Tuesday, November 11, 2014

ရခိုင်တို့ရဲ့ “ ရခိုင်အသံ” ထွက်ပြီ


voice-Arakanရခိုင်ပြည်နယ် အတွက် လစ်ဟာနေတဲ့  ကွက်လပ် တစ်ခုကို ဖြည့်ဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင် သတင်းသမားအချို့ ဦးစီး ထုတ်ဝေတဲ့ “ ရခိုင်အသံ- The Voice of Arakan” ဂျာနယ်ဟာ ဒီကနေ့ နိုဝင်္ဘာလ ၉ ရက်နေ့မှာ စတင် ထွက်ရှိလာပြီ ဖြစ်ပါတယ်။
“ ရခိုင်အသံ ဂျာနယ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ လွတ်လပ်တဲ့ ပုဂ္ဂလိက ပုံနှိပ် မီဒီယာတွေ မရှိသေးတဲ့ အတွက် အဲဒီ လစ်လပ်နေတဲ့ နေရာကို အားဖြည့်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်ပီး ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  ခုလို ထုတ်ဝေရတာ ဖြစ်တယ်” လို့ ရခိုင်အသံ အယ်ဒီတာ မောင်လိုင် (လမု)က ဒီကနေ့မှာ နိရဉ္စရာ သတင်းဌာနကို ထုတ်ဖေါ် ပြောကြားပါတယ်။
ဒါ့အပြင် ဂျာနယ်ကို ၂၀၁၃ ဒီနှစ် အတွင်းမှာ တစ်လကို  ၂ ကြိမ်နုန်းနဲ့ ထုတ်ဝေမှာ ဖြစ်ပြီး၊ ၂၀၁၄ ကစပြီး တစ်ပတ်တစ်ကြိမ် ထုတ်သွားမယ်လို့လည်းသူက ဆိုပါတယ်။
“ အခု ကျွန်တော်တို့က ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အတွဲ ၁၊ အမှတ် ၁ ကို စပြီး ထုတ်ဝေပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဒုတိယ အကြိမ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ နောက်နှစ်ကစလို့ တစ်ပတ် တစ်ကြိမ်နုန်းနဲ့ ထုတ်ဝေသွားမှာပါ” လို့သူက ပြောပါတယ်။
ရခိုင် ပရိတ်သတ်တွေရဲ့ လတ်တလော တုန့်ပြန်မူ အခြေအနေတွေကိုမေးမြန်းရာမှာတော့ သူက ခုလို ရှင်းပြ ပြောဆိုပါတယ်။
“ စာစောင်ကို ၇ ရက်နေ့ ထုတ်မယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံနှိပ်စက်ဘက်က နည်း နည်းအား နည်းသွားတဲ့အတွက် ၉ ရက်နေ့မှ ထုတ်ရတယ်။ အဲဒီအချိန်က စာစောင်ကို ဖတ်လိုတဲ့ ရခိုင်ပြည်နယ် မြို့နယ် အသီးသီးက ပုဂ္ဂိုလ်တွေ ဖုန်းဆက်ပြီးတော့ လှမ်းမေးကြတယ်။ စာစောင် ဘယ်နေ့ ထွက်မှာလဲ။ ဘယ်နေရာမှာ ထွက်မှာလဲ ဆိုတာမျိုးပေါ့။ ရန်ကုန်က ရခိုင်ပရိတ်သတ်တွေကလည်း လှမ်းမေး ကြပါတယ်။ အခု လောလောဆယ်မှာ ကျွန်တော်တို့ ရန်ကုန်မှာ စဖြန့်နေပါပြီ။ ညနေပိုင်း ကားတွေနဲ့ ရခိုင်ပြည်နယ်ကို ပို့မှာပါ။ မနက်ဖြန် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စပြီးဖြန့်ပါမယ်။ ပရိတ်သတ် တွေကတော့ ကြိုပြီး အစောင် ၅၀ မှာတဲ့လူ။ အစောင် ၂၀ မှာတဲ့လူ စသဖြင့်ပေါ့လေ — အဲဒီလို တုန့်ပြန် မှုတွေတော့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
ရခိုင် အသံဂျာနယ် ထွက်ပေါ်လာဖို့အတွက် အဆင့်ဆင့် ဘယ်လိုကြိုးစားခဲ့ရသလဲ ဆိုတာကို မေးတော့ သူက အခုလို ရှင်းပြပါတယ်။
