Tuesday, November 18, 2014

ရမ်းဗြဲမြို့ကျက်သရေဆောင် ကိုယ်ရံတောင်စေတီတော် ကွန်ကရက်လမ်းအတွက် အကူအညီများလိုအပ်နေ

ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့ ကိုယ်ရံတောင် စေတီတော် တက်လမ်းအား ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့်တင် တည်ဆောက်နေရာ ယင်းလမ်းအတွက် အကူအညီများ လိုအပ်နေကြောင်း ကိုယ်ရံတောင်ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
“ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပီး ကိုယ်ရံတောင် စေတီတော် တက်လမ်းကို ကွန်ကရက်ခင်းနေပါတယ်။ ကျွန်တော်တို့ ကိုယ်ရံတောင် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူးပြီး လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလမ်းအတွက် အကူအညီတွေ လိုအပ်နေတဲ့ အတွက် ရမ္မာဝတီ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေး ရခိုင်သူ ရခိုင်သားများကို ပါဝင် ကူညီ လှူဒါန်းကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါတယ်” ဟု လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။
ကိုယ်ရံတောင် စေတီမှာ ရမ်းဗြဲမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ပြီး ယခင် ဘုရား တက်လမ်းမှာ လမ်းကြမ်း တစ်ခုသာ ဖြစ်သဖြင့် ဆိုင်ကယ်နှင့် မော်တော်ကားများဖြင့် စေတီသို့ တက်ရာတွင် အခက်အခဲရှိ၍  ဒေသခံများ၏ စုပေါင်း ထည့်ဝင် လှူဒါန်းငွေများဖြင့် ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
“ စေတီတော်ခြေရင်း တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းကနေ စေတီတော် တရောက် ကွန်ကရက်လမ်းခင်းမှာ ဖြစ်ပါတယ်။ အရှည်က ပေ ၂၃၀၀ ရှိပါတယ်။ ကုန်ကျစရိတ်က တစ်ပေ ၁၅ သိန်းနုန်းနဲ့ဆိုရင် သိန်း ၄၀၀ နီးပါးခန့်ကုန်ကျနိုင်ပါတယ်” ဟု သူက ဆိုသည်။
ကိုယ်ရံတောင် စေတီတော်သို့ တက်ရာ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရွှေဘုန်းပွင့်စေတီ၊ သစ္စာမဏ္ဍိုင်စေတီ၊ ရွှေရောင်စေတီ၊ ရွှေတော်မျှော် စေတီ၊ မြသပိတ်စေတီ၊ နေလစေတီ၊ နဂါးရုံဘုရား၊ ကျွန်းဦးပုညရှင်စေတီ၊ လောကသရဖူစေတီ၊ ၀ိဇ္ဖာမဟိဒ္ဓိကျောင်း၊ ခဏ္ဍသိမ်တို့ တည်ရှိသည်။
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ယင်းအပြင် အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့သော ရခိုင်တို့၏ နောက်ဆုံး ဘုရင် အဂ္ဂေါပုညရာဇာ (မဟာသမ္မတရာဇာ)၏ တန်ဆောင်းမိဘုရား မြသန္တာ၏ အုတ်ဂူမှာလည်း ကိုယ်ရံတောင်စေတီတက်ရာ လမ်းဘေးတွင် လွမ်းချင့်စဖွယ် တည်ရှိသည်။
ကူညီ လှူဒါန်းလိုသူများ အနေဖြင့် နာယက ဦးဘလှ (၀၉၄၂၁၇၂၆၀၈၃)၊ ဦးထွန်းကြည် (၀၉၄၂၁၇၂၆၀၇၀)တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: