Friday, June 14, 2013

ဖားရိုက်ထွက်ရာမှ မောင်တောနတလ ရွာသားတစ်ဦး ဓားထိုးခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နတလ စံပြကျေးရွာသားတစ်ဦး ဖါးရိုက်ထွက်ရာမှ ယမန်နေ့က ဓါးထိုး ခံရသည်ဟု သတင်း ရရှိသည်။
လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။
လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။
ဓါးထိုခံရသူမှာ မောင်တောမြို့နယ် ခရေမြိုင် နတလ စံပြကျေးရွာမှ  အဖ ဦးရွှေလုံး၊ အမိ ဒေါ်ခင်မြတို့၏သား ဗမာ လူမျိုး ဦးအောင်သန်း ဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသား တစ်ဦးက ယခုလို ပြောပြသည်။
“ ကိုအောင်သန်း အပါအ၀င် ရွာသား  ၉ ဦးက ညနေ ၈ နာရီခန့်မှာ ရွာသချိုင်းအနီးက လယ်ကွင်းတွေမှာ ဖါးရိုက်ထွက်ကြပါတယ်။ အဲသလို ဖါးရိုက်နေတဲ့  အချိန်မှာ အဲဒီ သချိုင်းကုန်း အောက်မှာ တည်ရှိတဲ့ ဘင်္ဂါလီရွာက ရွာသား ၂၀၀ ခန့်ထွက်လိုက်လာပါတယ်။ အဲဒါနဲ့ ဖါးရိုက်တဲ့ ရွာသားတွေက ပြန်ပြေးတော့ ကိုအောင်သန်း လမ်းမှားပြီး တစ်ယောက်တည်း လမ်းကွဲသွားတယ်။အဲဒီမှာ သူတို့ဆီမှာ ဓါးထိုးခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုအောင်သန်းမှာ ဓါးဒဏ်ရာဖြင့် ညနေ ၁၀ နာရီခန့်တွင် ရွာသို့ ပြန်ရောက်ရှိလာခဲ့ပြီး ရွာရှိ ကျန်းမာရေးဆေးခန်းတွင် ကုသနေသည်ဟု ပြောသည်။
“ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ ဆေးခန်းမှာဘဲ ကုသနေတယ်။ ရောက်တာနဲ့ သက်ဆိုင်ရာကို အမူဖွင့် တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဖြစ်ပွားခဲ့မူကို အပြင်သို့ သတင်း မပေါက်ကြားရန် ရွာသားများကို အာဏာပိုင်များက ပြောကြားထားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)


Monday, June 10, 2013

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားဘာသာစကား ရှစ်မျိုးဖြင့် လွှင့်မည်

နိုင်ငံပိုင် ရုပ်သံတစ်ခုဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တိုင်းရင်းသား ဘာသာစကား ရှစ်မျိုးဖြင့် ထုတ်လွှင့်မည့်အစီအစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ပထမဦးဆုံး ချင်းဘာသာနှင့် ကရင်ဘာသာစကားများကို စလွှင့်ပေးနေကြောင်း၊ ကရင်ဘာသာဆိုလျှင် အရှေ့ပိုး၊ အနောက်ပိုး၊ စကောကရင် ဆိုပြီးရှိကြောင်း၊ယခုလက်ရှိအရှေ့ပိုးနှင့် စလွှင့် မည်ဖြစ်ကြောင်း နောက်ကျန်သော ဘာသာများကို ဆက်လွှင့် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တိုင်းရင်းသားလူမျိုး ဘာသာစကား ၁၀၀ ကျော်လုံးကို လွှင့်နိုင်ဖို့ဆို ဘတ်ဂျက်ရှိဖို့ လိုအပ်တယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာ့အသံ ရေဒီယိုတွင်မူ တိုင်းရင်းသားဘာသာစကား ရှစ်မျိုး အစီအစဉ် ထုတ်လွှင့်နေပြီး ယခုမြန်မာ့ရုပ်မြင်သံကြားတွင်ပါ အလားတူ လွှင့်နိုင်ရန် ကြိုးပမ်းနေကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံရိုက်ကူးရေး ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပုဂ္ဂလိကပိုင်ဆိုင်သော Skynet ရုပ်သံဌာနတွင် တိုင်းရင်းသား Channel အစီအစဉ်များ ထုတ်လွှင့်နေပြီဖြစ်သည်ကို တွေ့ရသည်။ ယင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အစားအသောက်များ၊ ဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသားအကများ ထုတ်လွှင့်ပေးသည်။

အစိုးရပိုင် မီဒီယာများဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (Public Service Media) အဖြစ် ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်သော ဘတ်ဂျက် ၇၀ ရာခိုင်နှုန်းကို လွှတ်တော်က ချပေးရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန က ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူ၍ အဓိကလူမျိုးကြီး ရှစ်မျိုးရှိပြီး တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိသည်။

(သတင်းအရင်းအမြစ်- The Voice Weekly's Facebook page)

စစ်တွေ အထူးစီးပွားရေးဇုန်အတွက် အိန္ဒိယဒေါ်လာ သန်း ၁၅၀ ချေးမည်

အိန္ဒိယနိုင်ငံက စစ်တွေ အထူးစီးပွားရေးဇုန်တွင် ဘဏ်လုပ်ငန်းများ လုပ်ကိုင် ခွင့် ရရှိစေရန် ရည်ရွယ်၍ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ငွေချေးမည်ဟု ကမ်းလှမ်းထားကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ The Economic Times သတင်းစာက ရေးသားသည်။

အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Anand Sharma ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် ဆွေးနွေးချက်များအပေါ် အခြေတည်၍ ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်း အထူးစီးပွားရေးဇုန်စီမံကိန်းတွင် မြန်မာအစိုးရက သင့်တော် သည့် မြေနေရာ ချထားပေးရန် အိန္ဒိယက တောင်းဆိုထားသည်။

ဘဏ်လုပ်ငန်းနယ်ပယ်တွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် United Bank of India နှင့် State Bank of India တို့ကိုလည်း လုပ်ငန်းလုပ်ပိုင်ခွင့် များခွင့်ပြုရန် ဝန်ကြီး Anand Sharma က မြန်မာအစိုးရကို တိုက်တွန်းသည်။

မြန်မာ-အိန္ဒိယ ဖက်စပ် ဘဏ်လုပ်ငန်းနှင့် ငွေတိုက်စာချုပ်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်း နယ်ပယ်နှင့် ကုန်သွယ်ရေးကြား ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

(သတင်းအရင်းအမြစ်- The Voice Weekly's Facebook page)
2

မြန်မာ Blogger ညီအစ်ကိုမောင်နှမများ အတွက် သတင်းကောင်း

မြန်မာ Blogger ညီအစ်ကိုမောင်နှမများ အတွက် သတင်းကောင်းပါ။

ညီအစ်ကိုတို့ရဲ့ blog URL ကို ကိုယ်ပိုင် Domain သို့ Shwe Hosting မှာပြောင်းလို့ရပါတယ်။ အသေးစိတ်ကို ဒီမှာကြည့်လို့ရပါတယ် http://www.shwehosting.com/domain-for-blog/

Domain ဈေးနှုန်းများနှင့် Domain ရနိုင်၊မရနိုင်ကိုဒီမှာကြည့်လို
့ရပါတယ် http://www.shwehosting.com/domain-registration/

http://www.shwehosting.com တွင် Credit ကာဒ် များဖြင့် online တိုက်ရိုက်ဝယ်ယူလို့ရပါတယ်။ ကာဒ်မသုံးရင် မြန်မာပြည်မှာ ပိုက်ဆံပေးဖို့ မြန်မာပြည်ကိုယ်စာလှယ်ကိုဆက်သွယ်လို့ရပါတယ်။ contact us စာမျက်နှာမှာကြည့်ပါ။

Sunday, June 9, 2013

ရခိုင်ပဋိပက္ခ ၁ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

ပီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ တစ်နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ကိုစောနိုင်လင်းက RFA ကို အခုလိုပြောပါတယ်။
"သေဆုံးသွားတဲ့ ရခိုင်ပြည်သူပြည်သားတွေအားလုံးကို ကျနော်တို့က ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ အစီအစဉ်ကတော့ သံဃာ ၉ ပါးကို ဆွမ်းကပ်လှူပြီးတော့ ကျနော်တို့ ကျောင်းသူကျောင်းသားတွေက ရေစက်ချအမျှဝေတယ်"

အလားတူ ဆုတောင်းပွဲမျိုး ဒီကနေ့ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ဓညဝတီကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အသက်ဆုံးရှုံးခဲ့ကြရသူ ရဟန်းရှင်လူတွေအတွက် တစ်နှစ်ပြည့်မြောက်အဖြစ် အမျှပေးဝေ ဆုတောင်းမေတ္တာပို့သတဲ့ပွဲနဲ့ ပတ်သက်လို့  ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က RFA ကိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဒီဒုတိယအကြိမ် အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေဖြစ်တဲ့ ၁ နှစ်ပြည့်တဲ့ အခမ်းအနားတစ်ခုပါ၊ ဆွမ်းကျွေး အမျှဝေပြီးတော့ ကျနော်တို့ဒီမှာ ကျဆုံးသွားတဲ့ ရဟန်းပြည်သူ၊ မိဘပြည်သူတွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေက ဦးစီးဦးဆောင်ပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်”

ဒီအခမ်းအနားကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လည်း တက်ရောက်ခဲ့ပြီး လူတစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။
(သတင်းအရင်းအမြစ်- RFA)

မူဆလင်အမျိုးသမီး ၃ ဦး သေဆုံးရမှု ရခိုင်ပြည်နယ်အစိုးရ သတင်းစာရှင်းလင်း

မြောက်ဦးမြို့နယ်၊ ပုရိန်မူဆလင်ကျေးရွာ၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှု တွင် သေဆုံးသွားခဲ့သည့် မူဆလင် အမျိုးသမီး ၃ ဦးနှင့် ပတ်သက်၍ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်း၌ ပြည်နယ်အစိုးရ၊ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

စစ်တွေမြို့ရှိ၊ ပြည်နယ်ဥပဒေချုပ်ရုံးတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က သတင်းထောက်များအား ရှင်းလင်းပြောပြခြင်း ဖြစ်သည်။

“အဲဒီနေ့ ၁ နာရီလောက်မှာ လူစုလူဝေးနဲ့ ထွက်လာကြပြီးတော့ သူတို့အတွက် အိမ် လာဆောက်ပေးသူကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အပေါ်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ၄၀ မမ ရော်ဘာဗုံး ၁ လုံး၊ ၁၂ ဗို့ ၅ ချက် ပစ်ခတ် ခြောက်လှန်ခဲ့ရတဲ့အပြင် တပ်မတော်ကလည်း ရော်ဘာဗုံး ၁ လုံးနဲ့ ၄၀ ဗို့ ၅ ချက် ပစ်ခတ်ခြောက် လှန့်ခဲ့တယ်” ဟု ဦးလှသိန်း က ဆိုသည်။

ဆက်လက်၍ “ဆူပူသူတွေဟာ လူစုမကွဲဘဲ နောက်ထပ်စု ဝိုင်းလာကြတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ
မြင်ကွင်းအကန့်အသတ်တွေကြောင့် ဝင်စီးခြင်း မခံရအောင် ကိုက် ၃၀၀ အကွာ ကွင်းပြင်မှာ တပ်ဖြန့်ချထားခဲ့တယ်။ အဲဒီအချိန်မှာ ပုရိန်ရွာထဲမှာ ဆူပူအုံကြွသံတွေ ကြားနေခဲ့ရတယ်။ အသံတိတ်သွားချိန်မှာ မြောက်ဦး ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင် အမှုဆောင် အရာရှိတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ အတူပုရိန် ရွာထဲကို ဝင်ရောက် စစ်ဆေးတော့မှ ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရနေတာ တွေ့ရတယ်” ဟု ရှင်းပြခဲ့သည်။

သေဆုံးသူများမှာ ဒေါ်ခေါ်တေဇာ (ဘ) ဦးရှော်ဘီအာလောင် (၄၀နှစ်)၊ ဒေါ်နူမတ်(ဘ) ဦးအာလီအာမောက် (၅၀ နှစ်)နှင့် ဒေါ်အာလီနီဆပ် (ဘ) ဦးအီဆု (၂၅ နှစ်) တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရမှု အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။

“မီးလောင်ပျက်စီး သွားတဲ့ အိမ်တွေကို ပြန်ဆောက် ပေးမယ့် အစီအစဉ်အပေါ်မှာ ရွာသားတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ ဒီအပေါ်မှာသဘောမတူတဲ့လူစုက အိမ်ဆောက်ပေးတဲ့ အဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးစားတာ ဖြစ်တယ်။ သေဆုံးနေသူတွေဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြတယ်။ ခြောက်လှန့်ပစ်ခတ်လို့ သေတာလား၊ မိမိတို့ အချင်းချင်း တိုက်ခိုက်လို့ သေတာလား မသိနိုင်သေးဘူး။ သက်ဆိုင်ရာက သေမှုသေခင်း ဖွင့်ပြီး ဥပဒေနဲ့အညီ အရေးယူ စုံစမ်းနေပါတယ်” ဟု ဦးလှသိန်း က ပြောသည်။

သို့သော် ဇွန်လ ၄ ရက်နေ့ AFP သတင်းတရပ်တွင်မူ ဒေသခံ ရဲအရာရှိတဦးအား ကိုးကား၍ သေဆုံးသူများမှာ “ခြောက်လှန့် ပစ်ခတ်စဉ်” သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကိုမူ ခလရ (၂၈၉) တပ်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ ပြုစု စောင့်ရှောက်ပေးနေကြောင်း သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း က ဆိုသည်။

သတင်းစာရှင်းလင်းပွဲကို မနက် ၉း၃၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီထိ ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- မဇ္စျိမ၊ ရေးသားသူ- သိန်းလှိုင်)

မောင်တောဒေသမှာ ကလေးနှစ်ယောက် ကန့်သတ်မိန့် မထုတ်ပြန်ရသေး

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင်မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ဒီဒေသန္တရအမိန့် ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ သဘောထားကို ဦးင်းမြိုင်က အခုလို ပြောကြားပါတယ်။
"အမှန်ကတော့ ဒီသတင်းထုတ်ဖို့က အခုမှစီစဉ်တုန်းပဲရှိသေးတယ်၊ အပြင်ကိုထုတ်ပြန်ထားတာတော့ မရှိသေးဘူး၊ တကယ်တမ်းထုတ်လို့ရှိရင် ဒေသန္တရဆိုတာလည်း သူ့အမိန့်သူ့ဘာသာသူ ထုတ်လို့ရတယ်၊ ပြည်နယ်အစိုးရကိုလည်း တင်ပြစရာမလိုဘူး၊ ထုတ်ပြီးရင်တော့ ပြည်နယ်အစိုးရကို တင်ပြလို့ရတယ်ပေါ့၊ ပြည်နယ်နဲ့ နိုင်ငံလုံခြုံရေးအတွက်ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင်တော့လည်း သူ့ဥပဒေသူ ထုတ်နိုင်စရာအကြောင်းရှိတယ်ပေါ့၊ အခုချိန်မှာတော့ ဘာမှတော့မလုပ်သေးပါဘူး"
အဲဒီအမိန့်ကို အတည်ပြုထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေဆဲအချိန်မှာပဲ န်ထမ်းတစ်ချို့ကနေတဆင့် ပေါက်ကြားမှုကြောင့် အခုလိုသတင်းတွေ ပြန့်သွားရတာဖြစ်တယ်လို့ ဦးင်းမြိုင်က ဆိုပါတယ်။ အဲဒီဒေသန္တရအမိန့်အပေါ် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ မကြားသေးခင်ရက်ပိုင်းက စစ်တွေ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ လူဦးရေထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်။
ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဒီဒေသန္တရအမိန့်ဟာ လက်ရှိမှာ တရားဝင်အတည်ပြုထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။
(သတင်းအရင်းအမြစ်- RFA)

ကလေးကန့်သတ် ဒေသန္တရအမိန့် လုံးဝမရှိဟု ပြည်နယ်အစိုးရဆိုပြန်

လက်ရှိအစိုးရ လက်ထက်၌ ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက်ပို မမွေးရန် ကန့်သတ် ထားသော ဒေသန္တရအမိန့် လုံးဝမရှိကြောင်း ပြည်နယ်အစိုးရ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုလိုက်သည်။