“ ဒီစာစောင် ထွက်ဖို့ အတွက် ပထမဆုံး ပြန်ကြားရေးကို ခွင့်ပြုချက် တင်ရပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က ယာယီခွင့်ပြုချက် အမှတ် (၆၀၂၀) နဲ့ကျွန်တော်တို့ ခွင့်ပြုချက်ကျပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ သတင်းထောက်တွေ၊ မူလရှိနေတဲ့ သတင်းထောက်တွေ၊ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရခိုင် သတင်းထောက်တွေနဲ့ ဆွေးနွေးပြီး သူတို့အကြံပြုချက်တွေကို ယူတယ်။ သူတို့ ကိုယ်တိုင်လည်း သတင်းတွေရရှိရေး အတွက် ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရခိုင်ပြည်နယ် မြို့နယ်တွေမှာ ရှိတဲ့ Citizen journalists တွေကို စုပြီး ကျွန်တော်တို့ သတင်းထောက် သင်တန်းတွေ ပေးပါတယ်။ သတင်းရေးတဲ့ အတတ်ပညာတွေကို သင်ပေးပြီး သူတို့ ကိုယ်တိုင်းကလည်း တစ်ခြား ပြည်မမှာ ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ ရေးကြတယ်။  ထိုနည်းတူစွာ အခုကျွန်တော်တို့ ရခိုင်အသံ သတင်းဂျာနယ်မှာ သတင်းတွေ ရေးပေးကြပါတယ်။ အခက်ခဲ တွေကတော့ ကျွန်တော်တို့မှာ နည်းပညာ အခက်အခဲရှိတယ်။ ဖြန့်ချီရေး အပိုင်းတွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ နောက်တခု အဓိကကျတာကတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တခြား ပြည်နယ် တွေနဲ့ နှိုင်းယှဉ်ရင် စာဖတ်အား နည်းနေတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျွန်တော်တို့ရဲ့ အကြောင်းအရာ စုံစုံညီညီကို သိရှိပြီး ဖွံ့ဖြိုးတိုးတက်မယ် ဆိုရင် စာများများ ဖတ်ဖို့လိုပါတယ်။”
အခု ဂျာနယ် စောင်ရေက ပထမဆုံး အကြိမ် ၂၀၀၀ ထုတ်ဝေတာ ဖြစ်ပြီး တစ်စောင်ကို ၃၀၀ ကျပ်နှုန်းနဲ့ ဖြန့်ချီ မယ်လို့ သူက ဆိုပါမယ်။ နောက်ပိုင်းမှာတော့ စာစောင်အရေအတွက် များလာတာနဲ့အမျှ ပြည်သူလူထု ဖတ်ရှု့နှိုင်တဲ့ ဈေးနဲ့ ဈေးနှုန်းကို လျှော့ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင် အသံဂျာနယ်ရဲ့  ထုတ်ဝေသူကတော့ ဒေါ်ခင်အေးမော် ( သတင်းထောက် မြတ်နိုးသာ)  ဖြစ်ပြီး အယ်ဒီတာချုပ်ကတော့ ကိုသိန်းလိုင် (ခေါ်) မောင်လှိုင် (လမု)က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
စာစောင်နဲ့ပတ်သတ်ပြီး ရခိုင်စာဖတ် ပရိတ်သတ်တွေကို ဘာများ ပြောချင်ပါသလို့ မေးတော့ ဂျာနယ်ရဲ့ အယ်ဒီတာ မောင်လိုင် ( လမု)က ………………
“ ဒီနေ့ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက် (ကွက်လပ်) လေးတစ်ခုကို ကျွန်တော်တို့ ဖြည့်ပေးခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ငွေကြေး၊ နည်းပညာ အဘက်ဘက်က ပြည့်စုံနေတာတော့ မဟုတ်ပါ။ သို့သော်လည်းဘဲ ကိုယ့်ရခိုင်ပြည်နယ်မှာ အမှန်တကယ်လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခု၊ ပြည်သူ လူထု နိုးကြားတက်ကြွလာဖို့ ပြည်သူလူထု အသိပညာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီစာစောင်ဖြန့်ချီိဖို့အတွက် ၀ိုင်းဝန်း အားပေးကြတဲ့ သူတွေကို ကျေးဇူးတင်သလို ပြည်သူလူထုအနေနဲ့လည်း ၀ယ်ယူ ဖတ်ရှု့ အားပေး ကြဖို့နဲ့ ဝေဖန် အကြံပေးကြဖို့ ကျွန်တော် တို့အနေနဲ့ အနူးအညွတ်မေတ္တာ ရပ်ခံပါတယ်” လို့ သူက ပြောဆိုသွားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: