Tuesday, November 26, 2013

UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

 ဒေါ်အောင်ဆန်းစုကြည်, UNFC, တပ်မတော်, ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင်  ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ  ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြောတယ်။ ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာ ပေါ့´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး ဆိုသော မူဝါဒ ၂ ခုတွင် တိုင်းရင်းသားများနှင့် NLD  အမြင်မတူ သော်လည်း သဘောထားကွဲလွဲခြင်းမဟုတ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးဖြစ်ကြောင်း ပြောဆိုကြသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး ဦးနိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး UNFC သည် လွှတ်တော်လမ်းကြောင်းမှ ၀င်ရောက်ဆောင်ရွက်၍ မရသောကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသော ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။
“စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါကကျနော်တို့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာနေတဲ့လူတွေက လွှတ်တော်ထဲမှာလည်း ၀င်တိုးလို့မရဘူး။ ဒီဖွဲ့စည်းပုံ အနေအထားအရ လွှတ်တော်ထဲမှာလည်း ပြင်ဖို့ မလွယ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ် တို့ကတော့ အသစ်ရေးတာကတော့ မြန်တယ်။ လွယ်တယ်လို့ပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့  ပုံစံမျိုး ရမယ်လို့ ယုံကြည်ပြီးတော့ အဲဒါကို ပြောပြတာ´´ဟု ဦးနိုင်ဟံသာက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အရေးအတွက် အသိသက်သေအနေဖြင့်သော်လည်းကောင်း၊ ၀ိုင်းဝန်းကူညီသူအနေဖြင့်သော်လည်း အမြဲတမ်းကြိုဆိုဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအနေနဲ့ရော ၊ ၀ိုင်းဝန်းကူညီနိုင်တဲ့ အနေအထားကနေ ပါဖို့ရော အန်ကယ်တို့ က အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ထာဝရ ငြိမ်းချမ်းရေးရဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ တော်တော် လေးကို အဓိကကျတဲ့ အခန်းဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်နိုင်ဖို့က ပြည်ထောင်စုအစိုးရကို အာဏာ တချို့ အပ်ပြီးတော့မှ ပြည်နယ်အစိုးရတွေမှာ ထိုက်သင့်တဲ့ အာဏာတွေ လွဲအပ်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ဆိုတဲ့နေရာမှာ တန်းတူညီမျှရှိဖို့ လိုအပ်ပါတယ်´´ဟု ဦးနိုင်ဟံသာက ရှင်းပြသည်။
အခြေခံဥပဒေ နှင့် ပတ်သက်၍ UNFC နှင့် ချည်းကပ်သည့်  လမ်းစဉ်မတူသော်လည်း  အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နှင့် UNFC သဘောထား မကွဲလွဲကြောင်း၊ အဓိကမှာ စစ်မှန်သော ပြည်ထောင်စု စနစ် တရပ် ပေါ်ထွန်းရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ ဒီကိစ္စပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုံစံနဲ့  တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံးဝ သဘောတူတယ်။ အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။
UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ခြောက်သောင်းနီးပါး အလုပ်အကိုင် ရရှိမည်

8.1.1
ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းရှိ ဆိပ်ခံတံတား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဌေးသန်း)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးတွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အပိုင်းသုံးပိုင်းခွဲ၍ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ပထမအဆင့် ပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ် အကုန်တွင် အလုပ်သမား ၅၈၀၀၀ ခန့် အလုပ်အကိုင် ရရှိနိုင်မည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း၏ တင်ပြချက် စာတမ်းအရ သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပထမဆင့်အဖြစ် (၂၀၁၄- ၂၀၁၆)၊ ဒုတိယဆင့်အဖြစ် (၂၀၁၇- ၂၀၂၀) နှင့် တတိယဆင့်အဖြစ် (၂၀၂၁- ၂၀၂၅) အထိ ခန့်မှန်းကာလ သတ်မှတ်ပြီး အဆင့်သုံးဆင့်ခွဲကာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ပထမဆင့်စီမံကိန်း အကောင်အထည် ဖော်မှုတွင် ဆိပ်ကမ်း၊ အထူးစီးပွားရေး ဇုန်အတွက် အသားတင် ဧရိယာနှင့် အိမ်ရာများ အတွက် စုစုပေါင်း ၁၄၅ ဟက်တာခန့် ပါဝင်မည်ဖြစ်သည်။
အထူးစီးပွားရေးဇုန် ပထမဆင့်အတွက် ခန့်မှန်းလုပ်ငန်း အမျိုးအစားများမှာ အထည်ချုပ်လုပ်ငန်း ရာခိုင်နှုန်း ၃၀၊ ငါးပြုပြင် ထုပ်ပိုးခြင်းလုပ်ငန်း ရာခိုင်နှုန်း ၅၀ နှင့် အခြားအသေးစား လုပ်ငန်းများ (ရာခိုင်နှုန်း ၂၀ ခန့် ပါဝင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်ကို နိုဝင်ဘာလကုန်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။
စီမံကိန်း ပထမဆင့်အတွက် ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် အကြံပေးကုမ္ပဏီ အိတ်ဖွင့်တင်ဒါ ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် ဆက်လက် လုပ်ဆောင်ရန် ကျန်နေသည်များနှင့် လာမည့်ဒီဇင်ဘာ မှ ၂၀၁၄ ဧပြီအထိ စီမံကိန်း ရင်းနှီးတည်ဆောက်သူ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တည်ဆောက်မှုကို ၂၀၁၄ ဧပြီမှ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းကို ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်ခန့်အကွာ၊ စစ်တောကျေးရွာနှင့် စီမော်ကျေးရွာ အနီးတစ်ဝိုက်တွင် တည်ဆောက်မည်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် အာဆီယံ စီးပွားရေး နယ်ပယ်များနှင့် ဆက်စပ်နေသဖြင့် အဓိကကျသည့် စီးပွားရေးဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းချက်အနေဖြင့် ကျပ်သန်းကိုးသောင်းခန့် ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သန်းတင့်က ပြီးခဲ့သည့် သြဂုတ်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေး၊ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေးအတွက် တပ်မတော်(ရေ)က တာဝန်ယူထား

8.1.1
နတ်မြစ်အတွင်း လုံခြုံရေး တာဝန်ယူနေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်အား တွေ့ရစဉ်
ရခိုင်ကမ်းရိုးတန်း လုံခြုံရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ စခန်းချရန် ပြင်ဆင်နေချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေကြောင်း လုံခြုံရေးအတွက် ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို တပ်မတော်(ရေ)မှ ထမ်းဆောင်နေကြောင်း သတင်းရရှိသည်။
ရသေ့တောင်မြို့နယ် အငူမော်မှ နတ်မြစ်ဝနှင့် နတ်မြစ်တစ်လျှောက် နယ်စပ်လုံခြုံရေးအတွက် ယခင်နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)အား ဖျက်သိမ်းပြီးနောက်ပိုင်း တပ်မတော်(ရေ)မှ ဆက်လက် တာဝန်ယူ ထားကြောင်းနှင့် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ နိုင်ငံနှင့် ဆက်စပ်နေသည့် ရေလမ်းကြောင်း များမှတစ်ဆင့် ကျူးလွန်လာသည့် မှုခင်းများကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ်တွင် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူ ဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်းရဲတပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲဆိပ်ကမ်းများတွင် လည်းကောင်း ဖြန့်ခွဲဆောင်ရွက် သွားရန်ရှိပြီး လက်ရှိအချိန်တွင် ပြင်ဆင်ဆဲ အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ ရက်ကလည်း တပ်မတော် (ရေ)မှ ပိတ်ဆို့ရေးနှင့် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များ ထမ်းဆောင်နေစဉ် လက်နက်ကိုင်များ၏ စက်လှေတစ်စီးအား လက်နက်များနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁နာ ရီအချိန်ခန့်က မယူမြစ်ဝရှိ မေယုကျွန်းအနီး မသင်္ကာဖွယ် လှေတစ်စီးအား တပ်မတော် စစ်ရေယာဉ်မှ မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မပြုဘဲမောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၂ နာရီ အချိန်တွင် အဆိုပါ ကုန်လှေအား တရားခံမဲ့ ဖမ်းဆီးရမိ ခဲ့ကြောင်းနှင့် အဆိုပါလှေအား တပ်မတော် (ရေ)မှ ရှာဖွေရှင်းလင်းရာ အမ် ၁၆ မောင်းပြန်ရိုင်ဖယ် တစ်လက်နှင့် ၎င်းကျည် ၁၁၅ တောင့်၊ လေဖိအားသုံး ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်အိမ်တစ်ခုတို့အား သိမ်းဆည်းရမိ ခဲ့သော်လည်း လှေပေါ်တွင် လိုက်ပါလာသူများအား လိုက်လံဖမ်းဆီးစဉ် လှေပေါ်မှ ခုန်ချထွက်ပြေး သွားကြောင်း သိရသည်။ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ပင်လယ်ပြင်လုံခြုံရေး အနေအထားအရ ငါးဖမ်းလှေများမှာ စိတ်ချလက်ချ ငါးဖမ်းဆီးနိုင်ခြင်း မရှိသည့်အပြင် လူမှောင်ခို ဂိုဏ်းများနှင့် လက်နက်မှောင်ခို ဂိုဏ်းများ၏ စက်လှေများ ၀င်ထွက်ဖွယ်ရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ကလေးငယ် ၂ ဦး သေဆုံးမှု မသင်္ကာသူများ ရဲခေါ်စစ်

 ကောလဟလ, မသင်္ကာသူ,  ရခိုင်, တိုင်းရင်းသား, မွတ်စလင်, လူသတ်မှု
ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော် နှင့် ပေါက်တော မြို့နယ် စောမဲကျီရွာမှ အသက် ၅ နှစ်အရွယ် မဇလပ်ဝါတို့ ၂ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မသင်္ကာသူများကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဧရာဝတီ၏ စုံစမ်းမေးမြန်းချက်အရ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမင်းအောင်က ပေါက်တောဖြစ်စဉ်တွင် မသင်္ကာသူ ရခိုင်တိုင်းရင်းသား ခမီအမျိုးသား ရေလုပ်သား ၆ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း၊ ကျောက်တော်ဖြစ်စဉ်တွင် ရခိုင်တိုင်းရင်းသား ၅ ဦး၊ မွတ်စလင် နှစ်ဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပြီး မွတ်စလင်နှစ်ဦးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်သောကြောင့် ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုသည်။
” မသကာင်္တဲ့ မွတ်စလင်တွေက ဘာအပြစ်မှ မရှိတော့ ပြန်လွတ်ပေးလိုက်ပြီ။ ခမီတချို့ကတော့ သေချာစစ်နေတယ်လို့ သိရတယ်”ဟု ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။
ကျောက်တော်ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်တွင် ကြာညိုပြင်ရွာမှ အသက် ၅ နှစ်အရွယ် မငယ်ငယ်(ခ)မနော်သည် နေအိမ်မှ ပျောက်ဆုံးသွားသောကြောင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေရာ နံနက် ၂ နာရီ မိနစ် ၃၀ တွင် ရွာနှင့် အနည်းငယ်လှမ်းသော လယ်ကွင်းတနေရာတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ လိင်ပိုင်းဆိုင်ရာ စစ်ဆေးချက်တွင် ထိုးသွင်းဒဏ်ရာတချို့ ရှိသော်လည်း မျိုးဥ(Spam)များ မတွေ့ရှိရကြောင်း သိရသည်။
ပေါက်တော်ဖြစ်စဉ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ခမီးလူမျိုးများ နေထိုင်သည့် စောမဲကျီရွာတွင် အသက် ၅နှစ်အရွယ် မဇလပ်ဝါသည် ညနေပိုင်းတွင် အပေါင်းအသင်းများနှင့် ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ကျေးရွာလူကြီးများနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြေကြီးတွင်းတခုမှ ဦးခေါင်းထိပ်ကို ထိုးသွင်းထားသော ဒဏ်ရာဖြင့် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု လုံးဝမရှိကြောင်း  သိရသည်။
ကျောက်တော် မြို့မရဲစခန်းမှူး ဦးအောင်မြင့်ဦးကလည်း “ ကျနော်တို့ဘက်ကတော့ လောလောဆယ် မသင်္ကာသူတချို့ကို ခေါ်ယူစစ်ဆေးနေတာပဲ ရှိပါသေးတယ်။ အသေးစိတ် စစ်ဆေးနေတာဖြစ်လို့ ဘယ်သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
သေဆုံးခဲ့သူ ကလေးနှစ်ဦးစလုံးကို ယမန်နေ့က သဂြိုလ်ပြီးစီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အခင်းဖြစ်ပွားပြီး နောက်နေ့မှ စတင်ကာ မွတ်စလင်များက အဆိုပါ မိန်းကလေး ငယ် ၂ ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်သည်ဟူသည့် စွပ်စွဲရေးသားမှုများဖြင့် လူမျိုးရေး၊  ဘာသာရေး မုန်းတီးစေရန် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်လာသည်ကို  အင်တာနက်လူမှု ကွန်ရက်များတွင် တွေ့လာရသည်။
သို့သော် အဆိုပါကိစ္စကြောင့် ပဋိပက္ခ ဖြစ်ပွားမည့်အရေး ဒေသခံများအကြားစိုးရိမ်မှုများ ရှိခဲ့သော်လည်း လုံခြုံရေး အခြေအနေ မစိုးရိမ်ရကြောင်း ကျောက်တော် မြို့မ စခန်းမှူး ဦးအောင်မြင့်ဦးက ရှင်းပြသည်။
“အခု အခင်းဖြစ်ခဲ့တဲ့ အပေါက်ဝ နယ်မြေဘက်မှာ ရဲတပ်ရင်းတွေရော၊ စစ်တပ်ကရော လုံခြုံရေးက တော်တော်ချ ထားပါတယ်” ဟု သူက ဆိုသည်။
အစိုးရထိပ်ပိုင်း တာဝန်ရှိသူများကလည်း ယခုကိစ္စကြောင့် နောက်ထပ် မလိုလား အပ်သည့် အကြမ်းဖက်တိုက်ခိုက်မှု မျိုး မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် စစ်တပ်လုံခြုံရေးများ ရခိုင်ပြည်နယ် အတွင်း ချထားပြီး လုံခြုံရေးတင်းကြပ် ထားကြောင်း ဒေသခံများနှင့် လုံခြုံရေးအရာရှိများက ဧရာဝတီကိုပြောသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

မောင်တောမြို့မဈေးအတွင်း ဆိုင်ခန်းနှစ်ခန်းနှင့် မြို့ပြင်ကားလမ်းဘေးမှ ဗလီအဟောင်းတစ်လုံး နာရီပိုင်းခြားပြီး မီးလောင်မှု ဖြစ်ပွားခဲ့

R-25-11
မောင်တောဈေးတွင်းရှိ မီးလောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းအား တွေ့ရစဉ်
မောင်တောမြို့ပေါ် မြို့မဈေးနှင့် မြို့ပြင်ရှိ မြို့သူကြီး (ဘင်္ဂါလီ)ကျေးရွာနှင့် သုံးမိုင်ဝေသာလီ ကျေးရွာအကြားရှိ ကားလမ်းဘေးမှ အဆောက်အအုံတစ်လုံး နာရီပိုင်းခြားပြီး မီးလောင်မှုနှစ်ခု နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပထမဆုံး မီးလောင်မှုမှာ ည ၇ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး အတွင်းရှိ ဈေးအဆောင် 2B မှ ဆိုင်ခန်းနှစ်ခန်း မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိနစ် ၃၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး လက်ဝဲဖက်၊ ကမ္ဘာ့ရတနာဘဏ် အရှေ့ဖက် ဈေးအဆောင်နံပါတ် 2B မှ ဆိုင်ခန်းအမှတ် 2B 11 အဘူဘော်ကော် အလှကုန်နှင့် ဖိနပ်ဆိုင်ခန်းမှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အခြားဈေးဆိုင်များသို့ မီးမကူးစက်စေရန် 2B ဈေးအဆောင်ရှိ ဆိုင်ခန်းများကို ဖြိုဖျက်လိုက်ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၀ သိန်းခန့်ဖြစ်ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မောင်တောမြို့မ ရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၁၃၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ခြင်ဆေးခွေထွန်းပြီး မငြိမ်းဘဲ ဈေးပိတ်သွားရာက စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမီးလောင်မှု ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်အတွင်း ကောလာဟလ သတင်းများ ပျံ့နှံ့နေခဲ့ပြီးနောက် ည ၈ နာရီ အချိန်ခန့်တွင် မောင်တောမြို့ပြင် မြို့သူကြီး (ဘင်္ဂါလီ) ကျေးရွာနှင့် သုံးမိုင်ကျေးရွာ အကြားရှိ အသုံးမပြုတော့သည့် သက်ကယ်မိုး ဗလီဟောင်းတစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဘိုး ကျပ် ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူ၊ တိရိစ္ဆာန် သေကြေပျက်စီး ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီမှ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ တိုက်တွန်းချက် အစိုးရပယ်ချ

ရိုဟင်ဂျာ, ကုလသမဂ္ဂ, နိုင်ငံသား, အစိုးရ, ရခိုင်, မွတ်စလင်, ဘင်္ဂါလီ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ ရခိုင်ဒေသရှိ မွတ်စလင်များကို ရိုဟင်ဂျာအဖြစ် နိုင်ငံသားပြုခွင့် ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းမှုကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟူသော စကားလုံးကိုလည်း ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်သည်။
နိုဝင်ဘာ ၁၉ ရက်က ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နိုင်ငံမဲ့ ဖြစ်နေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များအား နိုင်ငံသား အပြည့်အ၀ ဖြစ်သူများနည်းတူ တန်းတူ အခွင့်အရေး ပေးရန် တိုက်တွန်းလိုက်ပြီး အတည်ပြု ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီနှင့် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် တိုက်ခိုက်မှုများကို အရေးယူရန်လည်း တိုက်တွန်းထားသည်။
ယခု ချမှတ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယကော်မတီ၏ ဆုံးဖြတ်ချက်၌ အထိအခိုက်မခံသော မလိုလားသည့် ရိုဟင်ဂျာ ဟူသော စကားလုံးအသုံးအနှုန်း သုံးထားသည့်အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ ညီလာခံတွင် ကန့်ကွက်ပြောဆိုသည်။
ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရကို တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာဆိုသော စကားလုံးကို လုံးဝ လက်မခံနိုင်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ အနက် ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့် ရမည် ဖြစ်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ထုတ်ပြန် ပြောဆိုထားသည်။
“ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့် မပေးနိုင်ပါဘူး။ ဒါဟာ ကျနော်တို့ ရဲ့အချုပ်အခြာ အာ ဏာပိုင်ခွင့် ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီ နိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး”ဟု ဦးရဲထွဋ်က ဆိုသည်။
အစိုးရကမူ ကုလသမဂ္ဂအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေသော စာရင်းကောက် ယူရေး လုပ်ငန်းများတွင် ဘင်္ဂါလီ လူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သော လုပ်ဆောင်ချက်များကိုလည်း ထောက်ပြရန် လိုအပ်ကြောင်း အကြံပြုထားသည်။
ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်တွင်း ရခိုင်နှင့် မွတ်စလင်အဖွဲ့များကြားတွင်လည်း မတူညီသော အမြင်များဖြင့် သဘောထား ကွဲပြားလျက် ရှိသည်။
ရိုဟင်ဂျာ အငြင်းပွားမှုတွင် ပါလီမန် ဒီမိုကရေစီခေတ်က ဦးနုအစိုးရသည် ရခိုင်နယ်စပ်တွင် ပုန်ကန်နေသော မူဂျာဟစ်သူပုန်များအရေးတွင် ရခိုင်ဒေသမှ မွတ်စလင်များ ပါဝင်ခြင်းမရှိဘဲ အစိုးရအပေါ် သစ္စာစောင့်သိခဲ့သောကြောင့် မြန်မာ-မွတ်စလင် အဖွဲ့နှင့် တိုင်ပင်ကာ နိုင်ငံသားပြုရေး ထောက်ခံပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးနုထံတွင် ကိုယ်ရေးအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ၀ါရင့်နိုင်ငံ ရေး သမား ဦးသုဝေက ဧရာဝတီသို့ ပြောသည်။
“အဲဒီတုန်းက တိုင်းပြည်ကလည်း လွတ်လပ်ရေးရခါစ ဖြစ်နေတယ်။ အစိုးရအဖွဲ့ထဲမှာတောင် မွတ်စလင်တွေ ပါခဲ့တယ်။ နောက်ပြီး မူဂျာဟစ် သူပုန်ထတုန်းကလည်း သူပုန်အဖွဲ့ထဲမှာ မွတ်စလင်တွေ မပါတဲ့အတွက် အဲဒီတုန်းက ရှိတဲ့ မြန်မာ-မွတ်စလင်အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ နိုင်ငံသားပြုရေးမှာ အသိအမှတ်ပြုပေးပြီး ရွေးကောက်ပွဲဝင်နိုင်အောင်အထိ လုပ်ပေးခဲ့တာမျိုးရှိတယ်”ဟုလည်း ဦးသုဝေ က ပြောပြသည်။
ရိုဟင်ဂျာ အမည်ခံထားသော အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီမှ တာဝန်ရှိသူ အဘူတာဟေး ခေါ် ဦးသာအေးက ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပါ ကိုက်ညီ သော တိုက်တွန်းမှုဟု ဧရာဝတီသို့ ပြောဆိုသည်။
ရိုဟင်ဂျာများသည် ဗြိတိသျှ အစိုးရခေတ် မတိုင်မီကပင် နေထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သောကြောင့် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်၌ အစိုးရက ၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကက်ဘိနက် ဆုံးဖြတ်ချက်ဖြင့် ရိုဟင်ဂျာကို တိုင်းရင်း သား အဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၁၉၆၁ ခုနှစ် မေလတွင် ရိုဟင်ဂျာတိုင်းရင်းသား အသံလွှင့်အစီအစဉ် ထုတ်လွှင့်ပေးခဲ့ပြီး ထိုနှစ်တွင်ပင် ရိုဟင်ဂျာလူများစုနေထိုင်သော နေရာကို မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း အဘူတာဟေး ခေါ် ဦးသာအေးက ဧရာဝတီသို့ ပြောသည်။
“ရိုဟင်ဂျာကို လက်ခံတဲ့ အစိုးရ ဆုံးဖြတ်ချက် ၃ ခုရှိခဲ့ပါတယ်။ တရားဝင် လက်ခံခဲ့တဲ့ ကိစ္စပါ။ တဦးတယောက်က ရိုဟင်ဂျာကို လက်ခံခဲ့တာ မဟုတ်ဘဲနဲ့ အစိုးရကိုယ်တိုင် လက်ခံခဲ့တာပါ”ဟု အဘူတာဟေး ခေါ် ဦးသာအေးက ဆိုသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင်မူ မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၌ ဆူပူသောင်းကျန်းနေသော မူဂျာဟစ် သူပုန်များကို ထိရောက်စွာ နှိမ်နင်းရန် ပါဝင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း၊ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန လက်အောက်တွင် ထားရှိ၍ တိုက်ရိုက်အုပ်ချုပ်ခဲ့ကြောင်း၊ နောက်ပိုင်း၌ စစ်တွေခရိုင် လက်အောက်သို့ ပြန်လည်သွတ်သွင်းခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထဲရေးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ၏ အထက်ပါဆုံးဖြတ်ချက်သည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေများကို တရားဝင်စိန်ခေါ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးရာများကို ၀င်ရောက်စွက်ဖက်ခွင့် မရှိကြောင်း၊ ထိုထုတ်ပြန်ချက်သည် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ရခိုင်တိုင်းရင်းသားများ အနေဖြင့် ယင်းထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြောဆိုသည်။
“သူတို့(ကုလသမဂ္ဂ)မှာ ဘတ်ဂျက်တွေ ရန်ပုံငွေတွေ နည်းလာတော့ ပိုက်ဆံချမ်းသာတဲ့၊ ရေနံထွက်တဲ့ နိုင်ငံတွေဆီက ပိုက်ဆံ ရတော့ အဲဒီနိုင်ငံတွေရဲ့ သဘောလိုက်ပြီး လုပ်နေတဲ့ သဘောဖြစ်လာတယ်။ အခုလို ထုတ်ပြန်ချက်ကိုတော့ လုံးဝ ကန့်ကွက် တယ်”ဟုလည်း ဦးဇော်အေးမောင်က ဆိုသည်။
ရိုဟင်ဂျာ မွတ်စလင် ပြဿနာသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုမိုကြီးထွားလာပြီး နိုင်ငံတ၀န်း ပဋိပက္ခ အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းကိစ္စမှာ မြန်မာသည် ကမ္ဘာတွင် လူဆိုးကြီးဖြစ်နေပြီဟု သမ္မတဦးသိန်းစိန်က သူ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောဆိုခဲ့ဖူးသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ရိုဟင်ဂျာများကို တန်းတူ အခွင့်အရေး ပေးရန် ကုလသမဂ္ဂ တိုက်တွန်း

ဘင်္ဂါလီ, ရိုဟင်ဂျာ, ကုလ သမဂ္ဂ, လူ့အခွင့်အရေး, မြန်မာ, ရခိုင်, မွတ်စလင်
စစ်တွေမြို့ သဲချောင်းရွာ အနီးရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း(ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အင်္ဂါနေ့က ဆုံးဖြတ်ချက်တွင် နိုင်ငံမဲ့ ဖြစ်နေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များအား နိုင်ငံသား အပြည့်အ၀ ဖြစ်သူများနည်းတူ တန်းတူ အခွင့်အရေး ပေးရန် တိုက်တွန်း ထားသည်။
အထွေထွေ ညီလာခံ၏ တတိယ ကော်မတီ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ မူကြမ်းတင်ပြ ဆွေးနွေးမှုအား ယမန်နေ့က တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီနှင့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်း ဖက် တိုက်ခိုက်မှုများကို အရေးယူရန်လည်း ထည့်သွင်း ဖော်ပြ ထားသည်။
ယခု ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တွင် အထိအခိုက်မခံသော မလိုလားသည့် ရိုဟင်ဂျာဟူသော စကားလုံး အသုံးအနှုန်း သုံးထားသည့် အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ကန့်ကွက်ပြော ဆိုသည်။
“ကျနော်တို့ နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတချို့က အခုအထိ ရှိနေသေးတယ်ဆိုတာ ကျနော်တို့ အသိအမှတ် ပြုပါတယ်”ဟု မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဘင်္ဂါလီ(မွတ်စလင်)လူမျိုး ၈ သိန်းဝန်းကျင်ရှိပြီး ဘင်္ဂါလီ ခေါင်းဆောင်များက ၄င်းတို့သည် မြန်မာနိုင်ငံတွင် မွေးဖွား ကြီးပြင်းသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသား အမည်စာရင်းတွင် ရိုဟင်ဂျာတိုင်းရင်းသား အဖြစ် ထည့်သွင်း ပေး ရန် တောင်းဆိုနေကြသည်။
ယခင် မြန်မာအစိုးရများ လက်ထက်က တချို့ ဘင်္ဂါလီများကို နိုင်ငံသား ကတ်ပြား ထုတ်ပေးသည်များ ရှိခဲ့ပြီး ယခု နောက် ပိုင်း တွင် အဖြူရောင် ကတ်ပြားဟု ခေါ်သော ယာယီ နေထိုင်ခွင့်ကတ်ပြားများ ထုတ်ပေးထားသည်။
သို့သော် မြန်မာအစိုးရက ရိုဟင်ဂျာဟူသည့် စကားလုံးကို လက်မခံဘဲ ဘင်္ဂါလားဒေ့ရှ်မှ ၀င်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် စကားပြောဆို၍ ဘင်္ဂါလီဟုသာ ခေါ်တွင်စေသည်။ ထို့အပြင် ၄င်းတို့အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်းသာ နိုင်ငံသား ဖြစ်ခွင့်ရှိကြောင်းလည်း မကြာခဏ ထုတ်ပြန် ပြောဆိုထားသည်။
ကုလသမဂ္ဂ ညီလာခံ၏ ဆုံးဖြတ်ချက်၌ မြန်မာနိုင်ငံတွင် ဒေသတချို့ရှိ မွတ်စလင် လူနည်းစုများအပေါ် အကြမ်းဖက် တိုက် ခိုက်မှုများနှင့် ယမန်နှစ်ကတည်းက ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားသည့် ရခိုင် ပြည်နယ်တွင်း လူနည်းစု ရိုဟင်ဂျာ(ဘင်္ဂါလီ) များ၏ အခြေအနေအပေါ် ကုလသမဂ္ဂက အလွန်အမင်းစိုးရိမ်ကြောင်းလည်း ဖော်ပြထားသည်။
ကုလသမဂ္ဂက မြန်မာအစိုးရ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သန္နိဌာန်ချ လုပ်ဆောင် နေသည့်အပေါ် ကြိုဆိုကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကာကွယ်လုပ်ဆောင်နေမှုနှင့် လူ့ အခွင့်အရေး အခြေအနေ မြှင့်တင်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုကိုလည်း ကြိုဆိုကြောင်း ယခုဆုံးဖြတ်ချက်တွင် ပါရှိသည်။
ဆယ်စုနှစ်နှင့်ချီ စစ်အုပ်ချုပ်ရေး ကာလများမှ ပြောင်းလဲကာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး ခြိမ်းခြောက်မှုသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနေပြီး လူနည်းစု မွတ်စလင်များ အပေါ် အကြမ်းဖက်မှုများ ရှိနေခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အထူး စုံစမ်းရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က လွန်ခဲ့သည့် လက လူ့အခွင့်အရေး ကော်မတီသို့ တင်ပြထားသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ်ကမူ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ထိတွေ့ ဆက်ဆံလာပြီး ပွင့်လင်းမှုများ လုပ်ဆောင်နေချိန်ဖြစ်ကြောင်း၊ ဘာသာတခုအပေါ် တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်း အချင်းချင်းကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုသာ ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က ရခိုင်တိုင်းရင်းသူ မသီတာထွေး သတ်ဖြတ်ခံခဲ့ရပြီးနောက် ဘင်္ဂါလီ(ရိုဟင်ဂျာ)များနှင့် ရခိုင် အပါအ၀င် မြန်မာလူမျိုးများအကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထို့နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ရှမ်းပြည်နယ် လားရှိုးမြို့၊ ပဲခူးတိုင်း ဥက္ကံ မြို့ စသည့် ဒေသများတွင် လည်း မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးများကို ရိုက်ခတ်လာနေကြောင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေစိုက် ပဋိပက္ခများ စောင့်ကြည့် လေ့လာရေး အဖွဲ့ ICG အပါအ၀င် ကမ္ဘာ့ ခေါင်းဆောင်များ၊ နိုင်ငံတကာ အသင်းအဖွဲ့များကလည်း သတိပေး ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ယခု ရက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတွင် ဒဏ်ရာများဖြင့် အသက် ၅ နှစ်အရွယ် ရခိုင်ကလေးငယ်တဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး အဆိုပါ လူသတ်မှုကို ရဲတပ်ဖွဲ့ကလည်း အပူတပြင်း စုံစမ်းနေကြောင်း သိရသည်။
ကျောက်တော် ရဲစခန်းမှူး ဦးအောင်မြင့်ဦးက ထို အသက် ၅ နှစ်အရွယ် ကလေး မငယ်ငယ် သေဆုံးမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ သေဆုံးသည်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ကျောက်တော်မြို့နယ် ကိုယ်စားပြု ရခိုင် ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးငြိမ်း ကလည်း အဆိုပါ မိန်းကလေး ငယ် အသတ်ခံရသည်မှာ ၀မ်းနည်ဖွယ် ကောင်းကြောင်း သို့သော် မည်သို့ သေဆုံးရသည်ကို တိတိကျကျ မသိရ သေးကြောင်း ပြောဆိုသည်။
ယခု ဖြစ်ရပ်သည် ယမန်နေ့က စတင်ကာ အင်တာနက် လူမှုကွန်ရက်များတွင် ပျံ့နှံ့သွား၍ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု လှုံ့ဆော်မှုများကို ပို၍ အရှိန်ရစေရန် ပြောဆိုဝေဖန်ခြင်းများ မြင့်မားလာနေသည်။
ယင်း ဖြစ်ရပ်ကြောင့် လူ့အဖွဲ့အစည်းများအကြား မလိုလားအပ်သည့် အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလာမည်ကို ဒေသခံများအပြင် လူနည်းစု မွတ်စလင်များ ကလည်း စိုးရိမ်နေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)
--------------------------------------------------------------------------------------------------------------
ဤစာမျက်နှာတွင်ဖော်ပြထားသော အသုံးအနှုန်းများသည် မူရင်းသတင်းဌာနများတွင် တင်ပြထားသည့်အတိုင်းသာ ဖော်ပြထားခြင်းဖြစ်ပြီး ဘလော့ဂ်ရေးသားသူ၏ အာဘော်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

ဗုံး, ဖောက်ခွဲရေး, ရဲတပ်ဖွဲ့, ဘာသာရေး
အောက်တိုဘာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကို ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ပြသထားစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အစ္စလာမ် “ဘာသာရေး အဆောက်အဦများ” အား ဗုံးဖောက်ခွဲရန် ရည်ရွယ်ချက် ရှိသည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်း လှိုင်သာယာတွင် တစ်ဦး ၊ ပဲခူးတိုင်း သာယာဝတီတွင် တစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစ်ဦး စုစုပေါင်း ၃ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။
ဖမ်းဆီးမှု ဖြစ်စဉ်များနှင့် ဖမ်းဆီးခံရသူများအကြောင်း ယနေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများတွင် ဖော်ပြထားပြီး  အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်ကို ကိုးကား၍  AFP က ရေးသားပေးပို့သော သတင်းတပုဒ်တွင် ဖမ်းဆီးခံရသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗလီများကို ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စကို ဧရာဝတီက စုံစမ်းမေးမြန်းရာ  နေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး မင်းအောင်က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ထိုမှတဆင့် ကိုခိုင်နေမင်းအားမေးမြန်း၍ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ်ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်းဧရာဝတီသို့ ပြောကြားသည်။
”ရန်ကုန်မှာမိတဲ့ နှစ်ယောက်ကို စစ်လိုက်တော့ ကိုဘိုဘိုဆီက ယမ်းတောင့်တွေရလို့ လုပ်တာဆိုပြီး ထွက်တယ်။ ဘိုဘိုကို စစ်တွေမှာ ဖမ်းမိတဲ့အတွက် အခုရန်ကုန်ကိုခေါ်ထားပြီး စစ်နေတယ်။ အသေးစိတ်ကတော့ ရဲလုပ်ငန်းတွေကို  ထိခိုက်မှာစိုးလို့ မပြောနိုင်သေးဘူး”ဟု ဒုရဲမှူးကြီး မင်းအောင်က ဆိုသည်။
ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဘိုဘိုထွန်းထံမှ အသင့်ဆင်ပြီး လက်လုပ်မိုင်းနှစ်လုံး၊ ယမ်းကပ် တစ်ထုပ်၊ ခဲရောင်ယမ်း သုံးခုတို့ကို ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်းအချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောဆိုသည်။
ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုအပါအ၀င် နေရာဒေသအချို့တွင် အောက်တိုဘာလပိုင်း အတွင်းက ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှုများတွင် တရားခံဟု စွပ်စွဲခံထားရသူများသည် ဘာသာရေး အဆောက်အဦများအား ပစ်မှတ်ထားတိုက်ခိုက်ရန် ၄င်းတို့နှင့် ဖမ်းဆီးထိန်းသိမ်းထားရာတွင် သွားရောက် တွေ့ဆုံခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မန်းငြိမ်းမောင်က မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။
ယခု ဖမ်းဆီးမှုများသည် ယခင်အမှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိမရှိကို ဧရာဝတီက မေးမြန်းရာ ” ကျနော်တို့က ဒီသတင်းကို အရေးကြီးလို့ တန်းမထုတ်ပြန်ဘဲ သိမ်းထားတာ။ အဲဒီကိစ္စကို ပြောခွင့်မရှိသေးဘူး။ ဆက်စုံစမ်းဖော်ထုတ်တဲ့အခါ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ပါ”ဟု ဒု-ရဲမှူးကြီးမင်းအောင်က ဆိုသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေး စကားများကို Transit Media ဖြင့် ပထမဆုံးအကြိမ် စတင်လုပ်ဆောင်


မိခင်မှတစ်ဆင့် ကလေးငယ်များအပေါ် ကူးစက်တတ်သည့် ကူးစက်ရောဂါများ၊ အာဟာရဖြည့်စွက် စားသောက်နည်း ပုံစံများ အပါအ၀င် ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေး စကားများကို Transit Media (ရွေ့လျားအသိပညာပေး) အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(ဖ်) မှ အဓိက ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တိုင်းဒေသကြီးများ အပါအ၀င် ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်များတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"အသိပညာပေး စာတွေကို ဘတ်(စ်)ကားကြီး သုံးစီး၊ တက္ကစီ ၁၀ စီး၊ ဆိုက်ကားအစီး ၂၈၀ အပြင် မြေစိုက်ဆိုင်းဘုတ် ၄၄ ခုထောင်ပြီး  အခုကစ လုပ်ဆောင်ထားပါတယ်။ ဒီလို အစီအစဉ်တွေကို လုပ်ဆောင်ရတာက အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်လို့ မိခင်ကနေ ကလေးကို မကူးစက်အောင်၊ မိခင်နို့ တစ်မျိုးတည်းကိုပဲ ခြောက်လအထိ တိုက်ကျွေးဖို့တို့၊ ခြောက်လကျော်သွားရင် ဖြည့်စွက်အစားအစာကျွေးဖို့၊ ကာကွယ်ဆေးထိုးဖို့ စတဲ့မက်ဆေ့တွေကို ပြည်သူလူထုထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ချင်တဲ့အတွက် ဒီနည်းလမ်းကို အသုံးပြုတာပါ။ ကလေးတွေနဲ့ ပတ်သက်လို့ကတော့ ပထမဆုံးအကြိမ် လုပ်တာပါ" ဟု ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကျန်းမာရေး ပညာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမြသွေးအိန္ဒြာက ဆိုသည်။
အသိပညာပေး စကားများအနက် အသက်ခြောက်လ ပြည့်သည့်အခါတွင် ကလေးအား မိခင်နို့နှင့်အတူ အခြားသော အာဟာရကို ဖြည့်စွက်ကျွေးပါ။ အစားအစာမျိုးစုံကို လုံလုံလောက်လောက် ကျွေးပါ။ အသက်ခြောက်လမှ နှစ်နှစ်အရွယ် ကလေးများကို တစ်နေ့လျှင် နှစ်ကြိမ်မှ လေးကြိမ်အထက် အစာကျွေးပါ။ ဘေးဥပဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်၍ ကျွေးပါ။ ဖြည့်စွက်စာကျွေးရင်း မိခင်နို့ကို ကလေး၏ အသက်နှစ်နှစ်အရွယ်အထိ ဆက်၍တိုက်ပါ စသည့် အသိပေး စကားများအပြင် ပုံမှန်ကာကွယ်ဆေး ထိုးရမည့် အစီအစဉ်များကိုလည်း ထည့်သွင်းရေးသား ဖော်ပြထားကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးစုစုပေါင်း၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း (ကလေးသူငယ် ၂ ဒသမ ၅ သန်း) မှာ ကာလကြာရှည် ခံစားရသည့် အာဟာရချို့တဲ့မှု ဖြစ်နေပြီး ယင်းတို့အနက်မှ ရှစ်ရာခိုင်နှုန်းမှာ ပြင်းထန်အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနေရကြောင်းနှင့် အာဟာရ နိမ့်ကျခြင်းသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ကာယဥာဏနှင့် ကာယဗလ ဖွံ့ဖြိုးမှုကို ထိခိုက်မှု ဖြစ်စေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ယူနီဆက်(ဖ်)က ထုတ်ပြန်ခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စားနပ်ရိက္ခာအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံမြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် လက်နက်ကိုင် ကချင်တိုင်းရင်းသားများအကြား ပဋိပက္ခများ အရှိန်မြင့်တက်ခဲ့ပြီးနောက် စားနပ်ရိက္ခာ အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက စနေနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပေးအပ်ခဲ့သော လူသားချင်း စာနာထောက်ထားမှု အကူအညီ ယူရို ၄၅ သန်းအပြင် နောက်ထပ် ဒေါ်လာ ၄ သန်း (ယူရို ၃သန်း) လျာထားကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။
  
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၀၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဖြစ်သည်။
  
ထပ်မံကူညီမှုများကို ရခိုင်၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် စားနပ်ရိက္ခာ အကူအညီပေးရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာထောက်ထားမှုရေးရာ ကော်မရှင်နာ ခရစ္စတာလီနာဂျာ်ဂျီဘာက ပြောကြားခဲ့သည်။
  
၂၀၁၂ ခုနှစ် ဇွန်လနောက်ပိုင်းမှစပြီး ရခိုင်ပြည်နယ်တွင် လူ ၁၄၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။ ထို့ပြင် ကချင်ပြည်နယ်၌ ဒုက္ခသည်စခန်းများ၌ ၁၁၅၀၀၀ ခန့်ရှိသည်ဟု ကုလ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
  
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှုခဲ့သော ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အထူးကိုယ်စားလှယ် ကလက်ဆိုရင်ဆန်က ဒုက္ခသည် စခန်းများတွင် ဆင်းရဲချို့တဲ့မှုများအတွက် စိုးရိမ်ကြောင်း စနေနေ့က ပြောကြား ခဲ့သည်။
  
ဒုက္ခသည်စခန်းများသို့ အခြေခံ လိုအပ်ချက် အကူအညီများ ဖြန့်ဖြူးရန် ကြိုးပမ်းသည့် ကယ်ဆယ်ရေး အလုပ်သမားများကို 'အစွန်းရောက်' တို့က ခြိမ်းခြောက်မှုများအတွက်လည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ကမ်းထောင့်ကြီးအား မြို့နယ်ခွဲအဖြစ်သတ်မှတ်ရန်အဆိုအား ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြု

မြေပုံမြို့နယ် ကမ်းထောင့်ကြီးကျေးရွာအား မြို့နယ်ခွဲအဆင့် တိုးမြှင့်ပေးပါရန် နှင့် ပြည်နယ်အစိုးရက ထပ်ဆင့် တင်ပြပေးနိုင်ရန် တိုက်တွန်းသောအဆိုအား ၊ ပထမအကြိမ် ရခိုင်ပြည်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်း အဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ကမ်းထောင့်ကြီးသည် မြေပုံမြို့နယ်၏ အရှေ့ခြမ်းတွင် တည်ရှိသော ကျေးရွာကြီးတစ်ရွာဖြစ်ပြီး၊ အိမ်ခြေပေါင်း ၂၀၂၀၊ အိမ်ထောင်စုပေါင်း ၂၂၃၂ ၏ လူဦးရေ ၁၀၂၅၅ ဦးနေထိုင်ကြသည်။ ကမ်းထောင်းကြီးကျေးရွာ ပတ်ဝန်းကျင်တွင်လည်း ကျေးရွာအုပ်စုပေါင်း ၁၄ အုပ်စုမှ ကျေးရွာပေါင်း ၁၉ ရွာ တို့၏ အိမ်ခြေပေါင်း ၆၉၀၈ ရှိပြီး လူဦးရေ ၄၆၀၀၀ ဦးနေထိုင်လျက်ရှိကြောင်းသိရှိရသည်။

(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

ပြည်ထဲရေး၊ လ၀ကမှ စိစစ်မှုများ ပြီးသည်နှင့် ရခိုင်အမျိုးသား ပါတီကို တည်ထောင်ခွင့် ချပေးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ပူးပေါင်းထားသည့် ရခိုင်အမျိုးသား ပါတီအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတို့မှ စိစစ်မှုများ ပြုလုပ်ပြီးသည်နှင့် တည်ထောင်ခွင့် ချပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိစေရေး နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တက်ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦးက ပါတီထောင်ခွင့် အမြန်ဆုံး ချပေးပါရန် ပြောကြားမှုကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားတို့ တင်ထားတဲ့ အထဲမှာ ယခင်အဟောင်း မဟုတ်တဲ့သူတွေ ပါတယ်။ လူသစ်တွေပါတဲ့ အခါကျတော့ Backing (နောက်ကြောင်းလိုက်)လုပ်တဲ့ အခါကျတော့ တစ်က ပြည်ထဲရေး ပို့ရတယ်။ နှစ်က လ၀ကကို ပို့ရတယ်။ အဲဒီဟာတွေက ပြန်မလာရင် ကျွန်တော် ခွင့်ပြုလို့ မရသေးဘူး။ အဲဒီက ပြန်လာတာနဲ့ ကျွန်တော်ပေးပါ့မယ်။ အကယ်၍ တင်ထားတာ အကုန်လုံးက လူဟောင်းတွေချည်းပဲ ဆိုရင်တော့ ကျွန်တော်ပေးလိုက်တာ ကြာပြီ။ အဲဒီတော့ ပြည်ထဲရေးနဲ့ လ၀ကကိုလည်း ကျွန်တော်ပြန်ညှိ လိုက်ပါ့မယ်" ဟု ၎င်းက ပြောကြားသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့သည် လက်ရှိအစိုးရ ကာလအတွင်း ပထမဆုံး ပူးပေါင်းသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီနှစ်ပါတီဖြစ်ပြီး ရခိုင်အမျိုးသား ပါတီအဖြစ် တည်ထောင်ခွင့်အတွက် ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် အောက်တိုဘာ ၁၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

လှိုင်သာယာ ဖောက်ခွဲရေးပစ္စည်းများအမှုသည် ရခိုင်နာမည်ဖျက်လိုသူ တစ်ဦးဦး တစ်ဖွဲ့ဖွဲ့၏ ဆင်ကွက် ဖြစ်ဖွယ်ရှိ


လှိုင်သာယာမြို့နယ်တွင် လူနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းများ နှင့်တကွ ဖမ်းဆီးရရှိမိပြီး၊ ဆက်စပ်သူ နောက်တစ်ဦးအား စစ်တွေမှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူများ ၏အမှုတွင် အဖမ်းဆီးခံရသူများမှာ ထောင်ချောက်ဆင် ခံခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဟု တွက်ဆပြောဆိုမှုများရှိနေသည်။

အဖမ်းဆီးခံရသူ ခိုင်နေမင်း (အမည်ရင်း-ကိုတင်မောင်) က ကနဦးတွင် မိမိမှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) မှ တပ်သားတစ်ဦးဖြစ်သည် ဟု ထွက်ဆိုသော်လည်း ALA နှင့် ALP တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

၎င်းမှာ မည်သည့်အပတ်စဉ် က သင်တန်းဆင်းကြောင်း၊ ပါတီဝင်နံပါတ် အစရှိသည့် အချက်အလက်များကိုလည်း ပြောကြားနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် စစ်ထောက်လှမ်းရေးများက ALP ကို ဆက်လက်စွပ်စွဲနိုင်ခြင်း မရှိဘဲ နောက်ဆုတ်သွားရကြောင်း ALP တာဝန်ရှိသူတစ်ဦးက Coral Arakan News အား ပြောကြားသည်။

စုံစမ်းရရှိသမျှကွင်းဆက်များအရ ပြည်တွင်းတွင် ဘာသာရေးအဆောက်အအုံများကို ဖောက်ခွဲရန် အတွက် ဆိုကာ ၄င်းတို့အား ရန်ကုန်မြို့တွင်းသို့ ပစ္စည်းသယ်ယူသွားရန် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူများ ကိုယ်တိုင်က ရဲများထံ သတင်းပေးပို့ခဲ့ပြီး ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့် တို့အား အဖမ်းခံရအောင် ဆောင်ရွက်ခဲ့ပုံရသည် ဟု ထိုင်းနယ်စပ် လှုပ်ရှားမှုများနှင့် ဆက်စပ်သူတစ်ဦးက ဆိုသည်။

အဆိုပါနောက်ကွယ်က ကြိုးကိုင်သူများသည် ပစ္စည်းကို နယ်စပ်ကနေ ရန်ကုန်သို့ သယ်သွားပေးမည့်သူများကို ကနဦးတွင် မယ်တော်ဆေးခန်း အသိုင်းအ၀ိုင်းမှ ရှာဖွေခဲ့သော်လည်း မရနိုင်ခဲ့ ဟု ဆိုသည်။ နောက်ဆုံးကျမှ ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့် တို့အား DKBA အဆက်အသွယ်တစ်ခုမှတစ်ဆင့် ဆက်သွယ်မိခဲ့ပြီး ပစ္စည်းပေးကာ စေလွှတ်လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

ဤအမှုတွင် မြေပေါ်အဖွဲ့အစည်း အချို့ပါဝင် ပတ်သက်မှုများ ရှိနေသည် ဟု အစိုးထုတ် နေ့စဉ် သတင်းစာများတွင် စွပ်စွဲရေးသားထားသည်။

ကိုခိုင်နေမင်း နှင့် ကိုသိန်းညွန့်တို့အား ဖမ်းဆီးပြီး နှစ်ရက်ကြာတွင် စစ်တွေမြို့တွင် ရောက်ရှိနေသူ ကိုဘိုဘိုထွန်းကိုပါ ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထိန်းသိမ်းထားသည်။ 

(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

စစ်တွေမှ ရခိုင်အမျိုးသားတစ်ဦးကို လှိုင်သာယာ ဖောက်ခွဲရေးပစ္စည်းအမှု နှင့် ဆက်စပ်ဖမ်းဆီးကာ ရန်ကုန်သို့ ခေါ်ဆောင်သွား

စစ်တွေမြို့ လမ်းမတောင်ရပ်ကွက် ခြောက်လမ်းတွင် နေထိုင်သူ ကိုဘိုဘိုထွန်း (၃၀-နှစ်) အား ရန်ကုန်မြို့ လှိုင်သာယာမြို့ တည်းခိုခန်းတစ်ခုတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့်ဖမ်းဆီးမိသူများနှင့် ဆက်စပ်ကာ ပြီးခဲ့သော နိုဝင်ဘာလ (၁၆) ရက်နေ့ အာရုဏ်မတက်မီ နံနက် ၁၂-နာရီခွဲက စတင်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်၊ ယနေ့ မွန်းလွဲ တစ်နာရီခွဲတွင် Air Mandalay ဖြင့် ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

လှိုင်သာယာမြို့နယ် ပဒံကျေးရွာ Sky အအေးခန်းဧည့်ရိပ်သာ အခန်းအမှတ် (၅)တွင် ကိုခိုင်နေမင်း (၃၅-နှစ်) နှင့် ကိုသိန်းညွှန့် (၃၀-နှစ်) တို့ကို နိုဝင်ဘာလ (၁၃) ရက်နေ့က ဖောက်ခွဲရေးပစ္စည်းများနှင့်တကွ ဖမ်းဆီးမိခဲ့သည်။ ထို့နောက် ၄င်းတို့အား သောင်ကြီးနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ မြို့နယ်တရားရုံးမှ ချုပ်ရမန်ယူကာ စစ်ဆေးနေခဲ့ပြီးနောက်၊ နောက်နှစ်ရက်ခန့်အကြာတွင် စစ်တွေမြို့တွင် ရှိနေသူ ကိုဘိုဘိုထွန်းအား အထက်ညွှန်ကြားချက်များအရ စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ်အေးခင်မောင်က ဖမ်းဝရမ်းမပါဘဲ ပစ္စည်းလက်ဝယ်တွေ့ရှိခြင်းမရှိဘဲ ၄င်း၏နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့သည်။

ယမန်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ချုပ်ရမန်ရယူခဲ့ပြီးနောက် ၄င်း၏အမှုတွဲ ရှိနေရာ သောင်ကြီးနယ်မြေရဲစခန်းသို့ ပို့ဆောင်ရန် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

စစ်တွေတွင် ဖမ်းဆီးခံရသူ ကိုဘိုဘိုထွန်းနှင့်တကွ ရန်ကုန်တွင် ဖမ်းဆီးခံရသူ ကိုခိုင်နေမင်းနှင့် ကိုသိန်းညွန့်တို့အား သောင်ကြီးနယ်မြေရဲစခန်းတွင် (ပ) ၇၀၀/၁၃ ၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ-၅ ဖြင့် အမှုဖွင့်ထားသည်။

(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုနှင့် နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စ အကျေအလည် ဆွေးနွေးနိုင်ခဲ့

8.1.1
UNFC နှင့်နိုင်ငံရေး ပါတီများ၏ ချင်းမိုင်တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်ပြည်တွင်း နိုင်ငံရေး ပါတီများ၏ နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော ထိုင်းနိုင်ငံ ချင်းမိုင်တွေ့ဆုံပွဲ၌ ပြည်ထောင်စု တပ်မတော် အရေးကိစ္စကို အကျေအလည် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
''ပထမပိုင်းမှာတော့ ကျွန်တော်တို့ မိတ်ဆက်ကြတယ်။ နောက် UNFC က သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေကို ပြောတယ်။ ပြီးတော့ အပြန်အလှန် ဆွေးနွေးကြတယ်။ ကျွန်တော်က လိုင်ဇာဘုံသဘောထား ရပ်တည်ချက် အခြေခံမူ ၁-၄ မှာပါတဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကို ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း သိရဖို့မေးတယ်။ အဲဒါကို ဗိုလ်ချုပ်ဂွမ်မော် ပြန်ဖြေခဲ့တာ သိပ်ကောင်းတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က The Daily Eleven သို့ ပြောကြားသည်။
ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော ဖြေရှင်းချက်ကို ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်း ကိုယ်စားပြု အနေဖြင့် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ သဘောထား အနေဖြင့် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းဖြေကြားချက်ကို အများစုက သဘောကျခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြေကြားရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘောထား ရပ်တည်ချက်တွင် ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းကိစ္စသည် တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီသော ဖက်ဒရယ် တပ်မတော်၌ တိုင်းရင်းသား လူမျိုးများ ပိုမိုပါဝင် လာစေရေးနှင့် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကိုလည်း တိုင်းရင်းသား လူမျိုးအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင် စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။
''ဒီကိုလာတုန်းကတော့ ကြားခဲ့တာတွေ ရှိတာပေါ့။ တပ်မတော်ပိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီးမရှင်းမလင်း ရှိတာတွေ၊ ဗိုလ်ချုပ်ဂွမ်မော် ဒီနေ့ရှင်းပြတော့ ဒါတွေက ဘာမှကြောက်စရာ စိုးရိမ်စရာ မရှိတဲ့ ကိစ္စတွေပါ။ အခုလို သိသွားတော့ နောက်ဆို ဒါကြီးကို သံသယ ဖြစ်နေစရာ မလိုတော့ဘူး။ ဒီနေ့ ဒီပြည်ထောင်စု တပ်မတော်ဆိုတဲ့ ကိစ္စလေး ပြေလည်သွားတာ အင်မတန်မှ ကောင်းပါတယ်။ သူတို့တွေက တိုင်းပြည်အတွက် အများကြီး ကြိုးစားခဲ့ကြတယ်။ ကျွန်မတို့ကလည်း သူတို့အပေါ် လေးစားမှုရှိတယ်။ သူတို့ကလည်း ကျွန်မတို့ကို လေးစားမှုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အသွားအပြန်၊ အပြန်အလှန် လေးစားမှုက အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ နောက်ထပ်ခြေလှမ်းတွေ အများကြီး ရှိလာမှာပါ။ အကျိုးရလဒ်က အများကြီး ဖြစ်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းခင်ထွေးမြင့်က သတင်းထောက်များကို ဆိုသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား အရေးကို စိတ်မ၀င်စားခြင်း မဟုတ်ဘဲ အမြဲစောင့်ကြည့် ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''ဒီနေ့ကတော့ အမြင်ချင်း ဖလှယ်ကြတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေများတယ်။ ကျွန်တော်တို့ဆီက ဒုတိယ ဥက္ကဋ္ဌ(၁)က ကြိုဆိုတယ်။ နောက်ပြီး အတွင်းရေးမှူးက တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်တယ် ဆိုတာကို ရှင်းပြတယ်။ ခံစားချက်တွေပေါ့။ ဟိုဘက်ကလာတဲ့ တိုင်းရင်းသား တွေကလည်း သူတို့အထဲမှာနေတဲ့ လူတွေကလည်း ခံစားချက်တွေ ရှိပါတယ်ဆိုပြီး အပြိုင်အဆိုင် ပြောကြတာပေါ့။ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတယ်။ နောက် ဘယ်လိုတွေ့မယ်။ ဘယ်လိုပူးပေါင်းမယ် အဲဒါတွေ ဆွေးနွေးဖြစ်ပါတယ်'' ဟု UNFC တွဲဖက် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းမှ နိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် UNFC နှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တွေ့ဆုံခဲ့ကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) နှင့် မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (WLB) အဖွဲ့နှင့်လည်း ဆက်လက် တွေ့ဆုံရန်ရှိကာ နိုဝင်ဘာ ၂၃ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မူလကပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ခုကို ဖိတ်ကြားထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်ပါနိုင်ခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများမှ ကိုယ်စားလှယ်များသာ ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွားရောက်နိုင်ခဲ့သည်။
နိုင်ငံရေးပါတီများ၏ ထိုင်းနိုင်ငံခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

နစက ဖျက်သိမ်းပြီးနောက်ပိုင်း မောင်တောခရိုင်အတွင်း ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များ ဆောက်လုပ်ထားမှုများ ရှိလာ

မောင်တောခရိုင်အတွင်း နယ်စပ်ဒေသ လူဝင်မှုစစ်ဆေး ကွပ်ကဲမှုဌာနချုပ် (နစက) ဖျက်သိမ်းပြီး နောက်ပိုင်း မောင်တောခရိုင်အတွင်း ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များ ဆောက်လုပ်ထားမှုများ ရှိလာကြောင်း သတင်းရရှိသည်။
ယင်းသို့ နေအိမ်များ ဆောက်လုပ်ရာတွင်လည်း လယ်မြေများနှင့် အခြားကန့်သတ် မြေများတွင် ဆောက်လုပ်နေခြင်းများ ရှိနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှ ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်ခြင်းများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ မောင်တော ခရိုင်အတွင်း ကျေးရွာအများစုတွင် ယင်းသို့ တရားမ၀င် နေအိမ်များ ဆောက်လုပ်ခြင်းများ ရှိနေခြင်းဖြစ်ပြီး နစက တာဝန်ယူချိန်က ကျေးရွာမြေပုံဆွဲခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းနှင့် နစက ဖျက်သိမ်းပြီးနောက်တွင် တရားမ၀င် နေအိမ်ဆောက်လုပ်မှု ပိုမိုများပြားလာကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ယင်းအပြင် မောင်တောခရိုင်အတွင်း လူဦးရေ တိုးတက်မှု မြန်ဆန်နေသည့်အတွက် နေထိုင်ရန် ကျေးရွာများ၊ နေအိမ်များအား သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ တရားမ၀င် ဆောက်လုပ်မှု၊ စည်ပင်ဥပဒေအတိုင်း စနစ်တကျ နေအိမ်ဆောက်လုပ်ခြင်း မရှိခြင်းများ ရှိနေကြောင်း သိရသည်။

ဘင်္ဂါလီကျေးရွာ အများစုတွင် ကျေးရွာအတွင်း အိမ်ရာနှင့်လမ်းများ စနစ်တကျ မရှိဘဲ တစ်အိမ်နှင့်တစ်အိမ် နီးကပ်စွာ တည်ရှိမှုနှင့် လမ်းများကျဉ်းမြောင်းပြီး အကောက်အကွေ့များ ရှိနေခြင်းကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့များက တရားခံများ ၀င်ရောက်ဖမ်းဆီးရာတွင် လွယ်ကူမှုမရှိ ဖြစ်လာပြီး တရားဥပဒေ စိုးမိုးမှုတွင် ခက်ခဲလာမည် ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် အတွက်ပါ စိုးရိမ်စရာဖြစ်...


''မောင်တောခရိုင် အတွင်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေဟာ ဒေသမှာ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ဖီဆန်ပြီး နေအိမ်ဆောက်တာတို၊ လယ်မြေတို့မှာ တရားမ၀င် အိမ်ဆောက်တာတို့ ရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နေအိမ်တစ်လုံးနဲ့ နွားတင်းကုပ် တစ်ခုက အခုဆိုရင် နေအိမ် ၅ လုံးလောက် ဖြစ်နေပြီ။ ဒါတွေကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်။ မဟုတ်ရင် ဒေသရဲ့ မြေအနေအထား၊ စိုက်ပျိုးမြေနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုတွေမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ နစက တာဝန်ယူချိန်က ဆွဲထားခဲ့တဲ့ မြေကြီးမြေပုံတွေ၊ နေအိမ် အနေအထားအတိုင်း ရှိ၊ မရှိ ဆိုတာနဲ့ တိုးဆောက်လာတဲ့ နေအိမ်တွေကို စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ အခု မကဖ က လ၀က၀န်ထမ်း တွေရှိပေမယ့် လက်နက်ကိုင် မဟုတ်တော့ လုပ်ရကိုင်ရတာ လွယ်မယ်မထင်ပါဘူး'' ဟု မောင်တောမြို့ခံ တစ်ဦးက ပြောကြားသည်။
မောင်တောခရိုင်အတွင်း ဘင်္ဂါလီကျေးရွာ အများစုတွင် ကျေးရွာအတွင်း အိမ်ရာနှင့်လမ်းများ စနစ်တကျ မရှိဘဲ တစ်အိမ်နှင့်တစ်အိမ် နီးကပ်စွာ တည်ရှိမှုနှင့် လမ်းများကျဉ်းမြောင်းပြီး အကောက်အကွေ့များ ရှိနေခြင်းကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့များက တရားခံများ ၀င်ရောက်ဖမ်းဆီးရာတွင် လွယ်ကူမှုမရှိ ဖြစ်လာပြီး တရားဥပဒေ စိုးမိုးမှုတွင် ခက်ခဲလာမည် ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ် အတွက်ပါ စိုးရိမ်စရာ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
<p?ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)သည် မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်း ကောက်ခံမှု လုပ်ငန်းများအား တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်ချက် ဖြစ်သဖြင့် ယခင်နစက တာဝန်ယူချိန်ကကဲ့သို့ အပြောင်းအလဲမရှိ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်များအတွင်း မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ ရခိုင်၊ ဘင်္ဂါလီနှင့် ခမီ စုစုပေါင်း ၁၃ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိ

8.1.1
အသတ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်မှ မငယ်ငယ်
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် များအတွင်း အသက်ခြောက်နှစ် အရွယ်နှင့် ငါးနှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ ဘင်္ဂါလီ သုံးဦး၊ ရခိုင်အမျိုးသား လေးဦး၊ ခမီ အမျိုးသား ခြောက်ဦးတို့ကို ခေါ်ယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာမှ မဇလပ်ဝါ (ဘ) ဦးရွှေမိ၊ ခမီလူမျိုး အသက်(၅)နှစ်မှာ ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ နိုဝင်ဘာ ၁၈ ရက်တွင် သတ်ဖြတ်ပြီး မြေမြှုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် တစ်ရွာတည်းနေသူများ ဖြစ်ကြသည့် စိုးမဲကျီကျေးရွာမှ မောင်ကာလု၊ ကိုအောင်နိုင်စိုးနှင့် ခင်ထွန်းမောင်တို့ အပါအ၀င် ခမီအမျိုးသား ခြောက်ဦးအား ပေါက်တောရဲစခန်းက ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း ပေါက်တောရဲစခန်းမှ သိရသည်။
''သံသယရှိသူ ခြောက်ဦးကို ခေါ်ယူစစ်ဆေး နေပါတယ်။ လောလောဆယ်တော့ နာမည်အလွတ်မရတဲ့ အတွက် ပြောလို့မရသေးပါဘူး။ တရားခံ ဘယ်သူဘယ်ဝါဆိုတာ ပြောဖို့စောပါသေးတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကြိုးစားနေပါတယ်'' ဟု ပေါက်တော ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
အလားတူပင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် မိန်းကလေးငယ် အသတ်ခံရမှု နှင့် ပတ်သက်၍ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး အခင်းဖြစ်ကျေးရွာသို့ ရောက်ရှိနေပြီး သံသယရှိသူ ခုနစ်ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၈ ရက် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက် ည ၉ နာရီခန့်က ကြာညိုပြင်ရွာနေ မငယ်ငယ် (ဘ) ဦးအောင်ခင် ပျောက်ဆုံးပြီး နိုဝင်ဘာ ၁၉ ရက် နံနက် ၂ နာရီ ကျော်ခန့်တွင် ရွာအနောက်ဘက်ရှိ ဦးမှဲ့နီအောင် လယ်ကွင်းတွင် မငယ်ငယ်၏ အလောင်းအား ရွာသားများက တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ဒဏ်ရာတစ်ချက်၊ မျက်လုံးတွင် ဒဏ်ရာတစ်ချက် တွေ့ရကြောင်း၊ အဘွားတော်သူ ဒေါ်အေးနုက တရားလိုပြုကာ အမှုဖွင့်ခဲ့ရာ အပေါက်ဝ နယ်မြေရဲစခန်းက (ပ)၃၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် စုံစမ်းစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့က အမှုနှင့်စပ်လျဉ်း၍ သက်သေများကို ခေါ်ယူမေးမြန်း စစ်ဆေးနေသည့် အပြင်မသင်္ကာ တရားခံများကိုလည်း ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း၊ ပြည်သူများ၏ သတင်းပေးမှု များကိုလည်း လျို့ဝှက်ထား၍ လက်ခံအရေးယူ ဆောင်ရွက်သွားမည်ဖြစ်၍ ပူးပေါင်းပါဝင် ကြစေလိုကြောင်း ရဲတပ်ဖွဲ့မှ ကြေညာထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
သံသယဖြင့် ဖမ်းဆီးခံရသူများမှာ ကြာညိုပြင်ကျေးရွာမှ ရခိုင်အမျိုးသား လေးဦးနှင့် အနီးရှိ မွတ်ဆလင် ကျေးရွာဖြစ်သည့် ရွာညှာကျေးရွာမှ ဘင်္ဂါလီသုံးဦးတို့ ဖြစ်ကြောင်း ကျောက်တော်ရဲစခန်းမှ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Thursday, November 21, 2013

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ မြန်မာအစိုးရအပေါ် တိုက်တွန်းချက်ကို အစိုးရနှင့် ပြည်သူလူထုက လက်မခံနိုင်ကြောင်း တုံ့ပြန်၊ တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်

V.21.11
ရခိုင်ပြည်နယ် စစ်ကဲပြင်ကျေးရွာနှင့် ဆင်တက်မော်ကျေးရွာတို့တွင် သက်ဆိုင်ရာက လူဦးရေစာရင်း ကောက်ခံမှုအတွက် လိုအပ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်
ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား တိုက်တွန်းခဲ့သည့်အဆိုကို လက်မခံကြောင်းနှင့် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်ဟု အစိုးရနှင့် ပြည်သူလူထုက တုံ့ပြန်ပြောကြားခဲ့သည်။
ရိုဟင်ဂျာ လူနည်းစုများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၁၉ ရက်က အတည်ပြုခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
  
ထိုသို့ တိုက်တွန်းခဲ့ခြင်းကို အစိုးရ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထုက လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်။
  
အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိကြောင်း ပြောဆိုထားပြီးဖြစ်ချိန်တွင် ကုလသမဂ္ဂက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား အသုံးပြုပြီး ပြောဆိုခဲ့ခြင်းကို ကန့်ကွက်ကြောင်းနှင့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆောင်ရွက်မည်ဟု သမ္မတရုံး အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။
  
"ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား ကျွန်တော်တို့နိုင်ငံမှာ မရှိဘူးဆိုတာ ကျွန်တော်တို့ လူကြီးတွေကလည်း ပြောထားတယ်။ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသည် ဒီမှာလည်း မရှိဘူး။ လ၀က(လူဝင်မှုကြီးကြပ်ရေး) ဥပဒေနဲ့လည်း မညီဘူး။ အဲဒါကို ကန့်ကွက်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ၊ ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ညီတဲ့သူကို ပေးမယ်" ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသားအခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ ၊ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့   မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး . . .
မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးတွင် ရိုဟင်ဂျာဆိုသည်မှာ လုံးဝမပါဝင်ကြောင်းနှင့် ဘင်္ဂါလီများ တောင်းဆိုနေသော နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၂၀ ရက်ထုတ် 7 Day သတင်းဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
X.21.11
စစ်ကဲပြင်ကျေးရွာတွင် လူဦးရေစာရင်း ကောက်ခံမှုများအတွက် လိုအပ်သော လုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ်    
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် ကုလသမဂ္ဂကိုယ်တိုင်က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
  
"လူသားတစ်ယောက်အနေနဲ့ ဥပဒေအတိုင်း နိုင်ငံသား ဖြစ်ခွင့်ရတာကို နားလည်တယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာကို ကျွန်တော်တို့ လက်မခံဘူး။ ရိုဟင်ဂျာဆိုတာ ရှိတာမဟုတ်ဘူး။ ဗမာ့သမိုင်းမှာလည်း မရှိဘူး။ အဲဒီနာမည် တပ်ပြောရင်တော့ ကျွန်တော်လက်မခံဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
  
ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ တိုက်တွန်းချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း ဖြစ်သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
  
"ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်။ စော်ကားတယ်လို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ သူ့ရဲ့ တည်ဆဲဥပဒေတွေ ရှိတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် တည်ဆဲ ဥပဒေအရပဲ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာကို အတည်ပြုလို့ ရတယ်။ ခွင့်ပြုလို့ရတယ်။ နိုင်ငံတော်မှာ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကိုပဲ ဖြစ်ဖြစ် အလိုအလျောက် နိုင်ငံသားပေးရမယ်ဆိုတာ မဖြစ်သင့်ဘူး။ တည်ဆဲဥပဒေအရသာ လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုတာ တည်ဆဲဥပဒေ ဖြစ်တယ်။ ဥပဒေအရပဲ။ ဘယ်လို ဘယ်ပုဂ္ဂိုလ်မဆို နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဘယ်အဖွဲ့အစည်း ကုလသမဂ္ဂဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဘယ်ပုဂ္ဂိုလ် ဘယ်လူမျိုးကို နိုင်ငံသားပေးရမယ်လို့ တိုက် တွန်း၍သော် လည်းကောင်း၊ အတင်းအကျပ်သော် လည်းကောင်း ပြောခွင့်မရှိဘူးလို့ ထင်ပါတယ်" ဟု ဦးအေးသာအောင်က ပြောကြားသည်။
  
"ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချတိုင်း တရားမျှတပါတယ်လို့ ပြောလို့မရဘူး။ တရားမျှတပါတယ်လို့လည်း လက်မခံဘူး။ အမှားအယွင်းတွေလည်း ဆုံးဖြတ်ခဲ့တာ ရှိတယ်။ အင်အားကြီး နိုင်ငံဘက်ကိုလည်း ဘက်လိုက်ပြီး ဆုံးဖြတ်ခဲ့တာတွေ ရှိတယ်။ အခုကိစ္စမှာလည်း လက်ရှိနိုင်ငံက လက်ခံ-မခံဆိုတာကိုပဲ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
  
"နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုက ဥပဒေအရ သွားရပါမယ်။ တရုတ်၊ ဟိန္ဒူ၊ ဘင်္ဂါလီ၊ ပါကစ္စတန်ပဲဖြစ်ဖြစ် ဖြစ်သင့် ဖြစ်ထိုက်တဲ့သူ ဖြစ်ရမယ်။ ပေးသင့်ပေးထိုက်တဲ့သူကို ပေးဖို့ကို ကျွန်တော်တို့ဘက်က ဘာမှအနှောင်အဖွဲ့ မရှိပါဘူး။ နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်တဲ့သူကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ မည်သည့်ပုဂ္ဂိုလ်ကို မဆိုပါ။ ကျွန်တော်တို့ လက်ခံတယ်။ သူတို့အနေနဲ့လည်း ဒီနိုင်ငံမှာနေချင်ရင် ဒီနိုင်ငံရဲ့ ကျင့်ထုံးတွေကို လက်ခံရမယ်။ ယဉ်ကျေးမှုကို လက်ခံရမယ်။ ဒီနိုင်ငံမှာနေပြီး ဘင်္ဂါလားဒေ့ရှ်ကို လွမ်းတာမျိုး မလိုလားဘူး။ ပါကစ္စတန်ကို လွမ်းတာမျိုးမရဘူး။ ဒီနိုင်ငံရဲ့ ကျေးဇူးသစ္စာကို တကယ်စောင့်သိနိုင်မလား။ ဒီနိုင်ငံရဲ့ နိုင်ငံတော်သီချင်းတို့၊ နိုင်ငံတော်အလံတို့ကို တကယ်ပဲ အလေးအမြတ်ထားပြီး ဂါရ၀ပြုနိုင်မလား။ နိုင်ငံရေး ယဉ်ကျေးမှုအရ ကျွန်တော်တို့တွေရဲ့ ကြားထဲမှာ တကယ်နေနိုင်မလား။ သီးသန့် လူမျိုးအဖြစ်၊ သီးသန့်ဝတ်စုံတွေဝတ်ပြီး နေတာမျိုး ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆိုသည်။
  
ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်အတွက် အစိုးရက အထောက်အထား စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပြီး ဦးဆုံးတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်ကို ခွင့်ပြုမှ စစ်ဆေးမှုကို လက်ခံမည်ဟု ပြောလာသောကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
  
"နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက ညီတယ်၊ ဘယ်သူတွေက မညီဘူး၊ စိစစ်ဖို့အတွက် Identification လုပ်ဖို့လိုတယ်။ လိုတဲ့ဟာကို ကျွန်တော်တို့ဆီက လ၀ကက လုပ်တယ်။ ပထမပိုင်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ အဆင်မပြေဘူး။ အနှောင့်အယှက်တွေ ဖြစ်လာတယ်။ သူတို့က ရိုဟင်ဂျာဆိုတဲ့ဟာကို ခွင့်ပြုမှ လက်ခံမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ဖြစ်လာတော့ နိုင်ငံရဲ့တည်ဆဲ ဥပဒေအရ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတဲ့အတွက် လက်မခံနိုင်တဲ့အခါမှာ ဆန့်ကျင်တာတွေ၊ နှောင့်ယှက်တာတွေ၊ ဆန္ဒပြတာတွေ၊ လုံခြုံရေးအဖွဲ့တွေကို ရန်ရှာတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ရခိုင်ပြည်နယ် အစိုးရရယ်၊ လ၀ကရယ် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ အဲဒီလို ပြဿနာတွေဖြစ်တယ်။ ဖြစ်တော့ ဆက်မလုပ်နိုင်ဘူး။ ရပ်ဆိုင်းထားရတယ်" ဟု သမ္မတရုံး အဆင့်မြင့် အရာရှိက ပြောကြားသည်။
  
"ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ အများကြီးရှိနေတယ်။ သူတို့တွေနဲ့ ဒေသခံ တိုင်းရင်းသားတွေ မကြာခဏ ပဋိပက္ခတွေ ဖြစ်နေတယ်။ အဲဒီလိုတွေ ဖြစ်နေတာကိုက သူတို့ ဘင်္ဂါလီတွေအနေနဲ့ ဧည့်သည်က ဧည့်သည်လိုမနေလို့ ဖြစ်နေတာ။ အဲဒီလို ဧည့်သည်မျိုးတွေကို ဘယ်နိုင်ငံကမှ အိမ်ရှင်အဖြစ် လက်ခံနိုင်မှာ မဟုတ်ဘူး"ဟု  စစ်တွေဒေသခံ ဦးသာဘန်းက ပြောကြားသည်။
  
ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်ခွင့်ပြုခြင်းသည် ၁၉၈၂ ခုနှစ် ဥပဒေနှင့်သာ သက်ဆိုင်ပြီး မြန်မာနိုင်ငံ၌ ခွင့်ပြုပေးထားသော ဘာသာရေး လွတ်လပ်ခွင့်သည် ဒီမိုကရေစီ အင်အားကြီး နိုင်ငံများထက်ပင် သာလွန်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
  
"သူတို့တိုက်တွန်းချက်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ပဲ သက်ဆိုင်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပေးထားတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ အမေရိကန်၊ အင်္ဂလန်နဲ့ ဂျပန်နိုင်ငံတွေမှာ ပေးထားတာထက် သာတယ်။ ဘာသာရေး အထိမ်းအမှတ် နေ့တွေကိုလည်း သတ်မှတ်ပေးထားတာပဲ။ ဒီလိုလွတ်လပ်ခွင့်ပေးထားတဲ့ နိုင်ငံက ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ ရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ ပါတယ်"ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
  
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁)နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသား သို့မဟုတ် (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်-(၁) နိုင်ငံသား သို့မဟုတ် (၂) ဧည့်နိုင်ငံသားသို့ မဟုတ် (၃) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ သတ်မှတ်ထားသည်။
  
"ဥပဒေက ဒီအတိုင်း ပြဋ္ဌာန်းထားတယ်။ ကျွန်တော်တို့က အဲဒီဥပဒေကို ဘောင်ကျော်ပြီးတော့ လုပ်လို့မရဘူး။ ဥပဒေကို ပြင်ဆင်ပေးပါ ဆိုတာလည်း လက်ရှိလွှတ်တော်ဆိုတာ သီးခြားမဏ္ဍိုင် ဖြစ်နေပြီ။ လွှတ်တော်က ဒီဥပဒေကို ပြင်မယ်ဆိုရင် အစိုးရက ဒီအတိုင်းလုပ်မယ်။ လွှတ်တော်က မပြင်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ သွားရမှာပဲ" ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။
  
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘင်္ဂါလီဦးရေ ၁ ဒသမ ၃၃ သန်းရှိနေပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်း များအရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ပြည်နယ် ကျောက်တော်တွင် ခြောက်နှစ်အရွယ် သမီးငယ် သေဆုံးမှုကို သိရ၍ ထိုင်းနိုင်ငံရောက် မိခင်ဖြစ်သူ နေရပ်သို့ ပြန်လာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က ခြောက်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့နံနက်တွင် အလောင်းအား ရွာပြင် စပါးခင်း၌ တွေ့ရှိခဲ့ရာ အဆိုပါကလေးငယ်၏ မိခင်ဖြစ်သူ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေသော ဒေါ်မိုးမိုးစံသည် မြန်မာနိုင်ငံသို့ အမြန်ပြန် လာခဲ့ကြောင်း သိရသည်။
ဒေါ်မိုးမိုးစံသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် သူမ၏သမီး သေဆုံးကြောင်းသိရသဖြင့် ကော့သောင်း လေဆိပ်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ရွာသို့သွားရန် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ဒေါ်မိုးမိုးစံ၏ ညီမဖြစ်သူ ဒေါ်လှလှရီက "အစ်မက သူ့ရဲ့သမီးကို ကျောင်းထားဖို့ဆိုပြီး အမေတွေဆီပို့ထားတာ သိပ်မကြာသေးပါဘူး။ သမီးလေး ခြောက်လအရွယ်လောက်ကတည်းက သူ့အဖေနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကလေးကို သူ့မိခင်က ထိုင်းနိုင်ငံကို ခေါ်သွားပြီး အလုပ်လုပ်ခဲ့တာပါ"ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
"အဘိုးအဘွားတွေဆီကို ကျောင်းနေအရွယ်ရောက်လို့ ပြန်ပို့ထားတာ ခုနစ်လပဲ ရှိပါသေးတယ်။ သတင်းကြားကြားချင်း သူ့အမေနဲ့ အဆက်အသွယ်ရတာနဲ့ အမြန်ဆုံး လာခဲ့တာပါ" ဟု ဒေါ်လှလှရီက ဆက်လက် ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား ပြည်နယ်အစိုးရအနေဖြင့် လက်ခံခြင်းမပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်မခံသည့် အနေဖြင့် ပြည်သူများက တစ်ခဲနက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်မှ ပြည်နယ်လွှတ်တော်သို့ ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်ခံခြင်းမပြုရန် အဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ တင်သွင်းရာတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့် အစိုးရမဟုတ်သော OIC INGO အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် အခြေစိုက်ပြီး ဆက်ဆံရေး ရုံးဖွင့်လှစ်ရန် တောင်းဆိုမှုများ ပြုလုပ်နေခြင်းအပေါ် ပြည်နယ်အစိုးရ အနေဖြင့် လုံးဝလက်ခံခြင်း မပြုရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုအား နည်းဥပဒေ ပုဒ်မ ၁၂၂ အရ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကြီးထံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က"နိုင်ငံတစ်ဝန်းလုံးမှာ အိုအိုင်စီကို မလိုလားကြဘူး။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ကြတယ်။ ပြည်သူတွေက မလိုလားတာကို ကျွန်တော်တို့က အတည်ပြုဖို့ ကြိုးစားရမယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရယူလိုတာကြောင့် အခုလို တင်သွင်းတာပါ။ အရေးကြီး အဆိုဆိုရင် လွှတ်တော်ဥက္ကဋ္ဌက တစ်ဆင့် လွှတ်တော်ထဲ သွားရတာဖြစ်တယ်။ ဒါကြောင့် လွှတ်တော်ကို တင်တာဖြစ်ပါတယ်။လွတ်တော်မှာ အတည်ပြုချက် ရယူပြီး ဆုံးဖြတ်ချက်ကို ချကြမယ်ဆိုရင် ပိုခိုင်မာသွားမယ်"ဟု ပြောကြားခဲ့ပါသည်။
ယင်းသို့ ရခိုင်ပြည်နယ်အနှံ့တွင် ဆန္ဒပြ ကန့်ကွက်မှုများနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးတချို့တွင်လည်း ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်လာခဲ့ရာ စစ်တွေမြို့နယ်အတွင်းရှိ နိုင်ငံခြား မဟုတ်သော အဖွဲ့အစည်းတချို့၏ ရုံးခန်းများနှင့် တည်းခိုနေထိုင်သော နေရာများတွင် ယခင်တပ်ဆင်ထားသော ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချထားရှိမှုများ ရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် အိုအိုင်စီအဖွဲ့ ရုံးစိုက်ရန် ကြိုးပမ်းမှုအား ရခိုင်ပြည်သူတစ်ရပ်လုံးအပြင် မြန်မာနိုင်ငံသူနိုင်ငံသားများကလည်း လုံးဝလက်မခံသဖြင့် ပြည်သူတို့၏ဆန္ဒသည် သဘောထားတူညီမှုများ ရှိနေကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ကျောက်တော်နှင့် ပေါက်တောမြို့နယ်များတွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီးနောက် ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှုမရှိတော့ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ပြောကြား

နိုဝင်ဘာ ၁၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီး ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှု မရှိတော့ကြောင်း၊ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေကြောင်း ရခိုင် အမျိုးသမီးကွန်ရက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
နိုဝင်ဘာ ၁၈ ရက်က ငါးနှစ်နှင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး  ပုံစံတူ လူသတ်မှုနှစ်မှု ရခိုင်ပြည်နယ် မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့၏သမီး အသက်ခြောက်နှစ် အရွယ်ရှိ မ..........ပျောက်ဆုံးပြီး နောက်တစ်နေ့ နံနက်တွင်  အလောင်းအား ရွာပြင်စပါးခင်း၌ ဦးခေါင်းနှင့် ပါးတစ်ဖက်တစ်ချက်စီ၌ ဒဏ်ရာတစ်ချက်စီနှင့် မုဒိမ်းကျင့် ခံထားရသည့် လက္ခဏာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းအပြင် ပေါက်တောမြို့နယ်၊ အနောက် ဖရုံဂါကျွန်း၊ စိုးမဲကျီကျေးရွာမှ အသက် (၅) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်ညနေ ၆နာရီခန့်တွင် ပျောက်ဆုံးခဲ့ပြီး ရွာသားများက လိုက်လံ ရှာဖွေခဲ့ကြရာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သတ်ဖြတ်မြေမြှုပ်ခြင်း ခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍  စစ်တွေမြို့ ရခိုင်အမျိုးသမီးများ ကွန်ရက်အဖွဲ့မှ ပြည်နယ်ကော်မတီဝင် ဒေါ်ကျော့စိန်က "ရခိုင်ပြည်နယ်က အမျိုးသမီးတွေဟာ လက်ရှိမှာ ဘ၀လုံခြုံမှုမရှိ ဖြစ်နေတယ်။ ငါးရှာ ဟင်းခူးတောင် သွားလာ လုပ်ကိုင်စားသောက်လို့ မရနိုင်တော့တဲ့ အနေအထားကို ရောက်လာတယ်။ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်စေဖို့ ကာကွယ် စောင့်ရှောက်ပေးသင့်တယ်"ဟု ပြောကြားသည်။
ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ အခု ရခိုင်ပဋိပက္ခကြောင့် ဒုက္ခဖြစ်သူတွေထဲမှာ အမျိုးသမီးတွေဟာ ပိုလို့ဒုက္ခရောက်ပါတယ်။ အခုဆိုရင် ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံလာရတာ ဆက်တိုက် ဖြစ်လာ . . .
ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဒေါ်စောမြရာဇာလင်းက "ရခိုင်ပဋိပက္ခ နောက်ပိုင်းမှာ အမျိုးသမီးတွေ ဆက်တိုက် အကြမ်းဖက်ခံလာရတယ်။ လူတွေသိတဲ့ အမှုတွေရှိသလို လူတွေမသိတဲ့ အမှုတွေရှိတယ်။ အခု လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပေါက်တောနဲ့ ကျောက်တော်မှာ ပုံစံတူကလေးတွေ အသတ်ခံရတယ်။ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၁၀ ခုမက ဖြစ်ပွားခဲ့တယ်။ ဒါတွေကို သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးဖို့နဲ့ ပွင့်လင်းမြင်သာစွာ တရားစီရင်မှုတွေရှိဖို့ တောင်းဆိုပါတယ်။ အခုဟာ အရွယ်ရောက် အမျိုးသမီးတွေသာ မကတော့ဘဲ လူမမယ် ကလေးငယ်တွေပါ တိုက်ခိုက် ခံလာရတာ ရှိပါတယ်" ဟု ပြောကြားသည်။
"ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ အခု ရခိုင်ပဋိပက္ခကြောင့် ဒုက္ခဖြစ်သူတွေထဲမှာ အမျိုးသမီးတွေဟာ ပိုလို့ဒုက္ခရောက်ပါတယ်။ အခုဆိုရင် ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံလာရတာ ဆက်တိုက် ဖြစ်လာပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်ရတာဖြစ်ပြီး အမျိုးသမီးတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် လုံခြုံမှုရှိအောင် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်" ဟု ဒေါ်စောသီရိမွန်က ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မန္တလေးမြို့တွင် OIC အလိုမရှိကြောင်း အချက်ငါးချက်ဖြင့် ဆန္ဒပြ

S-20-11
မန္တလေးမြို့တွင် သံဃာတော်များက OIC အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် နေသည်ကို တွေ့ရစဉ်
မန္တလေးမြို့တွင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။
သံဃာအပါး ၂၀၀ ကျော်က ယင်းသို့ ဆန္ဒထုတ်ဖော်မှုအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားမှ စတင်ကာ OIC ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် စစ်ကိုင်း-မန္တလေးလမ်း၊ ဗိုလ်အိမ်လမ်းဆုံမှ စာတိုက်ကွေ့၊ ထို့နောက် ဘုရားကြီး အရှေ့မုခ်အား ပတ်လမ်းလျှောက်ကာ ဂဠုန်နီ ဆရာတော်မှ OIC နှင့် ပတ်သက်သော ကန့်ကွက်ချက် ငါးချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ဆန္ဒပြသူများမှာ ဦးပွားဘုရားသို့ ပြန်လည်လမ်းလျှောက်ကာ လူစုခွဲခဲ့ ကြသည်။
ဆန္ဒထုတ်ဖော်သည့် ရည်ရွယ်ချက် ငါးချက်မှာ ဘင်္ဂါလီများအား တိုင်းရင်းသားအဖြစ် လက်မခံရေး၊ မြန်မာပြည်၏ မည်သည့်နေရာမဆို အခြေစိုက်ရုံး အလိုမရှိ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ဖြစ်ရမည်၊ OIC အလိုမရှိ၊ ခိုးဝင်လာသော ဘင်္ဂါလီများအား ရခိုင်ဒေသမှ အစ္စလာမ် နိုင်ငံများသို့ အမြန်ဆုံး ပြန်ခေါ်သွားပါ စသည်တို့ ဖြစ်သည်။
ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ပြီး ဂဠုန်နီ ဆရာတော် ဦးကောဝိရက "OIC ဆိုတာ မြန်မာနိုင်ငံမှာ မရှိသင့်ဘူး။ လက်လည်း မခံသင့်ဘူး။ ဘာလို့လဲဆိုတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံ ဖြစ်လို့ပဲ။ မြန်မာနိုင်ငံကသာ လက်ခံလိုက်ရင် အခြားနိုင်ငံတွေဆိုတာ ပြောစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် သူတို့ကတော့ နည်းမျိုးစုံနဲ့ ချဉ်းကပ်မှာပဲ။ ဒါကို အစိုးရက လက်မခံသင့်ဘူး။ ထိုင်းတို့ ကမ္ဘောဒီးယား နိုင်ငံတွေလို တဖြည်းဖြည်း သိမ်းပိုက်ဖို့ လုပ်နေတာတွေကို သံဃာထု တစ်ရပ်လုံးနဲ့ ပြည်သူတွေက လုံးဝဆန့်ကျင် သွားမယ်။ OIC အလိုမရှိဘူး။ လုံးဝကန့်ကွက် ပါတယ်" ဟု မိန့်ကြားသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုကို ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားတွင် OIC ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်မှုအား နိုဝင်ဘာ ၁၆ ရက်ကလည်း ပြုလုပ်ခဲ့ပြီး ခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရန် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဋ္ဌာနကို ဖွဲ့စည်းရမည်ဟု တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် ဖော်ပြထား

လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအရ လက်ရှိပြည်ထောင်စု ၀န်ကြီးဌာနများ အပြင် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနသစ်အား ထပ်မံဖွဲ့စည်းရန်ရှိကြောင်း သိရသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ၎င်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် နိုင်ငံတော် သမ္မတမှ ရွေးချယ်၍ ယင်းအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည်ပြုချက် ရယူမည်ဟု သိရသည်။
ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မှာ ဥပဒေ၏ ရည်ရွယ်ချက်ပါ ကိစ္စရပ်များကို အကောင်အထည် ဖော်ရန်နှင့် တိုင်းရင်းသား လူမျိုးတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ဖွဲ့စည်းရန် အချက်များ ပါဝင်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ နိုဝင်ဘာ ၁၁ ရက်တွင် တင်သွင်းခဲ့ပြီး ၎င်းဥပဒေအား လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
ကွတ်ခိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း" ကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်မှ ဖိတ်ခေါ်ခဲ့သည်။
အဆိုပါ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းအား တင်သွင်းရခြင်း ရည်ရွယ်ချက်မှာ တိုင်းရင်သား လူမျိုးများ အားလုံးသည် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ အတူတကွ လက်တွဲနေထိုင် သွားနိုင်ရန် ဖြစ်ကြောင်း၊ ထို့ပြင် တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးနေသည့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု ၀န်ကြီးများအား လိုအပ်သလို ပေါင်းစပ်ချိတ်ဆက်ပေးရန် အဓိက တာဝန်ယူ ဆောင်ရွက်ပေးရန် အဓိက တာဝန်ယူ ဆောင်ရွက်ပေးမည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတစ်ခု မလွှဲမသွေ ဖွဲ့စည်းရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဤဥပဒေကြမ်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းနှင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းများနှင့် လည်းကောင်း၊ ညီညွတ်မှု ရရှိစေရန် ရေးဆွဲရခြင်းဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းတွင် တိုင်းရင်းသား လူမျိုးအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန် ရည်ရွယ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင် ရပိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းများတွင် တန်းတူညီမျှ အခွင့်အရေးများ ရှိရမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသော လူဦးရေ ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေ ပြုရေးတွင် မိမိတို့ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဆောင်ရွက်ခွင့်ရှိကြောင်း ပါရှိသည်။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ပြီး ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် ၀န်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ပါရှိကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က "ကုလသမဂ္ဂမှာ တိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်းဆိုတာ ရှိတယ်။ အဲဒီမှာ အချက် ၆၀ ကျော် ရှိတယ်။ အဲဒီအထဲက အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး ပေးထားတဲ့ အခွင့်အရေးတွေ၊ power sharing မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေမှာ တိုင်းရင်းသားတွေ ပါဝင်ခွင့် ပေးရမယ်။ resource sharing တိတိကျကျကို ဒီဥပဒေမှာ ပါသင့်တယ်။ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ဖွဲ့စည်းပြီး တိုင်းပြည်ပိုက်ဆံစားပြီး ဒီအချက်တွေ မလုပ်ပေးနိုင်ရင် အလကားပဲ" ဟု သုံးသပ်ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသား ၇၀၀ ကျော်အား ယာယီနေထိုင်ခွင့် ပါမစ်များ ထုတ်ပေးထား

မိုးလွန်ကာလတွင် ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသားများ မြန်မာနိုင်ငံ အတွင်းသို့ စတင်ဝင်ရောက်လာပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော တိုင်းရင်းသား ၇၀၀ ကျော်အား ယာယီနေထိုင်ခွင့် ပါမစ်များ ထုတ်ပေးထားကြောင်း သတင်းရရှိသည်။
ပွင့်လင်းရာသီ စတင်ချိန် အောက်တိုဘာ ၁၅ ရက်မှ ဘင်္ဂလားဒေ့ရှ်မှ တိုင်းရင်းသား မိသားစုများ စတင်ဝင်ရောက်လာပြီး လက်ရှိတွင် မိသားစု ၁၆ စု၊ လူဦးရေ ၅၀ နီးပါးခန့် ၀င်ရောက်ခဲ့ကြောင်း၊ ၀င်ရောက်လာသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွာတော်နှင့် အိန္ဒိယ နယ်စပ်ဘက်မှ လူများလည်း ပါဝင်ကြောင်းနှင့် မောင်တောမြို့ပေါ် ဗဟိုကျောင်းတိုက်တွင် ယာယီတည်းခိုရကြောင်း သိရသည်။
လက်ရှိတွင် ယင်းသို့ဝင်ရောက်လာသည့် ဒုက္ခသည်များအတွက် စောင်၊ ခြင်ထောင်၊ အနွေးထည်၊ အိုးခွက်၊ ပန်းကန်များ လိုအပ်နေကြောင်းနှင့် နေအိမ်များတည် ဆောက်နေသည့် အောင်သာယာ ကျေးရွာသို့ ပြောင်းရွှေ့ရန်ရှိကြောင်း မောင်တောမြို့ ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသည်။
ဝင်ရောက်လာသူများအား စိစစ်ကာ ယာယီနေထိုင်ခွင့် ပါမစ်အား အသက် ၁၂ အထက် လူဦးရေ ၇၀၀ ကျော်အား ထုတ်ပေးထားခြင်းဖြစ်ပြီး သုံးနှစ်ယာယီ နေထိုင်ခွင့် ပေးထားခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဥပဒေအတိုင်း ငြိမ်းချမ်းစွာ နေထိုင်လျင် ဆက်လက်ပြီး နေထိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ကို လ၀ကက စစ်ဆေးပြီး MDW (IP) ဆိုပြီး ယာယီနေထိုင်ခွင့် ပါမစ်ပေးထားပါတယ်။ နောက်ပြီး မောင်တောမြို့နယ် ပြင်ပဖြစ်တဲ့ စစ်တွေနဲ့ ရန်ကုန်ထိကို သွားလိုရင်တော့ ခရိုင်လ၀ကကနေ ခရီးသွားခွင့် ပါမစ်တောင်းပြီး သွားနိုင်တယ်လို့ သိရတယ်။ ကျွန်တော်တို့ကို ယာယီနေထိုင်ခွင့် ပေးတာက စက်တင်ဘာလက ဖြစ်ပါတယ်" ဟု ခရေမြိုင် ကျေးရွာတွင် ယာယီနေထိုင်ခွင့် ရသူတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် တစ်ဆက်တည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများအား ဘင်္ဂလီများက အကြမ်းဖက်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေပြီး နေစ လူနေမှု ဘ၀တွင် လုံခြုံမှုမရှိ အခက်အခဲ ရှိလာသဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာကာ ခိုလှုံခွင့် တောင်းခံလာခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော် ၀င်ရောက်ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒေသအုပ်ချုပ်ရေးနှင့် မောင်တောမြို့ခံ လူမှုအဖွဲ့အစည်းများက ရိက္ခာများ ထောက်ပံ့ပေးထားပြီး တစ်အိမ်ထောင်လျှင် လယ်မြေ ၁ ဧကခန့် ဖော်ထုတ်ပေးထားကာ လယ်ထွန်စက်နှင့် မျိုးစေ့များ ထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

M-18-11
မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။
"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။
N-18-11
မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ)
"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့်  တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့၏ ပူးတွဲကြေညာချက် တစ်ရပ်ကို နိုဝင်ဘာ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အချက် (၁၁) ချက် ပါဝင်ပြီး အစိုးရ၏ ဖိတ်ကြားချက်အရ OIC အတွင်းရေးမှူးချုပ်နှင့် တူရကီနိုင်ငံခြားရေး ၀န်ကြီးများ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဆော်ဒီအာရေဘီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ အဆင့်မြင့် ကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ လာရောက်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်တွင် လူ့အသိုင်းအ၀ိုင်းများအကြား ပြန်လည်သင့်မြတ်ရေး၊ နားလည်သည်းခံရေးနှင့် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးတို့ ဖြစ်ထွန်းလာစေရန် စသည့်အစိုးရ၏ ဆောင်ရွက်ချက်များကို ဘာသာများ အကြားနှင့် လူ့အသိုက်အ၀ိုင်းများအကြား တွေ့ဆုံဆွေးနွေးမှုနှင့် နားလည်မှုကို အားပေးခြင်း၊ လူ့အသိုင်းအ၀ိုင်း ခေါင်းဆောင်များအား ထောက်ခံအားပေးခြင်း စသည့်နည်းလမ်းများဖြင့် အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် အရပ်ဘက် အဖွဲ့အစည်းများအ ပါအ၀င် OIC အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများက အစိုးရနှင့် အပြည့်အ၀ ပေါင်းစပ်ညှိနှိုင်း၍ လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လက်ရှိအထောက်အပံ့များ ပေးအပ်နေမှုများကို OIC အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း၊ OIC အဖွဲ့နှင့် ၎င်း၏အဖွဲ့ဝင် နိုင်ငံများသည် လူမျိုး၊ တိုင်းရင်းသား မျိုးနွယ်နှင့် ဘာသာရေးတို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုသည့် အခြေခံမူအပေါ် ရပ်တည်ချက်ကို OIC ကိုယ်စားလှယ် အဖွဲ့က အာမခံကြောင်း မြန်မာအစိုးရကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ဤအခြေခံမူအပေါ် ရပ်တည်ချက်အရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှတစ်ဆင့် ခွဲခြားမှု မရှိဘဲ ပေးအပ်ရေးကို သေချာစွာ ဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီကြကြောင်း ဖော်ပြပါရှိပါသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိ

Q-17-11
နိုဝင်ဘာ ၁၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ သုံးဧကကျယ် မြေကွက်ပေါ်တွင် နှစ်ပေါင်း ၆၀ နေထိုင်သူများကို တရားရုံးက ဖယ်ရှားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ်
မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိကြောင်း ဥပဒေ ပညာရှင်များ၊ နစ်နာသူများက ပြောကြားခဲ့သည်။
မြေယာ အိမ်ခြံမြေ ဈေးနှုန်းများ သိန်းပေါင်းသောင်းနှင့်ချီ ရှိနေချိန်တွင် မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများက အဆုံးအဖြတ် ပေးရာ၌ လာဘ်ပေးလာဘ်ယူ သိန်းရာထောင်ချီ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ မနစ်နာစေရန် လွှတ်တော်မှ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီနှင့် အထူးစုံစမ်း စစ်ဆေးရေး ဌာနတို့မှ တာဝန်ရှိသူများက မြေယာအိမ်ခြံမြေ ပြဿနာများတွင် အမှန်တရားကို ဖော်ထုတ်ကာ နောက်ကွယ်တွင် ရှိနိုင်သည့် လာဘ်ပေးလာဘ်ယူ မှုများကို အရေးယူသင့်ကြောင်း မြေယာကိစ္စများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဥပဒေ ပညာရှင် တစ်ဦးက ဆိုသည်။
"ဂရန်လက်ဝယ် ရှိသူသာလျှင် ပိုင်ရှင်ဖြစ်တယ်လို့ ဥပဒေမှာ ဆိုထားပါတယ်။ မြို့ပြဆိုင်ရာ မြေယာကိစ္စတွေကို ပစ္စည်းလွှဲပြောင်းခွင့်ဆိုင်ရာ ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အက်ဥပဒေ၊ အောက်မြန်မာပြည် မြေခွန်တော် ဥပဒေ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဥပဒေတို့နဲ့အညီ စီမံခန့်ခွဲ ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ သေချာစုံစမ်း စစ်ဆေးသင့်ပါတယ်" ဟု Purple Equality Law Firm မှ အထက်တန်း ရှေ့နေနှင့် ဥပဒေ အတိုင်ပင်ခံ ကိုဖိုးဖြူက ဆိုပါသည်။
လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် စ/သုမင်္ဂလာရပ်ကွက် လေးထောင့်ကန်လမ်းနှင့် ဒေါ်နီလမ်းထောင့်ရှိ သုံးဧက ကျယ်ဝန်းသည့် မြေကွက်အမှတ် ၆၆ တွင် နှစ်ပေါင်း ၆၀ ကျော် နေထိုင်သူများကို မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၅ ရက်တွင် လာရောက်ဖယ်ရှားရာမှ နေထိုင်သူများနှင့် တရားရုံး ဘီလစ်တို့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မြေကွက်မှာ ပိုင်ရှင်ဖြစ်သူ ဒေါ်နီ၏မြေး၊ မိသားစုများနှင့် ဒေါ်နီ၏ နောက်အိမ်ထောင်ဖက်မှ တူဖြစ်သူတို့အပြိုင် တရားရင်ဆိုင်နေသော မြေကွက်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး တရားရင်ဆိုင်လာသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး မြို့နယ်တရားရုံး အမိန့်ချမှတ်ခဲ့သည်ကို ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ ပြောင်းရွှေ့ခံထားရသည့် ဒေါ်နီ၏မြေး၊ မိသားစုများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တင်ထားကြောင်းနှင့် ဖယ်ရှားစဉ် မြို့နယ်တရားရုံးသို့ အယူခံစာများ လျှောက်ထားခြင်းတို့ကြောင့် တရားရုံးမှ လာရောက်ခြံခတ်မှုများကို ခေတ္တဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
"နှစ်ပေါင်းများစွာ နေထိုင်လာပြီး နေရာဖယ်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်ကြားသိ ရသလောက်တော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ဒဏ်ငွေလောက်ပဲ ချတာများပါတယ်။ အခြား ကိစ္စတွေမှာတော့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာ အပြင်ဘက်ကနေ ဖြေရှင်းတာတွေ ရှိပါတယ်။ ဥပမာ ထွန်တုံးတိုက်ပွဲတို့၊ မိကျောင်းကန် ကိစ္စတွေမှာလိုပေါ့။ မြို့ပြမြေ ပိုင်ဆိုင်ခွင့် ကိစ္စတွေကို ပုဂ္ဂလိက အချင်းချင်း ဖြစ်တာတွေ ရှိတယ်။ ဖယ်ခိုင်းတာတွေတော့ ရှိတာပေါ့။ ဥပမာ အမွေကိစ္စတွေမျိုးဆိုရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်နိုင်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ နေရာတိုင်းမှာ ရှိနေတော့ ဒီကိစ္စတွေမှာလည်း ရှိနိုင်ပါတယ်" ဟု ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။
အလားတူ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်မြေ ၁၃ ဧကကျော်ကို ၁၅၅ လမ်းနေ ဦးသန်းမြင့်ဆိုသူက အမွေဆက်ခံခွင့်နှင့် စီမံခန့်ခွဲမှုအရ ရန်ရန်အရှေ့ပိုင်းခရိုင် တရားရုံး ဆုံးဖြတ်သည်ဆို၍ အဆိုပါ ရပ်ကွက်အတွင်းရှိ ကန်ထရိုက်တိုက်များနှင့် နေအိမ်များ ဆောက်လုပ်မှု အချို့ကို စည်ပင်သာယာသို့ တင်ပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများ အနေဖြင့် မြို့နယ်ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ထံ သွားရောက်တင်ပြ တိုင်ကြားကြပြီး တာမွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်သို့ တင်ပြဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း နိုဝင်ဘာ ၁၆ ရက်ထုတ် မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့သည်။
ယင်းဖြစ်နှင့် ပတ်သက်၍ တာမွေကြီး (က+ဂ)ရပ်ကွက် ၁၅၅ လမ်းတွင် နေထိုင်သော ဦးသက်ဦးက "ကျွန်တော် ဒီရပ်ကွက်မှာ နေလာတာ ကြာပြီ၊ ဂရန်ရှိတဲ့ အိမ်တွေကတော့ လက်ချိုးရေလို့ ရတယ်။ နေလာတဲ့ သူတွေကလည်း ဘိုးဘွားပိုင်တွေက များတယ်။ တချို့က ဘိုးဘွားပိုင်တွေဆီကနေ တစ်ဆင့်ပြန်ဝယ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဦးသန်းမြင့်က အခုမှ အမွေထိန်းတယ် ဆိုပြီးတော့ ကန်ထရိုက် ဆောက်တာတွေ၊ အိမ်ရောင်းဝယ်တာတွေကို သူနဲ့ဆွေးနွေးပြီးမှ လုပ်ငန်းလုပ်ခိုင်းတယ်။ အဲ့လို မလုပ်ရင်တိုင်တယ်။ သူက (က+ဂ) ရပ်ကွက်ထဲမှာရှိတဲ့ မီးသတ်တို့၊ စာသင်ကျောင်းတို့ပါ သူ့အပိုင်မြေဆိုပြီးတော့ ပြောနေတယ်။ အဲ့ဒီမြေတွေက အရင်ကတည်းက ကျောင်းဆရာတစ်ယောက် လှူဒါန်းထားခဲ့တဲ့ မြေဆိုတာ အရင်နေထိုင်ခဲ့တဲ့ သူတွေအကုန်လုံး သိတယ်။ အခုလက်ရှိမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂရမ်ရှိတဲ့ သူတွေကို ဘာမှ ပြုလုပ်တာ မရှိသေးဘူး။ တကယ်လို့ သူက လာပြောလာခဲ့ရင်လည်း ကိုယ့်မှာရှိတဲ့ အထောက်အထားတွေကို ပြပြီးတော့ တုံ့ပြန်သွားဖို့ ရှိတယ်" ဟု ပြောကြားသည်။
သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ် . . . . . .
ထို့အတူ ၁၅၅ လမ်းအတွင်း နေထိုင်သော ဦးအောင်ကလည်း "ကျွန်တော်ဒီမှာ နေတာက နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိပြီ၊ ဒီဝင်းကြီးထဲမှာရှိတဲ့ မြေကွက်တော်တော် များများက အရင်တုန်းက မြင်းလောင်းတဲ့သူတွေ၊ မြင်းပွဲကစားတဲ့ သူတွေ နေခဲ့တာ။ အခု ကျွန်တော်နေတဲ့ မြေကိုလည်း ပန်းစိုက်တဲ့ မိသားစုတစ်စုက မြင်းသမားတွေဆီက ပြန်ဝယ်တယ်။ အဲ့ဒီသူတွေကတစ်ဆင့် ကျွန်တော်က ပြန်ဝယ်ထားတယ်။ အမည်ဂရန်ပေါက် မရှိပေမယ့် ဘယ်အချိန်တုန်းက ၀ယ်ခဲ့တယ်။ ဘယ်လောက်နဲ့ ၀ယ်ခဲ့တယ်။ ဘယ်သူ့ဆီက ၀ယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ပြနိုင်တယ်။ ဒီလို အခြေအနေတွေ ရှိတာတောင် ၂၀၀၈ နာဂစ် မတိုင်မီက ရောက်လာတဲ့သူ ရောက်လာပြီး ခြောက်နှစ်လောက်ပဲ နေရသေးတဲ့သူက ဘိုးဘွားပိုင်မြေတွေကို ထိန်းတဲ့ပုံစံနဲ့ ပြောတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အထောက်အထားတွေကိုလည်း တရားဝင် မဟုတ်ဘူးလို့ ပြောတယ်။ အခု အခြေအနေတွေ ဖြစ်အောင်တော့ သူ့တစ်ယောက်တည်းနဲ့ လုပ်နိုင်မယ်လို့တော့ မထင်ဘူး။ သူ့နောက်ကွယ်မှာ ထောက်ပံ့ပေးနိုင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိနေတယ်လို့ ထင်တယ်" ဟု ဆိုသည်။ ၁၅၆ လမ်းတွင် နေထိုင်သော ဦးမျိုးဝင်းကလည်း "အခု ကျွန်တော်တို့ အိမ်ကိုလည်း အခန်းပေး အခန်းယူ လုပ်ပြီးတော့ ကန်ထရိုက် ဆောက်မယ်ဆိုပြီးတော့ လုပ်ထားတာ။ ကန်ထရိုက်ယူပြီး ဆောက်နေတဲ့ တိုက်သုံးလုံးလောက် ရှိတယ်။ အဲ့ဒီ အဆောက်အဦးတွေ အကုန်လုံးက ဦးသန်းမြင့် ကန့်ကွက်ထားလို့ ဖြေရှင်းနေရတယ်။ တကယ်လို့ ကျွန်တော်သာ ကန်ထရိုက်ယူပြီး ဆောက်ပြီဆိုရင် လက်ရှိအိမ်ကို ဖျက်ပြီးမှ ဆောက်ရမှာ ဖြစ်တဲ့အတွက် အိမ်ငှားနေရမှာ အဲ့လိုအချိန်မှာ သူ့ဘက်က ကန့်ကွက်တာတွေ ဖြစ်လာခဲ့ရင် ကိုယ်ပဲနစ်နာတယ်" ဟု ဆိုသည်။
ယင်းသို့ မြေယာနှင့် ဆက်စပ်ဖြစ်ပွားနေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနအနေဖြင့် မည်သို့ဖြေရှင်း ပေးမည်ကို မေးမြန်းကြည့်ရာတွင် "သင်္ဃန်းကျွန်း ဒေါ်နီလမ်း မြေကွက်ကိစ္စကလည်း သူတို့အချင်းချင်း အမွေဆိုင် ကိစ္စတွေ ဖြစ်တာပါ။ ဌာနနဲ့ မဆိုင်ပါဘူး။ သူတို့က တရားရုံးက အနိုင်ဆိုတော့ တရားရုံးက အနိုင်ရတဲ့သူကို အပ်ဝရမ်းနဲ့ ဘီလစ်ကနေပြီးတော့ အပ်ရတယ်။ လုပ်ထုံးလုပ်နည်းအရ လုံခြုံရေးအတွက် ရဲတွေဘာတွေ ယူပြီးတော့ ဘီလစ်ကနေ တရားနိုင်တဲ့သူကို လက်ရောက်အပ်ရတယ်။ သိရသလောက်တော့ အဲဒီအချိန်မှာ အမွေဆိုင်တွေကလည်း ခြံထဲမှာ နေထိုင်တော့ ၀ိုင်းဝန်းကန့်ကွက်တာပါ။ ဦးတို့ ဌာနနဲ့လည်း မဆိုင်ပါဘူး။ ဂရန်ထုတ်ပေးတဲ့ အဖွဲ့လည်း မဆိုင်ပါဘူး။ သူတို့က ဘိုးဘွားပိုင်မြေပါ။ ဂရန်မြေ မဟုတ်ပါဘူး။ ဂရန်ထုတ်ပေးထားတာ မရှိပါဘူး။ သူတို့အချင်းချင်း အမွေဆိုင်တွေ ဖြစ်တာပါ။ တရားရုံးက အမှုနိုင်တဲ့သူကို လက်ရောက်အပ်ရမှာပါ" ဟူ၍ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
မြေယာပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက် မည်မျှမှန်ကန်မှု ရှိနိုင်သည်မှာ များစွာအရေးပါနေပြီး တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်းသည် မမှန်ကန်နိုင်ကြောင်း အမှုဖြစ်စဉ်များတွင် မြို့နယ်၊ ခရိုင်တရားရုံးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၏ ဆုံးဖြတ်ချက်များသည် မကြာခဏ ဆိုသလို ကွဲလွဲမှုများ ရှိနေသည်က တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်း မမှန်ကန်နိုင်ကြောင်းကို သက်သေပြနေကြောင်း၊ အချို့အမှုများသည် မြို့နယ်ခရိုင် အဆင့်များတွင် အမှုရှုံးသော်လည်း တိုင်းဒေသကြီး တရားလွှတ်တော်အဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်များတွင် အနိုင်ရရှိခဲ့သည့် အမှုများလည်း ရှိနေကြောင်း၊ ထို့ကြောင့် မြေယာဖြစ်စဉ် အမှုများတွင် တရားရုံး ဆုံးဖြတ်ချက်တိုင်း မမှန်နိုင်ကြောင်း အချို့သော အမှုများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေနိုင်သဖြင့် သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နိုင်မှသာ ပြည်သူများ မနစ်နာမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ တစ်ဦးက သုံးသပ်ခဲ့သည်။
ရှေ့နေ ဦးကျော်ဟိုးက "မြေနေရာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ရှိရင် တရားရုံးက အမိန့်ချမှတ်မှုတွေမှာ အသေးစိတ် တိကျမှုတွေ ရှိရမယ်။ သူ့ဘာသာ နှစ်ဘယ်လောက်ပဲ နေနေ။ ပိုင်ဆိုင်မှုဆိုတဲ့ အထောက်အထားတွေကို တရားခွင်တွေမှာက အဓိကကျတယ်။ ပြီးတော့ ဘိုးဘွားမြေတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းက စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး" ဟု ပြောကြားသည်။
ရှေ့နေ ဦးကိုနီကလည်း "ဒီမြေယာ ပိုင်ဆိုင်မှုတွေ ဆိုတာတာ သဘောထား မတူညီရင် တရားရုံးမှာ ဖြေရှင်းပေါ့။ နောက်ပြီး တရားရုံးက တရားမ ကျင့်ထုံးမှာ ပါတဲ့အတိုင်း စီစဉ်မယ်။ တရားစွဲတဲ့သူ နိုင်၊ မနိုင်ကိုပေါ့။ တရားစွဲဆိုတဲ့သူက ပိုင်ဆိုင်မှုဆိုတဲ့ အချက်အလက်တွေကို ပြနိုင်ဖို့ လိုတယ်ပေါ့ဗျာ။ ကျူးကျော်တို့ မေတ္တာနဲ့ အခမဲ့ နေခိုင်းတာတို့ အမှုတွေမှာလည်း ဖယ်ရှားခိုင်တဲ့သူက အဓိက သက်သေထူဖို့ လိုတယ်။ အဲဒါကတော့ သက်သေပါပဲ" ဟု ဆိုသည်။
သမ္မတက ခန့်ထားပေးသူ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအား "လာဘ်ငွေယူကာ၊ အာဏာ အလွဲသုံးစား လုပ်မှု" ဖြင့် လွှတ်တော်၏ စွပ်စွဲမှုကို ရင်ဆိုင်ခဲ့ရသည်။ စွပ်စွဲခံရသူ ပြည်နယ်တရားသူကြီး ဒေါ်စီစီမှာ ၂၀၁၁ ခုနှစ်၊ မတ်လတွင် နိုင်ငံတော် သမ္မတ၏ အမိန့်အရ ခန့်အပ်တာဝန်ပေးထားသူ တစ်ဦးဖြစ်ပြီး သြဂုတ် ၂၆ ရက်ကပင် ကျင်းပလျက်ရှိသည့် ရခိုင်ပြည်နယ် လွှတ်တော်ပထမအကြိမ်၊ သတ္တမပုံမှန် အစည်းအဝေး၌ ကိုယ်စားလှယ် ၁၄ ဦးတို့က ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စဖြင့် ငွေလိမ်သူ တစ်ဦးအပေါ် လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု စွပ်စွဲပြစ်တင် ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး အခြားအရေးယူမှုများ မရှိခဲ့သည်ကို တွေ့ရသည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အောက်တိုဘာ ၂၆ ရက်နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားသူကြီးများနှင့် တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာများကို မှာကြားရာတွင် "တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်သော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင် စေရေးအတွက် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တရားစီရင်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၇-၈-၂၀၁၃ ရက်က ပြဋ္ဌာန်းခဲ့ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေရာ လာဘ်ပေးလာဘ်ယူမှုများကို လုံးဝရှောင်ကြည် ကြရန်နှင့် တရားဥပဒေ စိုးမိုးရေး တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင်စေရေးတို့အတွက် နိုင်ငံတော်က ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်" မှာကြားခဲ့သည်။
တရားဥပဒေ စိုးမိုးရေးမှာ အရေးကြီးဆုံးဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လစဉ်ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ်ကြောင်း ဥပဒေ ပညာရှင် အချို့က သုံးသပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်၌လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်ကာ အသစ်ဖွဲ့စည်းခဲ့ပြီး တစ်ပတ်အတွင်း ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေများ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် တရားမ၀င် ၀င်ရောက်လာသူများအား တားဆီးရန် နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေး အဖွဲ့အား တာဝန်ချထား

O-17-11
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကင်းစခန်းများတွင် တရားမ၀င် ခိုးဝင်လာသူများအား စောင့်ကြည့်ရန် မီးမောင်းများ တပ်ဆင်ထားစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် တရားမ၀င် ၀င်ရောက်လာသူများအား တားဆီးနိုင်ရန် (မကဖ) ၀န်ထမ်းများက တာဝန်ထမ်းဆောင်နေကြပြီး မြို့နယ်အတွင်း အိမ်ထောင်စုစာရင်း ကောက်ခံမှု လုပ်ငန်းများအား ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အနောက်ဘက်ဒေသ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) အရာရှိ ဦးသိန်းတန်က ဆိုသည်။
"တရားမ၀င် သွားလာမှုကို ကာကွယ်တားဆီးဖို့ရယ်၊ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ဟာဖြစ်လို့ အိမ်ထောင်စု လူဦးရေ စစ်ဆေးမှုတွေကိုတော့ ယခင်နှစ် ကတည်းကလို အပြောင်းအလဲမရှိ လုပ်နေပါတယ်။ အခု (မကဖ) ၀န်ထမ်းတွေကို ခိုးဝင်ခိုးထွက် ရှိနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချောင်းပေါက်တို့ ကင်းစခန်းတို့မှာ တာဝန်ချထား ပေးပြီးတော့ ခိုးဝင်ခိုးထွက်မှု မရှိအောင် ဆောင်ရွက်နေပါတယ်" ဟု ဦးသိန်းတန်က ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံ အတွင်းရှိ ကင်းစခန်းများတွင် မီးမောင်းများ တပ်ဆင်ထားပြီး ညအချိန် ခိုးဝင်ခိုးထွက် လာမှုများအားလည်း ကာကွယ်ထားကြောင်း သိရသည်။ သို့ရာတွင် ခေတ်မီ စက်ယန္တရားများ၊ စပိဘုတ်များ တပ်ဆင်ထားရှိခြင်း မရှိသေးကြောင်းနှင့် ခိုးဝင်လာသူများအား လိုက်လံဖမ်းဆီးခြင်းများ မလုပ်နိုင်သဖြင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအား ခေတ်မီစက်ယန္တရားများ၊ အမြန်ရေယာဉ်များ တပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်းလည်း မောင်တောမြို့ခံများက ပြောသည်။ အနောက်ဘက် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) များကို ၀န်ထမ်းအင်အား ၃၅၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

OIC အဖွဲ့ စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့အချို့နှင့် ပုသိမ်၊ ပဲခူး၊ ပခုက္ကူ၊ ကလေးမြို့များတွင် ပြည်သူထောင်ပေါင်း များစွာက OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြ

11.15.16
နိုဝင်ဘာ ၁၅ ရက်က စစ်တွေမြို့တွင် OIC ၏ ခရီးစဉ်အား ကန့်ကွက်ဆန္ဒပြနေ ကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
နိုဝင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောမြို့များသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်ခဲ့သည်ဟု သိရပြီး ၎င်းတို့၏ ခရီးစဉ်အပေါ် ရခိုင်ပြည်နယ် အတွင်းရှိ မြို့အချို့နှင့် ပုသိမ်၊ ပဲခူး၊ ပခုက္ကူ၊ ကလေးမြို့များတွင် ပြည်သူထောင်ပေါင်း များစွာက OIC အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။
OIC အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာကာ ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် အတွင်းရှိ အကြမ်းဖက် မီးရှို့မှု ဖြစ်ပွားခဲ့သော ကျေးရွာများသို့ သွားရောက်ခဲ့ပြီး မြေပုံ၊ ပေါက်တောနှင့် စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကာ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
စစ်တွေလေယာဉ်ကွင်းရှေ့တွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး OIC ထွက်သွား၊ OIC အလိုမရှိဟု ကြွေးကြော်ခဲ့ကြကြောင်းနှင့် ဆန္ဒပြပွဲသို့ သံဃာတော်နှင့် လူအင်အား ၃၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမောင်နုက ''အခုကန့်ကွက်တာက OIC မြန်မာနိုင်ငံကို မလာဖို့၊ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့်မပေးဖို့၊ ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း အလိုမရှိ ဆိုတာကို ထုတ်ဖော်ပြသတာ ဖြစ်တယ်။ နယ်ချဲ့ဝါဒနဲ့ ပတ်သက်ရင် လုံးဝအလိုမရှိဘူး။ သူ့မှာနိုင်ငံ ဘယ်လောက်ပဲရှိစေ လုံးဝအလိုမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး။ ဘင်္ဂါလီတွေပဲ ရှိတယ်'' ဟု ပြောကြားသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ၁၅ ရက်၌ ဆန္ဒပြရန် ခွင့်ပြုချက် မရသည့်အတွက် လူ ၂၀၀ ခန့်က အိုအိုင်စီကန့်ကွက်သည့် စာသားများ ရေးသားထားသော စာရွက်များကို ချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းများကို လွှင့်တင်ခဲ့ကြောင်းနှင့် တောင်ကုတ်မြို့တွင်လည်း ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် မှုများကြောင့် ရဲများက တားဆီးပိတ်ပင်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့မှ ဒေသခံတစ်ဦးကလည်း ''ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြုချက်ရတာက ၁၆ ရက် ဖြစ်နေတာကြောင့် မိုးပျံပူပေါင်းတွေမှာ OIC ကန့်ကွက်စာတွေ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ မနက်ဖြန်မှာ ငြိမ်းချမ်းစွာ စီတန်းဆန္ဒ ထုတ်ဖော်သွားဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။
OIC အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်တွေလေဆိပ်တွင် ခဏတာတွေ့ဆုံပြီး မောင်တောမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တွေ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ OIC ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မောင်တောမြို့သို့ နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် စစ်တွေမှတစ်ဆင့် ရဟတ်ယာဉ် နှစ်စင်းဖြင့် ရောက်ရှိလာရာ ဒေသခံတိုင်းရင်းသား ၃၀၀ ခန့်က OIC ကို အလိုမရှိကြောင်း ပိုစတာများ ကိုင်ဆောင်ကာ လမ်းမကြီးတစ်လျှောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ OIC အဖွဲ့သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ်ဘာသာဝင် မော်လ၀ီများ အပါအ၀င် ဘင်္ဂါလီ ၃၀ ဦး၊ တိုင်းရင်းသား ၃၀ ဦးတို့နှင့် တစ်နာရီကြာ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြို့မိမြို့ဖ ဦးထွန်းအေးသိန်းက ''OIC အဖွဲ့ လာရောက်တဲ့အခါမှာ ပြည်ထောင်စု ၀န်ကြီးတွေလည်းပါတယ်။ OIC အဖွဲ့ခေါင်းဆောင် ပြောတာကတော့ သူတို့ဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေမခံတဲ့အကြောင်း၊ ကူညီမှုသက်သက် ဖြစ်ကြောင်း ပြောတယ်။ ကျွန်တော်တို့ တင်ပြတာကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိတဲ့အကြောင်း၊ ရိုဟင်ဂျာလို့ အမည်တပ်လာတာ ဟာလည်း ဒီမှာပြစ်မှု ကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ သူတွေက အမည်သစ်တစ်ခု တပ်လာတာ ဖြစ်ကြောင်းနဲ့ OIC အနေနဲ့ ရိုဟင်ဂျာ အမည်ကို အသုံးမပြုဖို့ ပြောခဲ့ပါတယ်။ နောက်တစ်ချက်က နိုင်ငံတကာ အကူအညီ ၀င်နေတာ အနှစ်၂၀ လောက်ရှိပြီ ဖြစ်ပေမယ့် တိုင်းရင်းသားတွေအတွက် ဘာတစ်ခုမှ လုပ်ပေးတာ မရှိဘူး။ အကူအညီလည်း မရဘူး။ ဒါကြောင့် OIC ကူညီဖို့အတွက် ၀င်လာဖို့ မလိုဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်တာ တွေဟာ မောင်တောဒေသမှာ ဘင်္ဂါလီ လူဦးရေ အဆမတန် များလာတာကြောင့် ဖြစ်တာ။ ဒါကြောင့် ကူညီမယ်ဆိုရင် လူဦးရေ ထိန်းချုပ်ဖို့မှာ ကူညီဖို့ ဖြစ်ကြောင်းနဲ့ ကူညီမယ် ဆိုရင်တောင် ညီညီမျှမျှ မကူညီရင် နောက်ထပ် ပြဿနာ ထပ်ဖြစ်လာမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်'' ဟု ပြောကြားသည်။
OIC အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကန့်ကွက်မှုများသည် အခြားမြို့ကြီးများ ဖြစ်သည့် ပုသိမ်၊ ပဲခူးနှင့် ပခုက္ကူ၊ ကလေးမြို့များတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး ရဟန်းရှင်လူ ထောင်ပေါင်းများစွာက ပါဝင်ဆန္ဒ ပြခဲ့ကြသည်ဟု သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် သံဃာတော်များနှင့် ပြည်သူများ စုပေါင်း၍ OIC အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည့်အပေါ် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ ကျုံပျော်မြို့များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ သံဃာတော် အပါး ၃၀၀၀ ကျော်နှင့် ပြည်သူအင်အား ၅၀၀ ကျော်တို့မှ ပုသိမ်မြို့ လယ်တီကျောင်းတိုက်မှ စတင်စုဝေးကာ လှည့်လည်ခဲ့ပြီး ''OIC အလိုမရှိ''၊ ''OIC Get Out'' ၊ ''OIC ကို လက်မခံ'' ၊''OIC ကို ဖိတ်ခေါ်သူကို ဆန့်ကျင်ကြ'' စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ OIC ကို ကန့်ကွက်ကြောင်း လက်ကိုင်စာတမ်းများ ကိုင်ဆောင်လျက် တောင်းဆိုဆန္ဒ ပြခဲ့ကြောင်း သိရသည်။
''အခုလို ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ OIC ရုံး စိုက်တာကို အလိုမရှိဘူး။ မြန်မာ့ပြည်တွင်းရေးကို OIC မှ မဟုတ်ဘူး။ ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်တာကို လက်မခံဘူး။ မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အရေးကို တိုင်းရင်းသား အချင်းချင်းပဲ ဖြေရှင်းမယ်။ ပြီးတော့ ကိုယ့်အမျိုး ကိုယ်ဘာသာကို ထိန်းသိမ်းဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင်သန်းထိုက်က ပြောကြားသည်။
11.15.16
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် OIC အထွေထွေ အတွင်းရေးမှူး Ekmeleddim Ihsanoglu အား စစ်တွေလေဆိပ်အတွင်း တွေ့ရစဉ်
ပဲခူးမြို့တွင် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်မှစ၍ OIC ခရီးစဉ်နှင့် ပတ်သက်၍ သံဃာတော်အပါး ၁၀၀၀ ခန့်မှ ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုအား ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် ရန်ကုန်- မန္တလေး ကားလမ်းမမှ စတင်ပြီး ပဲခူးမြို့ တောင်ဘက်အထွက် ပင်စီလမ်းဆုံအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် ပရိယတ္တိ စာသင်တိုက်များမှ သံဃာတော်များသည် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် OIC ရုံး ဖွင့်လှစ်ခြင်းအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့ပေါ် စာသင်တိုက် အသီးသီးမှ သံဃာတော်များသည် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အလိုမရှိ၊ မြန်မာနိုင်ငံတွင် OIC အလံ အစိုက်မခံနိုင်ပါ၊ ဗုဒ္ဒဘာသာ၊ လူမျိုး၊ နိုင်ငံ ကာကွယ်စောင့်ရှောင့်ကြ၊ OIC ထွက်သွား အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ OIC ထွက်သွား၊ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် လက်မခံ၊ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်မခံ၊ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ကာကွယ်ကြ၊ ဘင်္ဂါလီ မွတ်စလင်များ မြန်မာနိုင်ငံမှ ထွက်သွား အစရှိသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ခဲ့ကြပြီး အမှတ် (၁) ရပ်ကွက် ၊ ဖောင်တော်ဦးဘုရား ပရိဝုဏ်အတွင်း စုရုံး၍ OIC ကန့်ကွက်ပွဲ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။
''OIC ရုံးဖွင့်မယ့် ကိစ္စကို ဦးဇင်းတို့က အမြဲကန့်ကွက်ခဲ့တယ်။ အခုလည်း ထပ်ပြီး ကန့်ကွက်တယ်။ အမျိုးဘာသာ၊ သာသနာကို ထိခိုက်စေတဲ့ ပြည်ပအဖွဲ့အစည်း တွေကိုပဲ ကန့်ကွက်သွားမှာ မဟုတ်ဘူး။ ပြည်တွင်းကနေ ထောက်ပံမှုတွေ လုပ်နေတဲ့ တခြားအဖွဲ့အစည်း တွေကို သံဃာထုကနေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်သွားမယ်'' ဟု ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ ဦးဝိဇယက မိန့်ကြားသည်။
အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အား ဆန့်ကျင် ဆန္ဒပြမှုကို စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင်လည်း နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ကျင်းပခဲ့သည်ဟု သိရသည်။
''OIC မြန်မာနိုင်ငံ လာရောက်တာကို ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရုံးဖွင့်ခွင့် တောင်းထားတာ ရှိတယ်။ မြန်မာနိုင်ငံတွင်း ဘယ်နေရာမှာမှ ရုံးခန်းမဖွင့် စေချင်ဘူး'' ဟု အဆိုပါပွဲကို ဦးဆောင်ခဲ့သူ ဦးဇေယျာက ပြောကြားသည်။
ကလေးမြို့တွင် ပြုလုပ်ခဲ့သည့် OIC ဆန့်ကျင် ဆန္ဒပြပွဲကို ရဟန်းရှင်လူ ၄၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)