ဇွန်လ ၆ ရက်နေ့ မနက် ၉ နာရီ ၃၀ က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ၌ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော် လေ့လာချက်အရ ဒီအစိုးရ လက်ထက်မှာ ဒီလို ကလေးနှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ အမိန့်မျိုး လုံးဝ မရှိဘူး” ဟု ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။

တလင် တမယား စနစ်သာ ကျင့်သုံးရန်နှင့် သားသမီး နှစ်ဦးသာ ယူရန် ဒေသန္တရအမိန့်ကို ဘူးသီးတောင်နှင့်
မောင်တောမြို့နယ်များအတွက် မေလ တတိယအပတ်အတွင်းက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း အဆိုပါ
ပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဦးဝင်းမြိုင် က မေလ ၂၂ ရက်နေ့တွင် မဇ္ဈိမကို
ပြောဆိုခဲ့သည်။

“ကုန်ခဲ့တဲ့ ရက်ပိုင်းကပဲ မောင်တောခရိုင်မှာ ဒီအမိန့်ကို ထပ်မံ ထုတ်ပြန်လိုက်တာပါ။ ဒါက အခုမှ ပြဋ္ဌာန်းတဲ့ အမိန့် မဟုတ်ဘူး။ အရင်ကတည်းက ရှိပြီးသား ဖြစ်တယ်။ စုံစမ်းရေး ကော်မရှင်ကလည်း မောင်တောခရိုင်မှာ တရားမဝင် ကလေးပေါက်ဖွားနှုန်း အရမ်းများနေတာကို ထောက်ပြထားတာလည်း ရှိတယ်။ ဒီအမိန့်ကို အကောင်အထည်ဖော်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဘူး” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်မူ ဥက္ကဋ္ဌ ဦးလှသိန်းက “ကျနော်တို့ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောဆိုချက်တွေကို ကျနော် ဘာမှ မပြောလိုဘူး။ ကျနော်က အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တာမို့တာဝန် ပိုရှိတယ်။ သေချာတာက ဒီအမိန့်နဲ့ အရေးယူခံထားရတာ တယောက်မှ မရှိဘူး” ဟု သတင်းထောက်များအား ပြောဆိုလိုက်သည်။

ထိုသို့ ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူများအကြား ကွဲလွဲစွာ သတင်းထုတ်ပြန်နေမှုများနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် အတွင်းရေးမှူး ဦးဝင်းမြိုင်သို့ မဇ္ဈိမက ဆက်သွယ်သော်လည်း မရရှိနိုင်သေးပေ။

မူဆလင် ဘာသာဝင်များ အများစု နေထိုင်ရာ မောင်တောခရိုင်တွင် အဆိုပါ ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးနှင့် နိုင်ငံရေး လှုပ်ရှားသူမျာအကြား ဂယက်များ ဖြစ်ပေါ် လာခဲ့သည်။

အကယ်၍ ထိုအမိန့်ထုတ်ပြန်ကြောင်း မှန်ကန်ပါက လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့သလို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ဝေဖန်ခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ NLD များကမူ ထိုအမိန့်ကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဇွန်လ ၅ ရက်နေ့ကလည်း စစ်တွေမြို့တွင် ဒေသခံများနှင့် သံဃာတော်များ စုပေါင်းကာ အင်အား ၃,၀၀၀ ခန့်ဖြင့် ထောက်ခံဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။

နေပြည်တော်ရှိ ဗဟိုအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်းအမိန့်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရန် ရှိကြောင်း ဗီအိုအေ အမေရိကန်အသံမှတဆင့် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြင်ဆင်ပြောဆိုမှုမှာ ဖိအားတစုံတရာ မရှိခဲ့ကြောင်း ဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိန်းလှိုင်)

Saturday, June 8, 2013

ရိုဟင်ဂျာတွေကို ဘယ်နိုင်ငံကမှ လက်မခံကြဘူးလို့ ထိုင်းအစိုးရပြော

ထိုင်းတောင်ပိုင်း ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေကို ဘယ်တတိယနိုင်ငံကမှ လက်မခံလိုကြဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ လပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်နှစ်ထောင်ခန့်ကို တတိယနိုင်ငံတစ်ခုခုကို လွှဲပြောင်းနေရာချထားဖို့ ကြိုးစားရာမှာ ဘယ်နိုင်ငံကမှလက်ခံဖို့ လိုလားတာမတွေ့ရကြောင်း၊ သူတို့အနေနဲ့ ဒုက္ခသည်တစ်စုကို လက်ခံခဲ့ရင် နောက်ထပ် ထောင်သောင်းချီပြီး ဝင်ရောက်လာမှာကို စိုးရိမ်နေကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မနာဆဗီ (Manasvi Srisodapol) က ပြောပါတယ်။
ထိုင်းအစိုးရဌာနတွေအနေနဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတဲ့ အခြေအနေကို သတိပြုမိကြောင်း၊ ဒုက္ခသည်စခန်းတွေရဲ့အခြေအနေ တိုးတက်လာဖို့ နည်းလမ်းတွေ ဆွေးနွေးရှာကြံနေကြောင်း လည်း ပြောပါတယ်။
ဒီစခန်းတွေက ရိုဟင်ဂျာတွေဟာ မနှစ်က ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး  လှေစီးရောက်ရှိ လာသူတွေလို့ သိရပါတယ်။ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံပိုင်နက်အတွင်း ရောက်ရှိလာခဲ့ရင် ထိုင်းရေတပ်က သူတို့ခရီးဆက်မယ့် မလေးရှားဖက်ကို လိုက်လံပို့ဆောင်ပေးတာရှိသလို ဆန္ဒရှိရင် ထိုင်းဖက်မှာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ်နဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ 
(သတင်းအရင်းအမြစ်- RFA)

မွတ်စလင် ဒုက္ခသည်တွေ နေရာပြောင်းရွှေ့ ဖို့ ငြင်းဆန်

rohingya-refugees-305.jpg
စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ အနောက်ဘက် ဒုက္ခသည်စခန်းတွေ မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို ပေါက်တောမြို့နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ရာမှာ မပြောင်းလိုကြပဲ ငြင်းဆန်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြား ပါတယ်။
စစ်တွေမြို့နားမှာ ဒုက္ခသည်စခန်းပေါင်း ၈ ခုဝန်းကျင်ရှိပြီး သဲချောင်းကျေးရွာအနီး ပေါက်တော ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပေါက်တောမြို့ မှာ ပြန်လည်နေရာချထားပေဖို့ စီစဉ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပါတယ်။
"ပို့မယ်ဆိုတဲ့အခါမှာ လူထုရဲ့သဘောထားကို ယူရတယ်၊ ခုနကပြောသလို  ပေါက်တောကလူတွေ က ပေါက်တောကို ပြန်ပါမယ်လို့ ပြောပြီးတော့ ကျနော်တို့က  သူတို့အတွက် နေရာချ၊ ချပြီးတော့ရှိရင် တဲဆောက်မယ့်နေရာတွေ  လုပ်ပြီးတဲ့အခါကျတော့ ရွေ့မယ်လို့သွားပြောတဲ့အခါကျတော့ မရွေ့တော့ဘူး၊  ကျနော်တို့ကတော့ နဂိုအစီအမံကတော့ အဲဒီလိုပါ၊ သူ့မြို့နယ်ကလူ  သူ့မြို့နယ်ပြန်သွားပေါ့၊ ကျနော်တို့က လည်း ပို့မယ့်အစီအစဉ်တော့ရှိတယ်၊  အခုထိတော့ အဲလိုဖြစ်နေတယ်"
စစ်တွေမြို့နားက ဒုက္ခသည်တွေကို မူရင်းမြို့နယ်မှာ ပြန်လည်နေရာချထားပေးဖို့အတွက် ဒုက္ခသည်တွေနဲ့ ကြိုတင်ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုတွေ ရရှိခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ပေါက်တောမြို့နယ်ဘက်က ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေဟာ စစ်တွေမြို့နားက စခန်းတွေမှာ ယာယီခိုလှုံနေကြတာဖြစ်ပြီး အခုလမကုန်မီ ဒုက္ခသည်တွေ အားလုံး အမိုးအကာအောက် ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေတာ ဖြစ်ကြောင်း သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA)