ ဘုရားအပါအဝင် ဓာတ်မှန်အိမ် (မီးအိမ်)တွေ၊ ငွေသားတုံးတွေ၊ ကြွေထည်အိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေ ပျောက်ဆုံးနေတာတွေကို ရွာသားတွေက မယုံသင်္ကာလို့ ကျောင်းကဆရာတော်ကို လျှောက်ထားပါတယ်။ ဘုရားတစ်ခေါက်ဖူးချင်လို့ ဘုရားကိုထုတ်ပြပေးဖို့ လွန်ခဲ့တဲ့နှစ် သင်္ကြန်က တောင်းဆိုခဲ့ ပါတယ်။ ဒါပေမယ့် ဆရာတော်က မပြနိုင်ပါ။ အဲဒီအချိန်မှ ဘုရား ပျောက်ဆုံးနေတာကို သိရပါတယ်။ " ဟု ၄င်းကပြောသည်။
ရွာသားများက ဘုရားပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းထိုင်ဆရာတော်အား မယုံသင်္ကာဖြစ်နေကြသော်လည်း ကျောင်းထိုင်ဆရာတော်မှ ဘုရားပျောက်ဆုံးသည့်အချိန်တွင် ကျောင်းတွင်မရှိကြောင်း၊ ဘုန်းကြီးကျောင်း၏ သော့များကိုလည်း အခြားဦးဇင်းများကို အပ်နှံထားခဲ့ကြောင်း သိရသည်။
ကျောင်းထိုင်ဆရာတော်သည် ပျောက်ဆုံးနေသော ဘုရားအပါအ၀င် ရှေ့ဟောင်း သမိုင်းဝင် ပစ္စည်းများကို ဘုန်းကြီးကျောင်းသို့ အခြားကျေးရွာများမှ လာရောက်လည်ပတ်သော ဧည့်သည်များကို ထုတ်ပြလေ့ရှိကြောင်း ရွာသားများက ဆိုသည်။
ပျောက်ဆုံးနေသော ဘုရားမှာ ဝေသာလီခေတ်က ကြေးဆင်းထုတော်ဘုရားဖြစ်ပြီး ဥာဏ်တော်အမြင့် ၉ လက်မရှိကြောင်း၊ ယင်းအတွက်နှင့် တန်ဖိုးလည်းရှိပြီး ရှေ့ဟောင်းသမိုင်းဝင် ဘုရားတစ်ပါးဖြစ်သည်ကို ယခင်ကျောင်းထိုင်ဆရာတော်က ပြောကြားခဲ့ကြောင်း ကိုအထွန်းရွှေက ဆိုသည်။
ထိုဘုရား ပျောက်ဆုံးနေသော ကိစ္စနှင့် ပတ်သက်၍ ရွာသားများက တရားခံအား ဖော်ထုတ်ပေးရန် ပေါက်တောမြို့ ရဲစခန်း၊ ပြည်နယ်နှင့် ရခိုင်ပြည် သံဃာ့နာယကထံ တိုင်းကြားခဲ့သော်လည်း အကြောင်းတစ်စုံတရာ ပြန်ကြားခြင်း မရှိကြောင်းသိရသည်။
" သက်ဆိုင်ရာရဲတွေကို တိုင်ကြားထားပါတယ်။ ပြည်နယ်နဲ့ သံဃာ့နာယက ဆရာတော်တွေကိုလည်း တိုင်းကြားထားပါတယ်။ သူတို့က အကြောင်းမပြန်ပါ။ မပြန်လို့ ကျွန်တော်တို့ ရွာသားတွေက ပေါက်တော ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ပေမယ့်လည်း ရဲတွေက ထိထိရောက် ရောက် မဆောက်ရွက်ကြဘူး။ ဒါကြောင့် အခုအချိန်ထိ တရားခံကို မဖော်ထုတ်ပေးနိုင်ကြဘူး။ " ဟု ၄င်းက ဆိုသည်။
ယင်းကဲ့သို့ ရဲများ၏ ဆောင်ရွက်မှုများ အားနည်းနေသောကြောင့် င/ဝက်စွယ် ကျေးရွာအတွင်းမှာ အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်နေသောအသိုင်းအဝိုင်းတစ်စုနှင့် ကျောင်းထိုင်ဆရာတော်၏ ဆွေမျိုးအသိုင်းအ၀ိုင်းတစ်စုကြား မကျေနပ်မှုများ တိုးပွားနေကြကြောင်း၊ ညဥ့်အချိန်တွင်လည်း လူနားမခံနိုင်သော ကြမ်းတမ်းသည့် စကားများဖြင့် အော်ဟစ်သောက်ကျန်းမှုများရှိနေပြီး နောက်ထပ်မလိုလားအပ်သော ပြဿနာများ ဖြစ်လာမည်ကို ရွာသားများက အလွန်စိုးရိမ်နေကြကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှုမှန်အား အမြန်ဆုံးဖော်ထုတ်ပေးပါရန် ရွာသားများက တောင်းဆိုနေကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

(၂၄) နာရီ လျှပ်စစ်မီး ရရှိရေး ရမ်းဗြဲတွင် လူပေါင်း (၃၀၀၀) ကျော် ချီတက်ဆန္ဒပြ

Welcome-to-Ramree-
 
လျှပ်စစ်မီး ၂၄ ရရှိရေး အတွက် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ၃၀၀၀ ကျော်ခန့်က ယနေ့တွင် လမ်းမများပေါ် ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ယနေ့ (စက်တင်္ဘာလ ၃၀ ရက်) နံနက် ၉ နာရီမှ စတင်က ရမ်းဗြဲမြို့ တလျှောက်ရှိ လမ်းမများပေါ် ချီတက် လှည့်လည်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင် ပါဝင်သူ ကိုကျော်လွင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းက ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ လျှပ်စစ်မီး တယူနစ်ကို ၃၅ ကျပ်နဲ့ ခံစားနေရပြီးတော့ ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်မှာ ဆိုရင် တယူနစ် ၃၅ ကျပ်နဲ့ မခံစားရတဲ့ အပြင် လျှပ်စစ်မီးက တယူနစ်ကို ၆၀၀ နဲ့အပေါ်ထပ်ဆင့်ငွေဆိုပြီး တစ်လကို ငွေ ၅၇၅၀ိ ကျပ်နဲ့ သုံးစွဲနေရပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျောက်ဖြူမှာ ၃၅ ကျပ်နဲ့လျှပ်စစ်မီးသုံးစွဲခွင့်ရသလို ကျွန်တော်တို့ ရမ်းဗြဲမှာလည်း တယူနစ်ကို ၃၅ ကျပ်နဲ့ ၂၄ နာရီ မီးရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲကို ရမ်းဗြဲမြို့နယ်လူထုက ဦးဆောင်ပြီး ရမ်းဗြဲမြို့လယ် အောင်စေတီ ဘုရား ဓမ္မာရုံမှ ချီတက်လာပြီး ရမ်းဗြဲမြို့တွင်း ရပ်ကွက် ၆ ခုကိုလှည့်လည်ကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ရမ်းဗြဲမြို့ပေါ် လူထုအပါအ၀င် အနီးအနား ပတ်ဝန်းကျင် ကျေးရွာများမှ လူပေါင်း ၃၀၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင် လျှပ်စစ်မီး တစ်နစ်ကို ၃၅ ကျပ်ဖြင့် ရရှိရေး၊ ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး တို့ကို အဓိကထား တောင်းဆိုခဲ့ကြသည်ဟု သူကပြောသည်။

ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစုံတရာ ဆောင်ရွက် ပေးခြင်းမရှိပါက ဆန္ဒဖေါ်ထုတ်ပွဲအပြင် နည်းမျိုးစုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုကျော်လွင်က ပြောသည်။

“ ကျွန်တော်တို့ ရမ်းဗြဲကျွန်းကထွက်တဲ့ ရွှေသဘာဝဓါတ်ငွေ့နဲ့ ကျွန်တော်တို့ ရမ်းဗြဲမြို့မှာ လျှပ်စစ်မီး တယူနစ်ကို ၃၅ ကျပ်နဲ့ သုံစွဲနိုင်အောင် တောင်းဆိုတာကို တကယ်လို့ မလိုက်လျော့ ဘူးဆိုရင် ဆက်ပြီး ဆန္ဒဖေါ်ထုတ်သွား မှာဖြစ်ပါတယ်။ ဒီလို ဆန္ဒဖေါ်ထုတ်တဲ့အခါမှာလည်း အခုလို လူထုတွေနဲ့ ဆန္ဒဖေါ်ထုတ်သလို သက်ဆိုင်ရာ ဌာနတွေကသိရှိအောင် နည်းမျိုးစုံဖြင့် ဆန္ဒ ဖေါ်ထုတ် သွားမှာ ဖြစ်ပါတယ်။

ရမ်းဗြဲမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အတွက် ဆန္ဒဖေါ်ထုတ်ခွင့် ရရှိရေးကို ရမ်းဗြဲမြို့နယ် အာဏာပိုင် များထံ စာရေးသား တောင်းဆိုခဲ့ရာ မီတာခ ဈေးကြီး၍ ဒုက္ခရောက်နေကြရပြီး လျှပ်စစ်မီး ၂၄ နာရီ လိုချင်နေကြသော အာဏာပိုင်များကလည်း အလွယ်တကူ ဆန္ဒဖေါ်ထုတ်ခွင့် ပြုလုပ်ရန် စက်တင်ဘာ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်မှ ထွက်သောရွှေသဘာဝဓါတ်ငွေ့ဖြင့် ရခိုင်တပြည်နယ်လုံး လျှပ်စစ်မီး ၂၄ နာရီရရှိရေးမှာ ရခိုင် ဒေသခံ များ၏ အခြေခံလိုအပ်ချက်တခုဖြစ်သည့်အပြင် လျှပ်စစ်မီး တယူနစ်ကို အခြားမြန်မာက ပြည်က မြို့များလို ပေးဆောင်ခွင့်ရရေးမှာလည်း တောင်းဆိုထိုက် တောင်းဆိုသင့်သော အလုပ်ဖြစ်သည်ဟု သူက ဆိုသည်။

လျှပ်စစ်မီး တစ်ယူနစ်ကို ကျပ်ငွေ ၅၀၀ မှ ၆၀၀ အထိ ပေးသွင်း နေကြရသဖြင့် ၀န်ထုတ်ဝန်ပိုး ဖြစ်နေကြရသော ရခိုင်ဒေသခံများမှာ မခံမရပ်နှိင်ဖြစ်ကာ ရခိုင်ပြည်နေရာ အနှံ့အပြားတွင် ဆန္ဒဖေါ်ထုတ်ပွဲများပြုလုပ်ပြီး မီတာခလျှော့ကျရေး၊ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို မကြာခဏ တောင်းဆိုလေ့ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ရခိုင်မိသားစုများ တွေ့ဆုံပွဲ အကျိုးရှိသည်ဟုဆို

( ဤဓါတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖေါ်ပြသည်။)
ဤဓာတ်ပုံအား Rakhine Citizen Journalists Facebook မှ ကူးယူဖော်ပြပါသည်။
ရခိုင်ပြည်နယ်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံ ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စက်တင်္ဘာလ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကလည်း ဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌလည်း ဖြစ်သော သူရ ဦးရွှေမန်း တက်ရောက်ပြီး ရခိုင်မိသားစုများ၏ တင်ပြချက်များကို အထူးဂရုပြု နားထောင်ခဲ့သည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အတွင်းရှိ ၁၇ မြို့နယ်မှ တစ်မြို့နယ် (၃) ဦးကျစီဖြင့် ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ခဲ့ပြီး လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၆၅ နှစ် ကာလအတွင်း နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး စသည့် ဘက်ပေါင်းစုံ အခက်အခဲများနှင့် အထူး ဆိုးဝါးစွာ ရင်ဆိုင်နေကြရာ နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ပထမဆုံး ရခိုင်အမျိုးသားက တွေ့ဆုံပြီး မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ ရင်ဖွင့် ပြောဆိုခွင့် ရရှိခဲ့သဖြင့် အကျိုးရှိသော တွေ့ဆုံမူဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ မတည်မငြိမ် ဖြစ်သော ဘင်္ဂလီ ကိစ္စ၊ စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမူကြောင့် ရခိုင်လူမျိုးများ နေရပ်ရင်း စွန့်ခွာနေရသော လူမျိုးရေး ဆိတ်သုန်းမူ လမ်းသော ဦးတည်နေသော ကိစ္စ၊ ရခိုင်မှ ထွက်ရှိသော သဘာဝ သယံဇာတများကို ဆင်းရဲ နိမ့်ကျနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခွဲဝေ သုံးစွဲခွင့် ရရှိရေး ကိစ္စရပ်များကို ရခိုင် အမျိုးသားများဘက်ကမှ အလေးအနက် တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ကိုယ်စားလှယ်များက တင်ပြခဲ့သည့် အကြောင်းအရာများကို ယင်းမြို့နယ် ကိုယ်စားလှယ် ဆရာထွန်းလွင်က နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော်တို့က စာတမ်း တစ်ခုတင်ပါတယ်။ ၃ မိနစ်သာ ဆွေးနွေးခွင့်ရတဲ့အတွက် ရွှေဂစ် ကိစ္စရယ်၊ ဘင်္ဂလီနဲ့ ပတ်သတ်တဲ့ကိစ္စ အပါအ၀င် တခြားအချက်တွေကိုလည်း ဆွေးနွေး တင်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဘင်္ဂလီကိစ္စကိုတော့ အားလုံးမြို့နယ်တိုင်းက ကိုယ်စားလှယ်တွေ တင်ပြ ဆွေးနွေးကြပါတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ တင်ပြဆွေးနွေးကြသည့် အထဲတွင် ဘင်္ဂလီ လူမျိုးများ၏ ကျူးကျော်မူနှင့် ရခိုင်ပြည်နယ်ကို အပိုင်သိမ်းရန် ကြံရွယ်ချက်များကို တင်ပြကြရာ သူရ ဦးရွှေမန်းမှ အလေးအနက်ထား နားထောင်ပြီး၊ တစ်စုံတစ်ရာ ကောက်ချက်ချ မပြောကြားသော်လည်း လွတ်တော်တွင် ဆွေးနွေးရန် လိုအပ်သည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဆရာထွန်း လွင်က ဆိုသည်။

“ သူရ ဦးရွှေမန်းကတော့ ရွှေ သဘာဝ ဓါတ်ငွေ့နဲ့ တခြားကိစ္စတွေကိုတော့ နားထောင်ရုံ သက်သက်ဘဲ။ ပြန်ဆွေးနွေးတာမရှိဘူး။ ဘင်္ဂလီ ကိစ္စကို မြို့နယ်တိုင်းက တင်ပြဆွေးနွေးကြတဲ့ အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်။ ရခိုင်တွေရဲ့အကြောင်းကို နားလည်ရုံနဲ့ မပီးဘူး။ ရခိုင်တွေရဲ့ ခံစားနေရတာတွေကို ကိုယ်ချင်းစာနာရုံနဲ့ မပီးဘူး။ လွှတ်တော်ဘက်က ဆောင်ရွက် ပေးသင့်တာကို ဆောင်ရွက် ပေးနိုင်ဖို့အတွက် လွတ်တော်မှာဆက်ပြီး ဆွေးနွေးရမယ်လို့ သူက ပြောဆို သွားပါတယ်” ဟု ကိုထွန်းလွှင်က ပြောသည်။

ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန်မြို့ရှိ နိုင်ငံတကာ စီးပွားရေး ခန်းမ (IBC) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့မှ ကိုယ်စား လှယ်များ (၅၀) ကျော်အပါအ၀င် တခြား ဖိတ်ကြား ထားသူ စုစုပေါင်း ပရိသတ် ၅၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုစိန်ချစ်ကလည်း သူတို့မြို့နယ်အတွက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ ကို ယခုကဲ့သို့ပြောသည်။

“ ကျွန်တော်တို့က ၁၉၈၂ ခု နိုင်ငံသားဥပဒေနဲ့ ဆွဲ၊တင်၊စစ်ကိစ္စ။ နောက်တခါ တရားရေး စနစ်ကို ပြန်လည် ဆန်းစစ်သင့်တဲ့ ကိစ္စ၊ နောက်ပြီး ပုဒ်မ ၁၈ ကို ပြည်သူ့လွတ်တော်မှာ ပြန်လည် ဆန်းစစ် သင့်တယ် ဆိုတဲ့ အချက်တွေနဲ့ တခြား အချက် တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် မြို့အသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့မြို့နယ် အလိုက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး စာတမ်းများကိုလည်း တင်ခဲ့ကြသည်။

ဆွေးနွေးပွဲကို လွှတ်တော် ဥက္ကဌ သူရရွှေမန်း၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်း အစိုးရ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

လာမည့်လွတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကိစ္စများကို ဆွေးနွေးရန်ရှိသည့်အတွက် ရခိုင်တိုင်း ရင်းသားများမှ ယခုကဲ့သို့တင်ပြခွင့်ရသည့်အတွက် ဆွေးနွေးပွဲကို ကြေနပ်မှု ရှိကြောင်းလည်း ကျောက်ဖြူ ကိုယ်စားလှယ် ဆရာထွန်းလွင်က ဆိုသည်။

ယခုတွေ့ဆုံမူသည် သမိုင်းနှင့်ချီပြီး ဗမာ အုပ်ချုပ်သူများ အပေါ် ရခိုင်အမျိုးသားများမှ ယုံကြည်မူ ကင်းမဲ့နေမူနှင့် ရခိုင်ပြည်နယ် မဖွံ့ဖြိုး မတိုးတက်ဘဲ အဘက်ဘက်မှ နိမ့်ကျနေရခြင်းမှာ လူမျိုးရေး အရ ဗမာ အုပ်ချုပ်သူများက ပေါ်လစီချမှတ် ကျင့်သုံးနေသည်ဆိုသော သံသယကို အထိုက်အလျှောက် ပြေလျှော့ကျစေလိမ့်မည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။

မြန်မာ အုပ်ချုပ်သူများသည် ရခိုင်လူမျိုးများအား မယားပါသားကဲ့သို့ သဘောထားပြီး ရခိုင်ပြည်နယ်ကိုမူ ပထွေးဆီက အမွေရသော ပစ္စည်းပမာ သဘောထားကာ လုံးဝ လျစ်လျူရှု့ ပစ်ပယ်ထားသည်ဟု ရခိုင်ပြည်သူ အများစုမှ ထင်မြင် ယူဆနေကြသည်မှာ ဆယ်စုနှစ်နှင့် ချီပြီး ရှိနေပြီ ဖြစ်သည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာတပ်ဖွဲ့ဝင်များ အနောက်ဘက် နယ်စပ်ခြံစည်းရိုးတစ်လျှောက် အိန္ဒိယ BSF များကဲ့သို့ ကင်းလှည့်

အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ သူနိုင်ငံ ခြံစည်းရိုး အနီး ကင်းလှည့်နေစဉ်။ ( ဓါတ်ပုံ- အင်တာနက်)
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ သူ့နိုင်ငံခြံစည်းရိုးအနီးတွင် ကင်းလှည့်နေစဉ် (ဓာတ်ပုံ- အင်တာနက်)
 
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။ အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက် ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။

ယင်းပြင် မိုင်တိုင်အမှတ် ၄၁ မှ ၄၅ ထိ အောင်သပြေ၊ ခမောင်းဆိပ် နယ်မြေတွင် ခမရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူထားပြီး ခြံစည်းရိုး တလျှောက် ကင်းလှည့်နေသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

မြန်မာ- ဘင်္ဂလာနယ်စပ် နဟုန်း နဟမ်းဘက်နှင့် မိုင်တိုင် အမှတ် ၄၈ တည်ရှိရာ ဗန္ဓုကျေးရွာ အနီးတွင်လည်း မခရ ၅၅၂ က လုံခြုံရေးကို တာဝန်ယူသည်ဟု သိရသည်။

ခမရ ၅၅၁ မှ မိုင်တိုင်အမှတ် ၅၈ မှ ၆၅ ထိ တာဝန်ယူထားပြီး အဆိုပါ ဒေသတွင်လည်း အထိုင် လုံခြုံရေးကင်းများ၊ လှည့်ကင်များချကာ နယ်စပ် လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ယခု တည်ဆောက်ထားသော ခြံစည်းရိုးကို ဖြတ်ကျော် သွားလာသူ မည်သူ့ကို မဆိုပါ ပစ်ခတ်ရန် စစ်တပ်က ညွှန်ကြားထားကြာင်း၊ သို့အတွက် နယ်စပ်နေ ပြည်သူများမှာ ခြံစည်းရိုး အနီးသို့ မကပ်ရဲကြကြောင်း ဒေသခံ ပြည်သူများ၏ အပြောအရ သိရသည်။

အိန္ဒိယ နယ်ခြားစောင့်တပ် BSF သည် ခြံစည်းရိုးကို ဖြတ်ကျော် ၀င်ရောက်သူများကို မကြာခဏ ပစ်ခတ်နှိမ်နှင်းမူများ ပြုလုပ်လေ့ ရှိသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ သေဆုံးမူများ ရှိသော်လည်း မြန်မာနယ်စပ်တွင်မူ မြန်မာစစ်တပ်မှ ထိုသို့ ပစ်ခတ်နှိမ်နှင်းမူများကို မကြားရသေးဟု ဒေသခံများက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲ ပဋိပက္ခ မပြန့်ပွားစေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း ထိန်းချုပ်

သံတွဲ, ပဋိပက္ခ, ရခိုင်
သံတွဲမြို့ ဆိုင်းဘုတ် (ဓာတ်ပုံ – arakantimes.net)
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခအချို့ ထပ်မံဖြစ်ပွားရာ နေအိမ်နှစ်လုံး မီးရှို့ခံရပြီး အကြမ်းမှုဖက်မှုများ ဆက်လက် ဖြစ်ပွားခြင်း မရှိစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ဦးကျော်ဇံလှ ပိုင်ဆိုင်သော ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့ အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ပြီးနောက် ကိုရဲသီဟက တရားလိုပြုလုပ်၍ သံတွဲမြို့မ ရဲစခန်း၌ သွားရောက်တိုင်ကြားခဲ့သည်။
တိုင်ကြားမှုကို သံတွဲမြို့မ ရဲစခန်းက လက်ခံ၍ ဦးကျော်ဇံလှအား ဆဲဆိုမှုဖြင့် အမှုဖွင့်ပေးခဲ့သော်လည်း သာသနာကို အကြည်ညိုပျက်စေမှု မပါသောကြောင့် သံတွဲဒေသခံများက လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းက သာသနာကို အကြည်ညိုပျက်စေမှု အပါအအ၀င် ဆဲဆိုမှုတို့ဖြင့် သံတွဲ/(ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆ အရ အမှုဖွင့်ပေးခဲ့ရကြောင်း၊ အမှုဖွင့်ထားသော ပုဒ်မများမှာ အာမခံ ပေးနိုင်သောကြောင့် ဦးကျော်ဇံလှကို အာမခံ ပေးလိုက်သော်လည်း အာမခံပေးသည်ဟု ဆိုကာ မြို့ခံ ဗုဒ္ဓဘာသာများက ထပ်မံ ပြဿနာရှာခဲ့ကြောင်း သံတွဲမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတဦးက ဧရာဝတီသို့ ရှင်းပြသည်။
အစ္စလာမ် ဘာသာဝင် ဦးကျော်ဇံလှကို အာမခံ ပေးသည့်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရဲစခန်းသို့ လူစုလာသောကြောင့် သံတွဲမြို့မိမြို့ဖများနှင့် ဒေသခံ တာဝန်ရှိသူများ ဆွေးနွေးတိုင်ပင်ပြီး ပဋိပက္ခ ပိုမို မကြီးထွားစေရန် ဦးကျော်ဇံလှကို ပြန်ဖမ်းရေး သဘောတူညီခဲ့သော်လည်း ညနေပိုင်းတွင် အကြမ်းဖက်မီးရှို့မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အာမခံပေးတာကို မြို့ခံဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ လူတွေက မကျေနပ်ဘဲ ဦးကျော်ဇံလှကို ပြန်ဖမ်းပေးဖို့ ရဲစခန်းမှာ လာတောင်းဆိုကြတယ်။ ဦးကျော်ဇံလှကို နောက်ဆုံး တည်ဆဲ ဥပဒေအရ ဆယ်သိန်းနဲ့ အာမခံပေးထားတာ။ မကျေနပ်တော့ မနေ့က နေ့လည်ပိုင်းမှာ မြို့နယ် ဥပဒေအရာရှိ ရပ်မိရပ်ဖတွေ ခယက ဥက္ကဌ၊ မယက ဥက္ကဌတွေ အစည်းအဝေး လုပ်ကြတယ်။ နောက်ဆုံး သဘောတူလိုက်တာက တရားခံ ဦးကျော်ဇံလှကို ကျနော်တို့က ပြန်ဖမ်းပေးရမယ်။ အစည်းအဝေးလုပ်ပြီးရုံပဲ ရှိသေးတယ်၊ ဟိုဘက်မှာ ကျော်ဇံလှအိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ကြတော့တာပဲ” ဟု အထက်ပါ ရဲတပ်ကြပ်ကြီးက ဆိုသည်။
ဦးကျော်ဇံလှအိမ်ကို ခဲပေါက်မှုနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ကိုညီညီလွင်နှင့် ကိုဇော်မင်းထိုက်တို့ နှစ်ဦးကို သံတွဲ/ပ/၇၉/၂၀၁၃၊ ပုဒ်မ ၃၃၆/၄၂၇ နေအိမ်ကို ခဲပေါက်မှုဖြင့် မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးခဲ့ရကြောင်း၊ လုံခြုံရေး ယူထားသော်လည်း ညနေ ၆ နာရီခန့်မှ စတင်ကာ မီးရှို့မှုများ စတင်ခဲ့ပြီး အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦး၏ အိမ် အပါအ၀င် အိမ်နှစ်လုံး မီးလောင်ခဲ့ရပြီး ဓာတ်ဆီဆိုင်ကိုမူ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သံတွဲမြို့ခံ အစ္စလာမ် ဘာသာဝင် ကိုကျော်လင်းက “ကျနော်တို့ ဘာသာဝင်တွေရဲ့ အိမ်တွေ မီးရှို့ခံရတယ်။ လုံခြုံရေးကလည်း အားနည်းတယ်။ နောက်ပိုင်းမှ လုံခြုံရေးက ရောက်လာတာ။ ဒီနေ့ ဦးကျော်ဇံလှကို ရုံးထုတ်မယ်။ ဒီနေ့က ပိုစိုးရိမ်ရတယ်” ဟု ပြောသည်။
လူတဦးကို ဖမ်းဆီးရန်၊ ထောင်ချရန် လူအုပ်စုဖြင့် ရဲစခန်းကို ၀ိုင်းရဲသောသူများစွာ ရှိနေခြင်းသည် ယနေ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်ကြောင်း သူက ဆိုသည်။
သံတွဲလူမှုကွန်ရက် အဖွဲ့ဝင်တဦးကမူ တိုင်ကြားခံရသူကို ရဲစခန်းက လွှတ်ပေးထားသောကြောင့် မြို့ခံများက မကျေမနပ်ဖြစ်၍ ပဋိပက္ခမှာ ပိုမိုကြီးထွားသွားခဲ့ကြောင်း ပြောသည်။
သံတွဲမြို့တွင် ယခင် ပဋိပက္ခဖြစ်ပွားခဲ့စဉ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိ အခြေအနေများအရ ညမထွက်ရအမိန့်ကို ဆက်လက် အတည်ဖြစ်စေရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မြို့တွင်းတွင် အသံချဲ့စက်ဖြင့် လှည်ပတ်ကြေညာခဲ့ရာ ခဲဖြင့် အပေါက်ခံရသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သံတွဲမြို့မှ ရဲစခန်းမှ သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ရွှေဝါရောင် (၆)နှစ်မြောက် အထိမ်းအမှတ် ရဟန်းတော်အပါး (၅၀) ကို စစ်တွေ မိဇံလူငယ်များ ဆွမ်းကပ်

monks in sittwe
 
ရွှေဝါရောင် (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် မိဇံ ရပ်ကွက် လူငယ်များက ဆရာတော် အပါး (၅၀) ကို ပင့်ဖိတ် ဆွမ်းလောင်းပြီး ကုသိုလ် ဒါနပြုလုပ်ကာ ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သူ စစ်တွေ သံယာ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဆရာတော် ဦးပညာဝံသက နိရဉ္စရာကို ယခုလို မိန့်ကြားသည်။

“ ဒီအခမ်းအနားကို စစ်တွေ မိဇံရပ်ကွက်က ကျောင်းသား လူငယ်တွေက ဦးဆောင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ သူတို့က ရွှေဝါရောင်တော်လှန်ရေး အတွင်းမှာ ပြည်သူလူထုရဲ့ ဒုက္ခတွေကို မမြင်ရက်လို့ ပါဝင်ကူညီရင်း ကျဆုံးသွားခဲ့ကြရတဲ့ ရဟန်းတော်တွေကို ရည်စူးပြီး နှစ်ပတ်လည်နေ့မှာ ဆွမ်းလောင်းလှူချင်တယ်လို့ ပင့်ဖိတ်တဲ့ အတွက် ဦးဇင်း အပါအ၀င် ရဟန်းတော် အပါး (၅၀) တက်ရောက်ပြီး သူတို့ အလှူကို လက်ခံခဲ့ကြပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကျော်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ တစ်ရာကျော်က ပါဝင် ဆွမ်းလောင်းလှူခဲ့ကြသည်ဟု ဆိုသည်။

“ ဦးဇင်းတို့ကတော့ ဟောပြောပွဲတွေ မလုပ်ဖြစ်ပါ။ ဒါပေမယ့်လည်း တကာ တကာမတွေနဲ့ စုဝေးပြီးတော့ ရွှေဝါရောင် အရေးအခင်း အကြောင်းအရာတွေကိုတော့ ပြောဖြစ်ကြပါတယ်။ တခြား သိပ်ပြီးတော့ မပြောဖြစ်ပါ” ဟု ဆိုသည်။

ယခု ရွှေဝါရောင် နှစ်ပတ်လည်နေ့ အခမ်းအနားကို စီစဉ်သူများမှာ စစ်တွေ မိဇံရပ်ကွက်မှ ကျောင်းသား လူငယ်များ ဖြစ်ကြပြီး လူငယ်အများစုမှာ မိမိအသိစိတ်ဓါတ်ဖြင့် ပြုလုပ်ကြခြင်း ဖြစ်သည်ဟု စီစဉ်သူများထဲမှ လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်နိုင်ချေက ဆိုသည်။

သူတို့၏ ရွှေဝါရောင် နှစ်ပတ်လည်နေ့ကို လုပ်ရသော ရည်ရွယ်ချက်မှာ ၎င်းအရေးအခင်း အတွင်း ကျဆုံးသွားခဲ့ကြသော ရဟန်းတော်များနှင့် ကျောင်းသား ပြည်သူများကို သူတို့နှင့် ထပ်တူ ရှိနေခြင်းကို ပြသလို၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယနေ့ပြုလုပ်သော အခမ်းအနားကို အာဏာပိုင်များထံမှ ခွင့်ပြုချက် မယူဘဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမူ မရှိ၍ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊ ယင်းပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ရဟန်းတော်များ၊ အမျိုးသမီး ကွန်ယက် အဖွဲ့ဝင်များနှင့် ပါတီမှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ပါကြောင်း ကိုအောင်နိုင်ချေက ပြောသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေသည် ပြည်သူများအတွက် ကြီးမြှင့်လာသော ကုန်ဈေးနုန်းကို ချပေးရေန် အစိးရကို ရဟန်းတော်များ စစ်တွေမြို့ လမ်းမများပေါ်တွင် စတင် ဆန္ဒပြ တောင်းဆိုခဲ့သော မြန်မာပြည်ထဲမှ မြို့ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ယာယီလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့် မရသင့်လို့ ရခိုင်များတင်ပြ

thura-u-shwe-man-305
ရန်ကုန်မြို့ IBC ခန်းမမှာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်မိသားစုတွေနဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းတို့ တွေ့ဆုံစဉ်။
Photo : RFA/ Kyaw Zawe Win
လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်မပြုသင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို  ရခိုင်ပြည်နယ်လူထု ကိုယ်စားလှယ်တွေက ဒီနေ့ တင်ပြခဲ့ကြပါတယ်။
ရန်ကုန်မြို့IBCခန်းမမှာရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရခိုင်မိသားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ကြတာလို့ သိရပါတယ်။
မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေကနေ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ စိစစ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက တင်ပြခဲ့ပါတယ်။
" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ White Card နဲ့ ပတ်သက်ပြီးတော့ လုံးဝမတွေ့ပါဘူး၊ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း မပါရှိခဲ့ပါဘူး၊ မောင်တော၊ ဘူးသီးတောင်နယ်ဘက်က လွှတ်တော်မှာ အရွေးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၅ မှာ နိုင်ငံသားမဖြစ်ခဲ့သော မိဘတစ်ပါးပါးက သော်လည်းကောင်း၊မိဘနှစ်ပါးမှသော်လည်းကောင်းမွေးဖွားလာသူသည် ရွေးချယ်ခွင့်မရှိပါလို့ အတိအကျပြဌာန်းထားတဲ့အတွက် အခုလက်ရှိအခြေအနေမှာ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ရွေးကောက်ပွဲ ဥပဒေ ၁၅ နဲ့ ညီ၊ မညီ စီစစ်ပေးပါလို့ တောင်းဆိုအပ်ပါတယ်"
ဒီနေ့ဆွေးနွေးပွဲမှာ ရခိုင်ပြည်သူလူထုကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေ၊ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ သယံဇာတခွဲဝေပေးစေရေးစတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကကို တင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲကို နယ်စပ်ကနေ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ပတ်သက်ပြီးလည်း တင်ပြခဲ့ပါတယ်။
သူရဦးရွှေမန်းဟာ ရခိုင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ရခိုင်ပြည်နယ် ကိုယ်စားပြု ပြည်သူတွေနဲ့ ဒီနေ့မှာ ရန်ကုန်မြို့ မှာဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

သံတွဲမြို့မှာ မီးရှို့မှု ဖြစ်ပွား

thandwe-conflit-75
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၇ နာရီလောက်က ကမန်အမျိုးသား တစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က နေအိမ် ၂ လုံးမီးလောင်ခဲ့တာ ဟုတ်မှန်ကြောင်း၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။
" ည ၇ နာရီလောက်မှာ တာဝတိန်သာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်မှာ နည်းနည်းဆူပူမှုဖြစ်ပြီးတော့ နေအိမ်နှစ်လုံး မီးလောင်တယ်လို့တော့ သိရတယ်၊ လောလောဆယ် အဲ့လောက်ပဲ သိရသေးတယ်၊ ဒါပေမယ့် ၇ နာရီခွဲ ၈ နာရီလောက်ကျတော့ ဂျီအီး တပ်ကနေသွားကြည့်တော့ ပြဿနာမဖြစ်တော့ဘူး"
မီးရှို့ခံရတဲ့ အဆောက်အဦးမှာ တစ်လုံးက ကမန်အမျိုးသားတစ်ဦးရဲ့ နေအိမ်ဖြစ်ပြီး နောက်အဆောက်အဦး ကတော့ နေအိမ် ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ မြို့တော်ခန်းမအနီးက ကမန်အမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ စက်ပစ္စည်း အရောင်းဆိုင်ရှေ့ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်နားခဲ့ရာမှာ ဆိုင်ရှင် ကမန်အမျိုးသားနဲ့ သုံးဘီး ဆိုင်ကယ် ပိုင်ရှင်တို့ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဆိုင်ပိုင်ရှင် ကမန်အမျိုးသားကို ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပြီး၊ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အတွက် မကျေနပ်တဲ့ လူအုပ်စုတစ်စုက ကမန်အမျိုးသားရဲ့ နေအိမ်ကို မီးရှို့ခဲ့တာလို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

မြန်မာမှ ကြက်သွန်တန်ချိန် ၅၀၀၀ ဘင်္ဂလားဒေ့ခ်ျတင်သွင်းမည်

onion
ကြက်သွန် ရှားပါး ပြတ်လပ်မူနှင့် ရင်ဆိုင်နေရသော ဘင်္ဂလာဒေခ်ျ့သည် မြန်မာနိုင်ငံမှ ကြက်သွန် တန်ချိန် (၅၀၀၀) တင်သွင်းသွားမည်ဟု သိရှိရသည်။

စက်တင်္ဘာလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ဝေသော The New Age သတင်းစာတွင် ဘင်္ဂလာ ကုန်သွယ်ရေး ၀န်ကြီးဌာနကထိုသို့ဝယ်ယူမည့်အကြောင်းကိုလွန်ခဲ့သောတနင်္ဂင်္နွေနေ့ကထုတ်ဖေါ် ပြောကြားခဲ့သည်ဟု ဖေါ်ပြသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ ဒေသအတွင်းမှ ကုန်သည်များ အနေဖြင့် မြန်မာနှင့် ကြက်သွန်နီ တန်ချိန် (၅၀၀၀) တင်သွင်းရန်ကို သဘောတူ လက်မှတ်ရေးထိုးထားပြီ ဖြစ်ကြောင်း၊ မြန်မာမှ ပထမဆုံး တင်သွင်းလာသော ကြက်သွန်နီများ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှ ပြောသည်။

ဘင်္ဂလာဒေခ်ျ့တွင် ယခင်က ကြက်သွန်ကို အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှ အကြီးအကျယ် တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ရာသီ ဥတု ဆိုးရွားမူကြောင့် အိန္ဒိယ စိုက်ပျိုးရေးကို အထူး ထိခိုက်ခဲ့ရာ အိန္ဒိယမှ ဘင်္ဂလာဒေခ်ျ့သို့ ကြက်သွန် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သည်။

ယင်းနောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့တွင် ကြက်သွန် ဈေးနုန်းမှာ မိုးပေါ် ခုန်တက်သွားခဲ့သည်။

ယခင်က ကြက်သွန်နီ တစ်ကီလိုကို တာကာ ၄၀နှင့် ၄၅ သာရှိခဲ့သော်လည်း ယခုအခါ တာကာ ၈၅ မှ ၉၅ထိ ခုန်တက်သွားခဲ့သည်။

မြန်ကျပ်ငွေနှင့်ဆိုလျှင် တစ်ကီလိုကို ကျပ် ၄၀၀၊ ၄၅၀ မှ ကျပ် ၈၅၀ နှင့် ၉၅၀ ထိ ခုန်တက်သွားခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ ဘဏ်သည် ယခုအခါ ကြက်သွန်များကို မြန်မာ အပါအ၀င် ပါကိစ္စတန်မှ တင်သွင်းနိုင်ရန် အတွက် အတိုးနုန်း အနည်းငယ်ဖြင့် ကုန်သည်များကို ငွေထုတ်ချေးရန် စီစဉ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား အာမခံ ပေးလိုက်ခြင်းကို မကျေနပ်၍ မီးရှို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိ

သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံအား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍ မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သံတွဲမြို့၊ ဒွာရ၀တီ (က) ရပ်ကွက်၊ ၆ လမ်းနေ ရဲသီဟ(ခ)နိုင်ဦး (၃၀)နှစ် (ဘ)ဦးသိန်းနိုင်၊ ၁၁/မပန(နိုင်)၀၆၀၈၁၃၊ ရခိုင်၊ ဗုဒ္ဓ၊ သုံးဘီးတက္ကစီ မောင်းသူသည် ၎င်းမောင်းနှင်သည့် သုံးဘီးဆိုင်ကယ်အား စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီခွဲ အချိန်တွင် အမှတ် (၃) ရပ်ကွက် ရွှေဘုံသာ လမ်းထဲတွင် ရပ်ထားစဉ် ငပလီ စက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးကျော်ဇံလှက သာသနာ့အလံပါ ဆိုင်ကယ်အား ၎င်းအိမ်ရှေ့တွင် ရပ်နားသဖြင့် ရဲသီဟအား ညစ်ညမ်းစွာ ခြိမ်းခြောက်ဆဲဆိုခဲ့၍ ရဲသီဟ (ခ) နိုင်ဦးက ဦးကျော်ဇံလှအား အရေးယူပေးရန် တရားလို ပြုလုပ်ပြီး သံတွဲမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင် သံတွဲမြို့မ ရဲစခန်းမှ (ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆ အရ အမှုအား ဒုရဲအုပ်နေလင်းမှ လက်ခံစစ်ဆေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့သော်လည်း မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် ဆိုင်ကယ်တက္ကစီသမား ၃၅ ဦးခန့်မှ ဦးကျော်ဇံလှ ဆိုင်ရှေ့သို့ ထပ်မံစုရုံး ရောက်ရှိလာ၍ သံတွဲခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သိမ်ကုန်းဆရာတော်တို့မှ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး ဖျန်ဖြေပေးခဲ့၍ ၃ နာရီ ၄၀ မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးကျော်ဇံလှ (ကမန်၊ အစ္စလာမ်)အား သံတွဲရဲစခန်းမှ အာမခံဖြင့် လွှတ်လိုက်ကြောင်းနှင့် ယင်းကိုမကျေနပ်သူ အချို့က ဦးကျော်ဇံလှ နေအိမ်ကို ခဲဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ည ၇ နာရီအချိန်တွင် သံတွဲမြို့ နေရာအချို့တွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးခန့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေး တာဝန်ရှိများက လူစုခွဲ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာ


IBC တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ရှင်းလင်းဖြေကြားနေစဉ်(ဓာတ်ပုံ - ဦးဇော်အေးမောင်၏ Facebook)

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာကြောင်း ရခိုင်တိုင်းရင်းသား ဒေသခံများက ပြောကြားသည်။
စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးများ ကာရံထားသော်လည်း လုံခြုံမှု အပြည့်အ၀ မရခြင်း၊ ချောင်းများအတွင်း လှေများခိုးဝင် ခိုးထွက် များပြားနေခြင်းတို့ကြောင့် ဘင်္ဂါလီများ ခိုးဝင်မှုများ ရှိနေသေးကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ဆိုသည်။
"နဂါးမင်း စီမံချက်တုန်းက အကုန်လုံး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြပေမယ့် အခုအခါမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ကြားတဲ့အတွက် လူတွေဟာ တစိမ့်စိမ့်နဲ့ ရေစိမ့်သလို စိမ့်ဝင်လာနေတယ်" ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် တိုင်းရင်းသားအဖြစ် မပါဝင်ဘဲ ၎င်းတို့သည် တိုင်းရင်းသားဖြစ်ကြောင်း ပြောဆိုနေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းနှင့် ၁၉၈၂ ခုနှစ် ဥပဒေကို အကြွင်းမဲ့ ထောက်ခံကြောင်း ရခိုင်တိုင်းရင်းသားများက ပြောကြားသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ အချုပ်ပါ။ White Card ဆိုတာကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှာကြည့်ပါတယ်။ လုံးဝမတွေ့ပါဘူး။ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း ဒီ White Card ဆိုတာဟာ လုံးဝမပါရှိပါဘူး။ အဲဒါကြောင့် White Card ဆိုတာကို တင်ပြနေတာဟာ ဥပဒေမဲ့ တင်ပြနေခြင်းသာဖြစ်ကြောင်း ကျွန်တော်တင်ပြ လိုပါတယ်" ဟု ဦးဘိုမင်းဖြူက ဆက်လက်ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အလေးထား ကောက်ခံသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက တိုက်တွန်းပြောဆိုခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Q-30-9
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းအား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- ငြိမ်းဇော်လင်း)
မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်းနှင့် ရှိသည်ဆိုလျှင်လည်း လုံလောက်မှု မရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့ဆွေးနွေးသွားတဲ့ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ဒေသ ရခိုင်ပြည်နယ်မှာကျတော့ ထူးခြားစွာပဲ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထူးပြု ပြောသွားတာ ရှိတယ်။ ဒါဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကော ကျွန်တော်တို့ နိုင်ငံမှာ၊ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိသလားဆိုရင် မရှိသေးဘူး။ ရှိတယ်ဆိုရင်လည်း မလုံလောက်သေးဘူးလို့ပဲ ကျွန်တော်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ပဲ ဒီနေ့ကျွန်တော်တို့ တစာစာ ဟစ်ကြွေးပြောဆိုနေတဲ့ ငြိမ်းချမ်းရေး မရတာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး . . . . .
တရားဥပဒေ စိုးမိုးရေး ဆိုရာတွင် လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို အကောင်အထည်ဖော်ရမည့် ပုဂ္ဂိုလ်များကလည်း လိုက်နာရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မလိုက်နာသူကို ဥပဒေအရ အရေးယူရမည် ဖြစ်သကဲ့သို့ ဥပဒေ ချိုးဖောက်ခြင်းကို လက်ပိုက်ကြည့်နေသည့် တာဝန်ရှိသူများကလည်း ဥပဒေကို မလိုက်နာခြင်း ဖြစ်သည့်အတွက် အဆိုပါ သူများကိုလည်း ဥပဒေနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ အားနည်းမှုများစွာ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားသည်။
လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် အစပိုင်းက လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ဥပဒေ၊ နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာလည်း အမှန်တကယ် ကျင့်သုံးပြီး အမှန်တကယ် လိုက်နာကျင့်သုံးကြမှသာ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြံ့ခိုင်မှု၊ ထိန်းသိမ်းမှု ဖြစ်ပေါ်ရေးများ အစဉ်လိုက် ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ဆိုသည်။
R-30-9
စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နိဂုံးချုပ် အမှာစကား ပြောကြားစဉ်
ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုများ မလွဲမသွေ လိုအပ်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ လေးစားမှုများ မရှိပါက အလုပ်များ ဆက်လုပ်နိုင်မည် မဟုတ်ကြောင်း၊ အတိတ်၊ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပါက တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုများ နည်းခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ နိမ့်ကျခဲ့ရခြင်း ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားသည်။
"ကျွန်တော်တို့ လိုချင်တာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစာစာပြောဆိုနေတယ်။ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တကယ်ရသလား၊ မရဘူးလား။ ပြောရမယ်ဆိုရင် မရလို့ ကျွန်တော်တို့ ဒီအခြေအနေထိ ဖြစ်ကြတာ။ အဲဒီအတိုင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်တယ်။ တကယ်ရသလားဆိုတော့ မရခဲ့ပါဘူး" ဟု ၎င်းကဆိုသည်။
လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရုံမျှဖြင့် ငြိမ်းချမ်းရေး ရနိုင်ပြီဟု မဆိုနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည်လည်း ငြိမ်းချမ်းရေး မဟုတ်သော၊ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သော ပဋိပက္ခများ ဖြစ်သည့်အတွက် ယင်းအချက်များကအစ အားလုံးကို ပြေပျောက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ယခင်က ဖက်ဒရယ်ဆိုသည်ကို ခွဲထွက်ခြင်းဆိုပြီး မပြောရဲခဲ့ကြောင်း၊ သို့သော် အမှန်တကယ်တွင် ဖက်ဒရယ် ဆိုသည်မှာ နိုင်ငံလုံခြုံ အေးချမ်းရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေါင်းစုတာဝန်ယူခြင်းပင် ဖြစ်ကြောင်း၊ အာဏာကို ခွဲဝေအသုံးပြုခြင်း၊ ငွေကြေး၊ သယံဇာတများ ခွဲဝေအသုံးပြုခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
ရခိုင်တိုင်းရင်းသားများ ရုပ်ပိုင်း၊ စိတ်ပိုင်း ခိုင်မာမှု မရှိပါက လက်ရှိရခိုင် တိုင်းရင်းသားများ ထမ်းဆောင်နေသော နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွင် များစွာအခက်အခဲ ရှိမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နေသော ရခိုင်တိုင်းရင်းသားများကို နှုတ်အားဖြင့် ဂုဏ်ပြုနေရုံနှင့် မရဘဲ လက်တွေ့အကူအညီများ ပေးသွားရမည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ဆုံမှုတွင် ရခိုင်တိုင်းရင်းသားများဘက်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့်နိမ့်ကျနေသည့် အခြေအနေများ၊ ဘင်္ဂါလီများနှင့် လက်ရှိအခြေအနေများ၊ ၀ှိုက်ကတ်ကိစ္စများ၊ လူဦးရေ ထိန်းချုပ်ရေး ဆိုင်ရာများ၊ တရားမ၀င် ခိုးဝင်လာမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ကိစ္စများကို အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်တင်ပြ သွားမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် နိုင်ငံတော် သမ္မတထံလည်း တစ်ပြိုင်နက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရထံသို့လည်း လွှဲပေးသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြန်လည်ပြောကြား သွားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန် ဂျပန်နိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိ

P-30-9
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain တို့ စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး ဂျပန်၏ ODA ချေးငွေသစ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြစဉ်
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ငါးဘီလျံ အပါအ၀င် ငါးလတာ ကာအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနေသော Myanmar Peace Monitor ၏ သုတေသန မှတ်တမ်းများအရ သိရသည်။
၂၀၁၃ ခုနှစ် မေလမှ စက်တင်ဘာလအထိ ရရှိခဲ့သော နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုများမှာ စက်တင်ဘာလတွင် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ အတွင်း၌ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ၅၂၂၉ ဒသမ ၈ သန်းကျော် ရရှိခဲ့ကြောင်း၊ အဆိုပါ ကတိပြုမှုများထဲတွင် ဂျပန်နိုင်ငံမှ ပေးအပ်သော ချေးငွေနှင့် အလှူငွေ ထည့်ဝင်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် နှစ်ပေါင်းလေးဆယ် ကာလသက်တမ်းအတွက် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဂျပန်နိုင်ငံက ပေးအပ်ခဲ့သော ချေးငွေသစ် (ODA) အမေရိကန်ဒေါ်လာ ငါးဘီလျံလည်း ပါဝင်ခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ် . . . . . .
စက်တင်ဘာလအတွင်း ထည့်ဝင်ခဲ့သည့် အခြားသော အလှူငွေနှင့် ချေးငွေကတိပြုမှုများမှာ ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်၊ အိန္ဒိယနိုင်ငံမှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံမှ ထည့်ဝင်သော ဆွစ်ဖရန့် ၃၅ သန်း၊ ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ အခြားသော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အသုံးပြုရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း၊ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် International Centre for Integrated Mountain Development (ICIMD) မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ငါးသိန်း၊ မြန်မာနိုင်ငံ၏ NCDD (National Community Driven Development) စီမံချက်အတွက် ကမ္ဘာ့ဘဏ်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ ကလေးစစ်သား လျှော့ချရေး လုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း၊ ငါးမွေးမြူရေးလုပ်ငန်း သုတေသန ပြုရန်အတွက် နော်ဝေနိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်များရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသော နေရာများတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးအပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိက၀တ်များကို လစဉ်ရရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ နောက်ပိုင်းလေးလတာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်၊ ပေါင်ငွေ သန်း ၃၀ ကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၇၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း MPM ၏ သုတေသန မှတ်တမ်းများက ဆိုသည်။
စက်တင်ဘာလအတွင်း ရရှိခဲ့သော ထောက်ပံ့မှုများနှင့် ချေးငွေကတိပြုမှုများကို ပေါင်းစပ်ပါက ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှုမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်အထိ ရှိလာပြီ ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ချေးငွေအမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်နှင့် ဂျပန်ယန်းငွေ ဘီလျံ ၂၀ ကျော် ရရှိခဲ့ပါသည်။ ဇူလိုင်လ အတွင်း၌မူ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်၊ သြစတြေးလျဒေါ်လာ သန်း ၁၀၀ ကျော်နှင့် ပေါင်ငွေ ၂၉ သန်းကျော် ရရှိခဲ့သည်။ ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်နှင့် သြစတြေးလျဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့သည်။ မေလအတွင်းက ဂျပန်ယန်းငွေ ၅၁ ဘီလျံနှင့် ပေါင်ငွေ ၄ ဒသမ ၄ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု ပေးခဲ့သူများထဲတွင် ဂျပန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ WHO၊ UNHCR နှင့် Global Fund တို့ ပါဝင်ကြောင်း သိရသည်။
ငါးလတာ ကာလအတွင်း နိုင်ငံတကာ၏ ထောက်ပံ့ငွေနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေသည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရသော်လည်း ထိုကတိပြုမှုများအနက် မည်မျှကို ရရှိထားပြီ ဖြစ်ကြောင်းနှင့် မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲမည်ဆိုသည့် အချက်ကို အစိုးရဘက်မှ ရှင်းလင်းစွာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
"ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာက ကူညီမှု၊ ချေးငွေဘယ်လောက် ရထားသလဲဆို သေသေချာချာ မသိရဘူး။ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးအတွက်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာက ဘယ်လောက်အထိ ရထားပြီလဲဆိုတာ ခွဲခြားပြီး ထုတ်ပြန်ရင်တော့ ပိုကောင်းမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေကို ထိထိရောက်ရောက် သုံးရင်တော့ ပြုပြင်ပြောင်းလဲမှုတွေမှာ လျင်လျင်မြန်မြန် ဖြစ်လာနိုင်တယ်။ စနစ်တကျ စီမံခန့်ခွဲမှု မရှိဘူးဆိုရင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ အခြားအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်သိသလောက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်လောက် ရှိတယ်။ ဆိုလိုချင်တာက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု များလာတာနဲ့အမျှ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စီမံခန့်ခွဲမှုကို သေသေချာချာ လုပ်ထားရမယ်။ ကူညီထောက်ပံ့မှုနဲ့ ချေးငွေတွေလည်း အတူတူပဲ။ ဒီငွေတွေက ကျပ်ငွေအနေနဲ့ ပြည်တွင်းမှာ ပြန်လည်စီးဆင်းမှာဆိုတော့ စီမံခန့်ခွဲမှုအပိုင်း မကောင်းဘူးဆိုရင် ငွေလဲနှုန်း တည်ငြိမ်အောင် ထိန်းတဲ့အပိုင်းမှာ ပြဿနာ ရှိလာနိုင်သလို ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ကာလတို၊ ကာလရှည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်တဲ့ အပိုင်းတွေမှာ ထိခိုက်လာမယ်" ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
စက်တင်ဘာလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ အိန္ဒိယ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာ ၁ သန်း
၂။ ဆွစ်ဇာလန် ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းစဉ် ဆွစ်ဖရန့် ၃၅ သန်း
၃။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်း
၎။ အာရှဖွံ့ ဖြိုးရေးဘဏ်နှင့်ဂျပန် လမ်းပန်းဆက်သွယ်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း
၅။ ICIMD အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၆။ ကမ္ဘာ့ဘဏ် NCDD Project အမေရိကန်ဒေါ်လာ ၈၀ သန်း
၇။ US Fund ကလေးစစ်သားလျှော့ချရေး အမေရိကန်ဒေါ်လာ ၅ သန်း
၈။ NORAD ငါးမွေးမြူရေး သုတေသနစီမံကိန်း အမေရိကန်ဒေါ်လာ ၅၀၀၀၀၀
၉။ ကမ္ဘာ့ဘဏ် မွန်ပြည်နယ်လျှပ်စစ်မီးလင်းရေး(အတိုးမဲ့ချေးငွေ) အမေရိကန်ဒေါ်လာ ၁၄၀ သန်း
၁၀။ ဂျပန် ODA ချေးငွေသစ် အမေရိကန်ဒေါ်လာ ၅ ဘီလျံ

သြဂုတ်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဂျပန်(နီပွန်ဖောင်ဒေးရှင်း) ရခိုင်ပြည်နယ်ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း
၂။ ဂျပန်(JICA) ကျေးလက်ဒေသဖွံ့ ဖြိုးရေး အမေရိကန်ဒေါ်လာ ၁၇၀ သန်း
၃။ သြစတြေးလျ(ACIAR/Aus Aid) စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၆ သန်း
၎။ ထိုင်း ကရင်နှင့်မွန် ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀
၅။ တရုတ် ချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ သန်း
၆။ ဂျပန် ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် ဂျပန်ယန်းငွေ ၂၀ ဘီလျံ
၇။ WHO ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း
၈။ အိန္ဒိယ စီမံချက် ခုနှစ်ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၉။ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၅၀ သန်း

ဇူလိုင်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ပညာရေးအတွက် သြစတြေးလျဒေါ်လာ ၁၀၀ သန်း
၂။ သြစတြေးလျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သြစတြေးလျဒေါ်လာ ၅ သန်း
၃။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်း
၎။ ဗြိတိန် ဖွံ့ ဖြိုးရေးအတွက် ပေါင်ငွေ ၂၉ ဒသမ ၁၅ သန်း
၅။ Global Fund HIV/AIDS တားဆီးကာကွယ်ရေး အမေရိကန်ဒေါ်လာ ၁၆၀ သန်း
၆။ ပြင်သစ် ချေးငွေ(အတိုး ၂ ရာခိုင်နှုန်း) အမေရိကန်ဒေါ်လာ ၅၅၀ သန်း

ဇွန်လအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar Peace Monitor)
စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ သြစတြေးလျ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၂။ ကနေဒါ NGO များ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း
၃။ နီပွန်ဖောင်ဒေးရှင်း နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၎။ UNHCR ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၉ သန်း
၎။ တောင်ကိုရီးယား ချေးငွေ အမေရိကန်ဒေါ်လာ ၅၀၀ သန်း
၅။ အိန္ဒိ.ယ ကျန်းမာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း
၆။ အင်ဒိုနီးရှား ကျောင်းများအတွက် အမေရိကန်ဒေါ်လာ ၁ သန်း
၇။ US AID အဝေးပြေးလမ်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း
၈။ ဂျပန် ချေးငွေ အမေရိကန်ဒေါ်လာ ၉၄၀ သန်း
၉။ အမေရိကန် နှစ်နှစ်တာကူညီမှုအတွက် အမေရိကန်ဒေါ်လာ ၁၇၀ သန်း

မေလအတွင်း ရရှိခဲ့သော နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု (Source: Myanmar
Peace Monitor)

စဉ် နိုင်ငံ/အဖွဲ့အစည်း အကြောင်းအရာ ကတိပြုပမာဏ
၁။ ဗြိတိန် ရခိုင်ဒေသအတွက် ပေါင်ငွေ ၄ ဒသမ ၄ သန်း
၂။ ဂျပန် စီးပွားရေးကဏ္ဍအတွက် ယန်းငွေ ၅၁ ဒသမ ၀၅ ဘီလျံ         

လက်ရှိ အချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်မီး လုံးဝမရရှိသေးသည့် ပြည်နယ်များတွင် ၂၀၁၄ အကုန်၌ လျှပ်စစ် ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်

M-30-9
မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် စက်တင်ဘာ ၁၉ ရက်ညက ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုအား တွေ့ရစဉ်

လက်ရှိအချိန်တွင် တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်မီး သုံးစွဲနိုင်ပြီး လျှပ်စစ်လုံးဝ မရရှိသေးသည့် ပြည်နယ်အများစုတွင် ၂၀၁၄ အကုန်၌ လျှပ်စစ်ဓာတ်အားလိုင်းများ ပြီးစီးအောင် တည်ဆောက်မည်ဟု  လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
၂၀၁၄ ကုန်ပါက လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း . . . . .
"အခု လက်ရှိက လူဦးရေရဲ့ ရာခိုင်နှုန်း ၃၀ ပဲ လျှပ်စစ်မီး ပေးနိုင်သေးတာ။ ရာခိုင်နှုန်း ၅၀ ပြည့်အောင် မီးပေးနိုင်ဖို့ဆို နောက်ထပ်ဓာတ်အားလိုင်းတွေ ဆွဲမှာပေါ့။ ရခိုင်ပြည်နယ် တစ်ခုလုံးက ၂၀၁၄ ကုန်ရင် လျှပ်စစ်မီး ရတော့မယ်။ အဲဒါဆို ရခိုင်ပြည်နယ်က ပြည်သူတွေသည် အစိုးရရဲ့ မီးကိုရမယ်။ နောက် ချင်းပြည်နယ်ကို ဓာတ်အားလိုင်း ဆွဲနေပြီ။ ချင်းပြည်နယ်လည်း ၂၀၁၄ ကုန်ရင် ဟားခါး၊ ဖလမ်း၊ တီးတိန်တို့က National Grid က နေရမယ်။ အဲဒါဆို အဲဒီဒေသက လူတွေက လျှပ်စစ်မီး ရလာမယ်။ နောက်တစ်ခါ ကချင်ပြည်နယ်မှာ ဓာတ်အားလိုင်းကြီး ပြီးသွားပြီ။ ကချင်ပြည်နယ်မှာရှိတဲ့ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ၀ိုင်းမော် အင်းတော်ကြီး ဒေသအားလုံးက ပြည်သူတွေ ၂၀၁၄ ကုန်ရင် မီးတွေရလာမယ်။ မီးရတဲ့ သူတွေကတော့ ပိုတိုးလာမယ်။ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်ကနေရေးကို ဓာတ်အားလိုင်းကြီး ဆွဲနေပြီ။ လာမယ့်နှစ်မှာ ရေးကနေ ထားဝယ်ကို ဆွဲမယ်။ ရေးကလူတွေလည်း လျှပ်စစ်ဓာတ်အားရမယ်။ ထားဝယ်က လူတွေလည်း ရမယ်။ ရှမ်းပြည်နယ်ဆိုရင် တောင်ကြီးကနေထိုင်ပြီး အင်းဒေသတစ်ခုလုံး မီးရအောင် ပေးတဲ့အခါမှာ အင်းဒေသကြီး တစ်ခုလုံး လျှပ်စစ်ရသွားပေမယ့် ရွာတွေအားလုံး မရောက်သေးဘူး။ နောက်တစ်ခါ ပအို့ဒေသ တစ်ခုလုံး လျှပ်စစ်မီးလိုင်းကြီး ကျွန်တော်တို့ ဆွဲနေတယ်။ အရင်က ပအို့ဒေသ တစ်ခုလုံး လုံးဝလျှပ်စစ်မီး မရသေးဘူး။ အခု မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး အားလုံး လိုင်းတွေဆွဲနေပြီ။ ၂၀၁၄- ၂၀၁၅ ဆိုရင် မိုင်းရယ်၊ စိုင်းပေါင်၊ ဟိုပုံး၊ ဆီဆိုင်အားလုံးက လျှပ်စစ်ဓာတ်အား ထပ်တိုးရလာမယ်။ နောက်တစ်ခါ ဓနုဒေသ တစ်ခုလုံး ကလောကနေ ပင်းတယ၊ ပင်းတယကနေ ရွာငံဆွဲနေတယ်။ ဓနုဒေသ တစ်ခုလုံး လျှပ်စစ်ရလာမယ်။ မဖြစ်မနေ လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ ဒေသရှိသေးတယ်။ နာဂဒေသ မီးမရဘူး။ လာမယ့်နှစ်မှာ လေရှီး၊ လဟယ်၊ လန်းယွန်းမှာ ရေအားလျှပ်စစ် အသေးလေးသုံးခု သွားဆောက်မယ်။ လေရှီး၊ လဟယ်၊ လန်းယွန်းသည် လျှပ်စစ်မီး ရရမယ်" ဟု ပြောကြားသည်။
၂၀၁၄ ကုန်ပါက လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းလည်း ရေးဆွဲထားပြီး နိုင်ငံတော်မှလည်း ဘတ်ဂျက်ချထားပေးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
၂၀၁၅-၂၀၁၆ တွင် တစ်ပြည်လုံး လူဦးရေ၏ ရာခိုင်နှုန်း ၅၀ လျှပ်စစ်မီး သုံးစွဲနိုင်ရန် ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ စီမံကိန်းများအရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ပြည်နယ်အတွင်း မပြီးပြတ်သေးသော ဆွဲ တင် စစ် လူဦးရေစာရင်းကောက်ခံမှု ပြန်လည်ပြုလုပ်မည်

k.27.9.2013.10
ရခိုင်ပြည်နယ် ဆင်တက်မော်ကျေးရွာတွင် လူဦးရေစာရင်း စစ်ဆေးမှုပြုလုပ်နေစဉ်
ရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှု ပြုလုပ်စဉ် ပြဿနာတက်ခဲ့သဖြင့် မပြီးပြတ်သေးသော ဆွဲ တင် စစ် ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံမှုအား ပြန်လည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
ယင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''ဆွဲ တင် စစ် စာရင်းကောက်တာ ပြန်ကောက်ဖို့ရှိတယ်။ ဘယ်တော့ ကောက်မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ လ၀ကနဲ့ နယ်စပ်လုံခြုံကို ပြန်မေးရဦးမယ်'' ဟု ပြောကြားသည်။
ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံရာတွင် ဘင်္ဂါလီများက ငြင်းဆန်ခဲ့သဖြင့် အကြိမ်ကြိမ် ရပ်တန့်ထားခဲ့ရပြီး ဘင်္ဂါလီများက လူမျိုးနေရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ဖော်ပြရန် တောင်းဆိုခဲ့သည်။ ဆွဲ တင် စစ် လူဦးရေ စာရင်းကောက်ခံရာတွင် ပထမဆုံးအဖြစ် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်အတွင်းက ပေါက်တောမြို့နယ်တွင် ကောက်ခံခဲ့ပြီး အဆင်မပြေခဲ့သည့်အပြင် စစ်တွေမြို့နယ်တွင် ဆက်လက် ကောက်ခံရာတွင်လည်း
ဘင်္ဂါလီများက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပြန်လည် ကောက်ခံရာတွင်လည်း အဆင်မပြေခဲ့သဖြင့် စာရင်းကောက်ခံခြင်းအား ရပ်နားထားခဲ့ရာ ယခုအခါ ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
''လူဦးရေစာရင်း ကောက်ခံသွားဖို့တော့ ရှိတယ်။ သူတို့ကို စာရင်းကောက်တာကလည်း ဘယ်လူမျိုးလို့ သတ်မှတ်ပြီး ကောက်တာမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက် စာရင်းကောက်ခံတဲ့ စာရွက်မှာ ဒီလိုမျိုး ရေးစရာမလိုဘူး။ သူတို့ရဲ့မွေးရာဇာတိ၊ အဘိုးအဘွားတွေ မွေးဖွားနေထိုင်ခဲ့ရာနဲ့ အလုပ်အကိုင်တွေကိုသာ အဓိကရေးသား ထည့်သွင်းတာဖြစ်တယ်'' ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဆိုသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, September 27, 2013

မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဂျင်မီကာတာ ချီးကျူး

the-elders-305.JPG
ရန်ကုန်မြို့၊ Strand Hotel မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကလုပ်တဲ့ The Elders အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံက ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်မှုကို ချီးကျူးကြောင်း The Elders ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ အကြီးအကဲဖြစ်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter က ဒီနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာရောက်ရှိနေတဲ့ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ရဲ့ ရန်ကုန်မြို့ Strand Hotel မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် သမ္မတဟောင်း Jimmy Carter က အခုလို ချီးကျူးပြောဆိုခဲ့တာပါ။
"ကျနော်တို့ ဝန်ကြီးဦးအောင်မင်း နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေကို တစ်ကမ္ဘာလုံးကလည်း ချီးကျူးနေကြတာပါ၊ လတ်တလောနှစ်ဖွဲ့ကတော့ ကျန်နေပါသေးတယ်၊ အဲဒါကလည်း မကြာခင်ကာလမှာ အဆင်ပြေမယ်လို့ ယူဆပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကိုတော့ လာမယ့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာ ကျင်းပသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း သိရပါတယ်” လို့ အမေရိကန် သမ္မတဟောင်း Jimmy Carter က ပြောကြားသွားပါတယ်။
ကမ္ဘာ့ခေါင်းဆောင်ဟောင်းသုံးဦးဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း Jimmy Carter ၊ နော်ဝေဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland၊ ဖင်လန်နိုင်ငံသမ္မတဟောင်း Martti Ahtisaari တို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းထောက်ခံလာအောင်နဲ့ နိုင်ငံအပြောင်းအလဲမှာ အားလုံးပါဝင်လာအောင် တိုက်တွန်းတဲ့ရည်ရွယ်ချက်နဲ့ လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ မနေ့က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။  ဒီနေ့ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ရဲ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

တရုတ်ပိုက်လိုင်း ဆန့်ကျင်ဆန္ဒပြသူ မဒေးကျွန်းသား ၁ဝ ဦးကို ထောင်ဒဏ်များ ချမှတ်

kyauk-phyu-305.JPG
ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ CNPC ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC) ရဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြခဲ့ကြသူ ကျေးရွာသား ၁ဝ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ဒီနေ့ ထောင်ဒဏ် ၃ လ အသီးသီးချမှတ်လိုက်ပါတယ်။
ကျေးရွာသား ၁ဝ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဦးထိန်လင်းက ဒီအမှုအတွက် အယူခံဝင်သွားမယ်လို့ RFA ကို ပြောပါတယ်။
ဒီကနေ့ တရားရုံးချိန်းမှာ မဒေးကျွန်း၊ ရွာမ၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ အပါအဝင် ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ မလကျွန်း၊ မင်းပြင်စတဲ့ ကျေးရွာပေါင်း ၂ဝ ကျော်က ဒေသခံ ၃ဝဝ ကျော်လောက်က အဲဒီ ၁ဝ ဦးကို ပြန်လွှတ်ပေးဖို့ တရားရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလို တောင်းဆိုဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက တရုတ်ကုမ္ပဏီကို ဆန္ဒပြခဲ့စဉ်က ဒေသခံတွေ အတော်များများပါခဲ့တာကြောင့် အရေးယူမယ်ဆိုရင် အားလုံးကို အရေးယူရမှာဖြစ်ကြောင်း ပြောပါတယ်။
"ကျနော်တို့ ဒေသခံတွေအားလုံးက တပြေးညီတောင်းဆိုထားတဲ့ဟာကို ဒီလူ ၁ဝ ယောက်ကို ဘာကြောင့်ချသလဲ၊ ကျနော်တို့အားလုံးကို ဒီ ၁ဝ ဦးနဲ့အတူချပေးပါ၊ ဒါမှမဟုတ် ဒီ ၁ဝ ဦးကို လွှတ်ပေးပါလို့ ကျနော်တို့ တောင်းဆိုပါတယ်"
ဒီနေ့ ကျောက်ဖြူတရားရုံးနားမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။ မဒေးကျွန်းက ဒေသခံ ၄ဝဝ ကျော်လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်းလျော်ပေးဖို့၊ မဒေးကျွန်းဒေသဆိပ်ကမ်းကနေ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည်ရွာစတဲ့ ကျေးရွာတွေရဲ့ ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ လုပ်အားခတွေကို နိုင်ငံတကာစံနှုန်းအတိုင်းရရှိဖို့စတဲ့ အချက် ၉ ချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ကျောက်ဖြူမြို့ တရားရုံးရှေ့က ဒီနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုညီငယ်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အသံနားထောင်ရန် ဤနေရာကိုနှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

ဘာသာမတူသူတွေအကြား ယုံကြည်မှုရအောင် ထိတွေ့ဆက်ဆံဖို့လိုအပ်

un-vijay-nambiar-b75
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာတွေနဲ ရိုဟင်ဂျာ မူစလင်တွေအကြား အပြန်အလှန် ယုံကြည်မှုရရှိအောင် ထိတွေ့ဆက်ဆံမှုတွေ၊ ဆွေးနွေးပြောဆိုတာတွေ အခုထက်ပိုပြီး ဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ပြောပါတယ်။
Al Arabiya ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မနေ့က ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ တကယ့်ကို အရေးတကြီး လက်ငင်းလိုအပ်နေတာက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေ အများကြီးလိုအပ်နေတယ်ဆိုတာ အစိုးရကရော ၊ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက တချို့သူတွေ သိမြင်လာကြဖို့ဖြစ်ပါတယ်၊ တကယ်တော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတာဟာ တရားဥပဒေမစိုးမိုးနိုင်တာကနေ ဘာသာလူမျိုးပဋိပက္ခအထိ ကြီးထွားသွားခဲ့ရတာပါ၊ အဲဒီနောက် ရိုဟင်ဂျာတွေရဲ့ တရားဝင်မှုအဆင့်အတန်းဆိုင်ရာ လက်ရှိပြဿနာဟောင်းအပါအဝင် တခြားကိစ္စတွေပါရောပြီး အရှိန်မြင့်သွားခဲ့ရတာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မန်မာအစိုးရအနေနဲ့ ဘာသာလူမျိုးပဋိပက္ခဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်တယ်ဆိုတာ သဘောပေါက်ပါတယ်၊ အစိုးရအကူအညီနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့ပါတယ်၊ အစိုးရအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်နေပေမဲ့ မလုံလောက်သေးပါဘူး၊ အပြန်အလှန် ယုံကြည်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေ အများကြီးလိုအပ်နေပါတယ်၊ အကြမ်းဖက်ကိစ္စတွေမှာ အမှန်တကယ်ပါဝင်သူတွေကို အရေးယူအပြစ်ပေးရပါမယ်၊ ဒါမှသာ လူတွေမှာ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားသိကို ပယ်ဖျောက်နိုင်ပြီး၊ အကာအကွယ်ပေးမယ့် တရားဥပဒေရှိတယ်ဆိုတဲ့ အသိရရှိလာမှာဖြစ်ပါတယ်လို့ မစ္စတာ Vijay Nambiar က ပြောကြားခဲ့ပါတယ်။
မစ္စတာ Vijay Nambiar ဟာ စက်တင်ဘာလဆန်းပိုင်းက မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ပို့လွှတ် နေသည့်တိုင် မကွေးတိုင်းအတွင်း ဒေသခံ အများစု၏ နောက်ဆက်တွဲ ဆုံးရှုံးမှုများအတွက် လျော်ကြေးမရ

8.1.1
ငဖဲမြို့နယ် နတ်ရေကန် တောင်ကြောပေါ်မှ တရုတ်ပိုက်လိုင်း လမ်းကြောင်း တစ်နေရာတွင် ရေတိုက်စား ထားသည်ကို စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်နေပြီ ဖြစ်သော်လည်း မကွေးတိုင်းအတွင်း ပိုက်လိုင်း တည်ဆောက်ရာ လမ်းကြောင်းတစ်လျှောက် သတ်မှတ် ဧရိယာအားကျော်၍ မြေပြိုမှုများ၊ ရေတိုက်စားခံရမှု များ ကြုံတွေ့နေရသော ဒေသခံ အများစုအတွက် လျော်ကြေးငွေ မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အုပ်စုအတွင်း ကျေးရွာအများစုတွင် ယင်းပိုက်လိုင်း စတင်တည်ဆောက် ခဲ့စဉ်က မြေလျော်ကြေးနှင့် ပျက်စီးခဲ့သည့် သစ်ပင် သီးနှံများအတွက် လျော်ကြေးပေးအပ် ခဲ့သော်လည်း ပိုက်လိုင်းတည်ဆောက်ပြီး နောက်ပိုင်း မြေပြို၍ စိုက်ပျိုးပင်များ ထပ်မံပျက်စီးခြင်း ကျေးရွာများမှ သောက်သုံးရေအတွက် အမှီပြုရသည့် စမ်းချောင်းများနှင့် လမ်းများပျက်စီးခြင်းတို့ ကြုံတွေ့နေရကြောင်း၊ ပျက်စီးခဲ့သည့် စိုက်ပျိုးပင်များ အတွက် သက်ဆိုင်ရာ ဋ္ဌာနများမှ လျော်ကြေးငွေ ပေးမည်ဟု ဒေသခံများအား တွေ့ဆုံလက်မှတ် ထိုးစေခဲ့သော်လည်း စက်တင်ဘာလ နှောင်းပိုင်းအထိ လျော်ကြေးငွေ ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။
''ကျွန်တော်တို့ရွာမှာ မိုးရွာလို့ ပိုက်လိုင်းဖို့မြေတွေ ပြိုကျလာပြီး အသီးအနှံ အပင်တွေ ပျက်စီးခဲ့ရသူ ၆၇ ဦး ရှိပါတယ်။MOGEနဲ့ဋ္ဌာနဆိုင်ရာတွေကကွင်းဆင်းကြည့်သွားပြီး လျော်ကြေးငွေပေးမယ် ပြောသွားတာလည်း နှစ်ကြိမ်သုံးကြိမ် ရှိပေမယ့် အခုထိ ဘယ်သူ့ကိုမှ မပေးသေးပါဘူး အခြားရွာတွေမှာလည်း ဒီအတိုင်းပါပဲ'' ဟု ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ တောင်သူ ကိုဋ္ဌေးဝင်းဦးက ပြောသည်။
နတ်ရေကန် တောင်ကြောပေါ်ရှိ မင်းဘူး-အမ်း ကာလမ်းတစ်လျှောက်တွင် တရုတ်ပိုက်လိုင်း တည်ဆောက်ခဲ့သည့် ဖို့မြေများ ပြိုကျမှုနှင့် ရေတိုက်စားမှုကြောင့် ကားလမ်းပျက်စီးခြင်း တောင်အမြင့်ပိုင်းမှ ပြိုကျလာသည့် မြေသားများ စမ်းချောင်းများ အတွင်းပို့၍ ရေမြောကမ်းပြိုခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ''သူတို့ကို နှစ်ကြိမ် လျော်ကြေးပေးခဲ့ ပြီးပါပြီ။ နောက်ဆုံးအရစ် ပေးဖို့က စိစစ်နေဆဲမို့ မပေးရသေးတာပါ။ တချို့တောင်သူတွေက သစ်ပင်တွေ ယာယီစိုက်ပြီး လိမ်တာမျိုးတွေ လည်းရှိနေလို့ သေချာအောင် စိစစ်နေပါတယ်'' ဟု ဖြေကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်မြောက်ပိုင်းတွင် UNESCO က ငြိမ်းချမ်းရေးဆိုင်ရာ ပညာသင်ကြားမှုများ ပြုလုပ်ရန် သဘောတူညီချက်ရ

Ex3-23-9
ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စာသင်ကျောင်းခန်း တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) က ငြိမ်းချမ်းရေးဆိုင်ရာ ပညာသင်ကြားမှုများ ပြုလုပ်ရန် မြန်မာအစိုးရက သဘောတူလိုက်ကြောင်း သိရသည်။
ပဋိပက္ခများ စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူမှုအသိုင်းအ၀ိုင်း အချင်းချင်း မတူညီသော ယဉ်ကျေးမှုများကို လေးစားမှု တိုးပွားလာစေရန် ရည်ရွယ်ကာ (UNESCO) ၏ ငြိမ်းချမ်းရေးဆိုင်ရာ ပညာသင်ကြားမှု စီမံကိန်းကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ စီမံကိန်းကို (UNESCO) နှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်သုံးမြို့နယ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံမှ ပေးအပ်သည့် ရန်ပုံငွေဖြင့် ဖော်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအရ ပဋိပက္ခများကြောင့် ထိခိုက်ခံစားခဲ့ရသော ကျောင်းပေါင်း ၄၀ မှ ဆရာ၊ ဆရာမပေါင်း ၃၅၀ ကို ငြိမ်းချမ်းရေးပညာပေး သင်ကြားမှုများအတွက် လေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသားပေါင်း တစ်သောင်းအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီမံကိန်းတွင် မိဘ၊ ဆရာ အသင်းပေါင်း ၄၀ ကို ပြန်လည်ဖွဲ့စည်းပြီး လူထုအခြေပြု သင်ကြားမှုစင်တာ သုံးခုကို တည်ထောင်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကြောင့် ကျောင်းပေါင်းရာနှင့်ချီ ထိခိုက်ပျက်ဆီးခဲ့ပြီး ကျောင်းသားပေါင်း သောင်းနှင့်ချီ ထိခိုက်မှုရှိခဲ့ရာ အစိုးရနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အဆိုပါ ပြဿနာအတွက် ငြိမ်းချမ်းရေးပညာပေး သင်ကြားမှု အစီအစဉ်များကို ပြုလုပ်ရန်မှာ လူမှုအသိုင်းအ၀ိုင်း နှစ်ခုအကြား တင်းမာမှုများကို လျော့ကျစေရန် ဦးစားပေးရမည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု သုံးသပ်ကြသည်။
စီမံကိန်းသည် ကျောင်းဆရာများ၊ ကျောင်းသားများနှင့် မိဘများ၏ အရည်အသွေး တိုးမြင့်စေပြီး ပြဿနာဖြေရှင်းမှုတွင် အားလုံးပါဝင်သော ဖြေရှင်းမှု ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ကျောက်ဖြူ ဆန္ဒုပြပွဲ ညနေ ၆ နာရီခွဲတွင် ပြီးဆုံး

Kyauk Pry protest
 
ကျောက်ဖြူမြို့နယ် တရားရုံးတွင် ဒေသခံများ ပြုလုပ်နေသော ဆန္ဒပြပွဲမှာ ညနေ ၆ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

မဒေးကျွန်းရွာမ ဆရာတော်ကြီး ဆန္ဒပြသူများ စုဝေးနေရာသို့ လိုက်ပါလာပြီး ဒေသခံ ရွာသားများကို ဖျောင်းဖျ ခေါ်ယူသွားသည်ဟု ကျောက်ဖြူ လူမူ ကွန်ယက်မှ ကိုလှမြင့်ကျော်က ပြောသည်။

ကျောက်ဖြူ ခရိုင် ဥက္ကဌ အပါအ၀င် အာဏာပိုင်များမှ ရွာသားများကို ဖျောင်းဖျပေးရန် ဆရာတော်ကြီးကို လျှောက်ထားပြီးနောက် ဆရာတော်ကြီးမှ ရွာသားများကို လာရောက် ခေါ်ယူသွားသည်ဟု သိရသည်။

ဆန္ဒပြသူများအား အာဏာပိုင်များက တရားဥပဒေကြောင်းအရ ဖြေရှင်းရန်နှင့် လာမည့် တနင်္လာနေ့တွင် အယူခံတင်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု သိရသည်။

“ အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် အယူခံ တင်ပါမယ်။ အာဏာပိုင်တွေရဲ့ သဘောထားကို ကြည့်ရပါအုံးမယ်” ဟု ကိုလှမြင့်ကျော်က ပြောသည်။

ယနေ့ ဆန္ဒပြပွဲသို့ လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး ဦးထွန်းကြည်အပါဝင် ၁၀ ဦးကို လွှတ်ပေး၊ ပုဒ်မ ၁၈ အလိုမရှိ၊ အမှန်တရား အောင်ရမည် ဆိုသော ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒုပြနေကြခဲ့ကြသည်။

၎င်းဆန္ဒပြပွဲသည် မဒေးကျွန်းမှ ကိုထွန်းကြည် အပါအ၀င် ရွာသား (၁၀) ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင် သုံးလချမှတ်ပြီးနောက် ကျောက်ဖြူမြို့နယ် တရားရုံးရှေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်ကပင် စတင်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူ ဆန္ဒပြသူများ သပိတ်စခန်းဖွင့်ရန် စီစဉ်

001
 
ကျောက်ဖြူမြို့ တရားရုံးရှေ့တွင် ဆန္ဒပြနေသူများသည် သူတို့ တောင်းဆိုချက်ကို အစိုးရက တစ်စုံတစ်ရာ လိုက်လျော့ မပေးသဖြင့် ဆက်လက် ဆန္ဒပြနိုင်ရန်အတွက် သပိတ်စခန်း ဖွင့်ရန် စီစဉ်နေကြပြီဟု သတင်း ရရှိသည်။

ယနေ့ ညနေ (၅) နာရီထိ လူစု မကွဲသေးကြောင်းနှင့် ဆန္ဒပြသူ အရေအတွက်သာ တစထက် တစ များလာနေသည်ဟု မျက်မြင်များက ပြောသည်။

“ လူတွေကတော့ ထပ်ပြီးတိုးလာပါတယ်။ ဒေသခံတွေလည်း ထပ်ရောက်လာကြတယ်။ အခုတော့ ဆန္ဒပြသူ တွေ ဒီနေရာမှာ သပိတ်စခန်း ဖွင့်ပြီး ညအိပ် ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။ တချို့လည်း စားရေးသောက်ရေးအတွက် စီစဉ်နေကြ ပါပြီ”ဟု ကျောက်ဖြူတရားရုံးရှေ့ရောက်နေသူ ကိုမောင်အေးက ပြောသည်။

ဆန္ဒပြထုတ်ဖော်သူများမှာ တရားရုံးရှေ့တွင် ယခုအခါ ၅၀၀ ကျော်ခန့်ရှိနေပြီး လုံခြုံရေးယူထားသည့် စစ်တပ်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်း တရားရုံး အထဲတွင်နေရာယူထားကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ဖြူစိုးမှ ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သည့် ကိုထွန်းကြည် ဖခင် ဦးထွန်းမောင်နုအား ဒေသခံများကိုခေါ်ပြီး ပြန်ရန် နှစ်ကြိမ်သတိပေးထားပြီး၊ မဒေးကျွန်းမှ ဆရာတော်တချို့ကို လည်း ဒေသခံများကို အိမ်ပြန်ဖို့ ပြောပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းနှင့် မေတ္တာရပ်ခံနေကြောင်း သိရသည်။

“ကျွန်တော့်ကို မြို့နယ်အုပ်ချုပ်ရေးက ရွာကလူတွေကို ခေါ်ပြီးပြန်သွားပါ။ တခုခုဖြစ်လာရင် ခင်ဗျာတို့ဘက်က နစ်နာမယ်လို့ပြောပါတယ်။ ကျွန်တော်က ဘယ်သူ့ကိုမှ ခေါ်လို့မရဘူး။ အားလုံးက ဆက်နေဖို့ပြောနေကြ တယ်” ဟု ကိုထွန်းကြည်ဖခင် ဦးထွန်းမောင်နုက နိရဉ္စရာသို့ ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းအရ မြို့နယ် ရဲမှူးကြီး၊ ရခိုင်တိုင်းရင်းသားမျိုးတခြားတာဝန် ရှိ သူများက တရားရုံးရှေ့တွင် ဆွေးနွေးနေကြပြီး တစ်စုံတရာ ဆုံးဖြတ်ချက်မချ နိုင်သေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား တာဝန်မှ ရပ်နားခံရဟု သတင်းထွက်

1240439_262945450496830_433807481_n
 
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် ယင်းသို့ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး Yangon Media Group သတင်း ဖေါ်ပြသည်။

ကင်တားနားကို ကုလသမဂ္ဂ၏ မြန် မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့ကြောင်း၊ သူ့နေရာတွင် အသစ်တစ်ဦး ခန့်ထားရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြောဆိုသည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားသည် မြန်မာနိုင်ငံ၏ လူ့အခွင့်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် သမာသမတ် မကျဘဲ ဘက်လိုက်မူ ရှိသည်ဟု စွပ်စွဲခံထားရသည်။

သူ၏ ဘက်လိုက် ဆောင်ရွက်မူများကြောင့် သူ၏ နောက်ဆုံး ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေနှင့် ဘူးသီးတောင်တို့တွင် ဆန္ဒပြ ကန့်ကွက်မူများနှင့် ရင်ဆိုင်ခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေး ရန် မြန်မာနိုင်ငံလာမည်

OIC အတွင်းရေးမှူးချုပ် ပါမောက္ခ အက်နီလတ်ဒင်အီဆာနိုဂလူ။
OIC အတွင်းရေးမှူးချုပ် ပါမောက္ခ အက်နီလက်ဒင်အီဆာနိုဂလူ
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲရှိ ပါသေး တယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။

စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC အဖွဲ့၏ ရို ဟင်ဂျာမူဆလင် လူနည်းစုရေးရာ အစည်း အဝေးတွင် OIC ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာ နိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။

OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အချို့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC လာမယ့်ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC ကို ရခိုင်ပြည်နယ်က ရခိုင်လူမျိုး တွေက လုံးဝလက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။

မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်းဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch သတင်းဌာနတွင် ဖော်ပြ ထားသည်။

OIC အဖွဲ့သည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီး ယခင် က မြန်မာနိုင်ငံတွင် OIC ရုံးကို ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)

ဆန္ဒဖော်ထုတ်သူ(၁၀)ဦးကို ထောင်ချ၍ ကျောက်ဖြူတွင် ပြည်သူ (၄၀၀) ခန့်က ဆန္ဒပြပြီ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးကို မြို့နယ် တရားရုံးက ထောင်ချလိုက်သဖြင့် လူပေါင်း ၄၀၀ ခန့်က တရားရုံးရှေ့တွင် စုရုံးပြီး ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော်ကာ ဆန္ဒပြနေကြသည်ဟု သတင်း ရရှိသည်။

ကိုထွန်းကြည် အပါအ၀င် လူ (၁၀) ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မူ ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ယနေ့ နံနက်က ကျောက်ဖြူမြို့နယ် တရားရုံးမှ ထောင် (၃) လစီ ချမှတ်လိုက်ပြီးနောက် ယခုလို ဆန္ဒပြပွဲများ ပေါ်ပေါက်လာကြောင်း ကျောက်ဖြူ လူမူ ကွန်ယက် ဥက္ကဌ ကိုလှမြင့်ကျော်က ပြောသည်။

“ အခု ဆန္ဒပြနေကြတဲ့ သူတွေက မဒေးကျွန်း ရွာ (၄) ရွာက လူတွေ အပါအ၀င် ပိုက်လိုင်း ဖြတ်သန်းတဲ့ ရွာတွေက ဒေသခံတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း ၄၀၀ ခန့်ရှိပါတယ်။ တရားရုံးရှေ့မှာဘဲ ဆန္ဒပြနေကြတာ ဖြစ်ပြီး ထောင်ချခံရတဲ့ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု ၎င်းက ဆိုသည်။

တရားရုံးရှေ့တွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ဒိုင်းကာများဖြင့် နေရာယူထားပြီး တရားရုံး ပတ်ပတ်လည်တွင်လည်း လုံထိန်းများ၊ စစ်သားများက နေရာယူထားကာ မီးသတ်ကားများကိုလည်း အဆင်သင့် ရပ်နားထားသည်ဟု ဆိုသည်။

ဆန္ဒပြသူများ တောင်းဆိုနေသည်မှာ မဒေးကျွန်းမှ ထောင်ချခံရသူ (၁၀) ဦးအား လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ကျေးရွာသားများ အားလုံးကို ဖမ်းဆီးထောင်ချရန် တောင်းဆိုနေကြသည်ဟု လူမူကွန်ယက်မှ ကိုထွန်းလွှင်က ပြောသည်။

“ သူတို့တောင်းဆိုနေတာက အခု ထောင်ချခံရတဲ့ သူ (၁၀) ဦးကို ထောင်ချရင် သူတို့ရွာသားတွေပါ အကုန်လုံးထောင်ချပါ။ ဆန္ဒဖေါ်ထုတ်ပွဲကို လုပ်တာ သူတို့ (၁၀) မဟုတ်ဘူး။ တစ်ကျွန်းလုံးက လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျွန်းပေါ်က လူတွေ အကုန်လုံးကို ထောင်ချပါဆိုပြီး တောင်းဆိုနေကြပါတယ်။ အခုထိ တောင်းဆိုနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ကျောက်ဖြူ, မဒေးကျွန်း, ဆန္ဒပြ ခေါင်းဆောင်များ, စီရင်ချက်
ကျောက်ဖြူမြို့နယ် တရားရုံး အနီးတွင် ယနေ့တွေ့ရသော ဆန္ဒပြ ဒေသခံများ (ဓာတ်ပုံ – Thaung Tin / Facebook)
မဒေးကျွန်းပေါ်မှ ရွာသား ၅၀၀ ခန့်သည် ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က ရွှေသဘာဝ ဓါတ်ငွေ့ကြောင်း ဒေသခံများ နစ်နာမူများ ရှိနေသဖြင့် ကျွန်းပေါ်ရှိ တရုတ် ကုမ္ပဏီ CNPC ရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။

ယင်းနောက်ပိုင်း ကိုထွန်းကြည် အပါအ၀င် လူ (၁၀) ဦးကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည်ဟု ဆိုကာ ကျောက်ဖြူ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ယနေ့ (စက်တင်္ဘာလ ၂၆ ) ရက်နေ့တွင် တရားရုံးက ထောင် (၃)လ စီ ချမှတ်ခဲ့သည်။

ယခုကဲ့သို့ ထောင်ချသည့် အပေါ် မကျေနပ်သော ဒေသခံများက တရားရုံးရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“ ဆန္ဒပြပွဲကတော့ လောလောဆယ် မပီးသေးဘူး။ ဒီထက် လူများလာစရာ ရှိတယ်။ အာဏာပိုင်တွေ ဘက်ကတော့ ဘာမှ တုန့်ပြန်တာ မရှိသေးဘူး။ တရားရုံးထဲကို ဆန္ဒပြသူတွေ မ၀င်နိုင်အောင် လုံခြုံရေး တင်းကျပ်ထားတာကိုဘဲ တွေ့ရပါတယ်” ဟု နေ့လည် ၁ နာရီခန့်တွင် တရားရုံးရှေ့သို့ ရောက်နေသူ ကိုလှမြင့်ကျော်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)