Tuesday, July 2, 2013

ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကြောင့် ထိခိုက်မှုစစ်တမ်းများ ချပြပြီးမှသာ ဓာတ်ငွေ့ပို့လွှတ်သင့်သည်ဟု စောင့်ကြည့်ရေးအဖွဲ့ဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ် နိုင်ငံကူမင်းသို့ ပို့လွှတ်မည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် နှင့်ဒေသခံတို့၏ လူမှုဘဝအပေါ် ထိခိုက်လာမည့် အခြေအနေများကို ကောက်ယူသည့် စစ်တမ်းအားချပြပြီးမှသာ ဓာတ်ငွေ့စပို့သင့် ကြောင်း စောင့်ကြည့်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းလေးခုမှ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာက ဖွဲ့စည်းခဲ့သည့် မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ (MCPWC) အဖွဲ့ဝင်များက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

စောင့်ကြည့်ရေးကော်မတီက စစ်တမ်းများကို ကုမ္ပဏီဘက်မှ ချပြခြင်းမရှိပါက ပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ရန်
ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုပိုက်လိုင်းသည် ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရန် ကိုရီးယားပိုင် POSCO ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သော ဒေဝူးအင်တာနေရှင်နယ်က သွယ်တန်းထားခြင်းဖြစ်ပြီး မကြာမီဓာတ်ငွေ့များ ပို့လွှတ် တော့မည်ဟု ကြေညာထားသည်။

ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန် လုပ်ကွက်နှစ်ခုမှ ဇွန်လ အတွင်း၌ စတင်ထုတ်လုပ်မည်ဟု လည်း ကို ရီးယားအခြေစိုက် Korea Herald သတင်း ဌာနက ဖော်ပြခဲ့ဖူးသည်။

''စစ်တမ်းတွေမရှိ၊ ပြည်သူလူထုကို ထုတ် ဖော်ပြတာမျိုးမရှိဘဲ ဒီပိုက်လိုင်းက ဓာတ်ငွေ့ ပို့လွှတ်ရင် ဘယ်အချိန် ထပေါက်မလဲ စသည် ဖြင့် လုံခြုံမှုမရှိဘူး၊ တာဝန်ယူမှုမရှိဘူး။ ပြည် သူလူထုကို အလေးမထားတာဘဲ'' ဟု Myanmar-China Pipeline Watch Committee (MCPWC) အဖွဲ့ဝင် ဒေါ်စနိုး က မဇ္ဈိမကို ပြောသည်။

တာဝန်ရှိသော ကုမ္ပဏီများက စစ်တမ်း များ မထုတ်ပြန်သော်လည်း စောင့်ကြည့်ရေး ကော်မတီ (MCPWC) က ပိုင်းလိုင်းကြောင့် ဒေသခံတို့၏ လူမှုဘဝအပေါ် သက်ရောက် မှုများကို စစ်တမ်းကောက်ယူလျှက်ရှိပြီး အစိုးရနှင့် ပြည်သူလူထုသို့ ချပြသွားမည်ဟု ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးတင်သစ် က ပြောသည်။

''ကုမ္ပဏီဘက်က EIA (သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း)၊ SIA (လူမှုဘဝ အပေါ် ထိခိုက်မှုစစ်တမ်း) လုပ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာမှသိသာအောင် ချမပြဘူး။ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောင်း တစ်လျှောက်မှာ လက်နက်ကိုင် တပ်တွေလည်း ရှိတယ်။ ပိုက်လိုင်းဖောက်ထားတာက စိုက်ပျိုးတဲ့မြေတွေမှာ အများစုဖောက်ထားတော့ ဒေသခံတွေက စိုးရိမ်ကြတယ်'' ဟု သုံးသပ် သည်။

ကျောက်ဖြူအနီးရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုမှ ထွက်ရှိသော ဓာတ်ငွေ့များကို တရုတ်အမျိုးသား ရေနံ
ကော်ပိုရေးရှင်းသို့ ရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကီလိုမီတာ ၈ဝဝ ရှည်သော ပိုက်လိုင်းမှတဆင့် ရောင်းချ မည် ဖြစ်သည်။ ယင်းပိုက်လိုင်းသည် မေလ ကုန်တွင် တည်ဆောက်ပြီးစီးမည်ဟု လည်း ကုမ္ပဏီက ကြေညာထားသည်။

ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသတစ်လျှောက်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်
ပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိနေပြီး ဆန္ဒပြ ခေါင်းဆောင်အချို့ကိုလည်း အာဏာပိုင်များ က အရေးယူမှုများလည်း ရှိ သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)
မူလသတင်းအားကြည့်ရန် ဤနေရာကို နှိပ်ပါ။ 

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ စမ်းသပ်ပို့လွှတ်စဉ် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောကြား

7.1.11
ပိုက်လိုင်းပေါက်နေသဖြင့် မြေတူးစက်ဖြင့် ပြန်လည်တူးဖော်နေစဉ် (ဓာတ်ပုံ- အောင်ရမ္မာ(ကျောက်ဖြူ))

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ စတင်စမ်းသပ် ပို့လွှတ်စဉ် ပိုက်လိုင်းရှိ အပေါက်ငယ်လေးများမှ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ သို့သော် ပိုက်လိုင်းသွယ်တန်းသည့် ကုမ္ပဏီဖြစ်သော SEAOP/SEAGP ကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးကမူ အဆိုပါကိစ္စ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

ဓာတ်ငွေ့စမ်းသပ် ပို့လွှတ်ရာမှာ ယိုစိမ့်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မမှန်ပါဘူး။ ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့ယိုစိမ့်မှုတွေ ရှိမနေပါဘူး။ ကျွန်မတို့ ကုမ္ပဏီဘက်က ဓာတ်ငွေ့ စတင်ပို့လွှတ်ဖို့ အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ဓာတ်ငွေ့ပို့လွှတ်ခွင့် အမိန့်စတင် ကျလာတာနဲ့ ပို့လွှတ်လို့ရပါပြီ...


''မြန်မာ-တရုတ် ပိုက်လိုင်းကနေပြီး တရုတ်ကို ဓာတ်ငွေ့ပို့လွှတ်ဖို့ အတွက် စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်ပါတယ်။ အခု hydro test စမ်းသပ်စဉ်မှာ ပိုက်လိုင်းမှာ အပေါက်ငယ်လေးတွေကနေ ယိုစိမ့်မှု ဖြစ်ပွားနေတာ တွေ့ရတဲ့အတွက် ဓာတ်ငွေ့ပို့လွှတ်တာကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။ အခု hydro test စမ်းသပ်နေတာက မဒေးကျွန်း ရေနက်ဆိပ်ကမ်းနဲ့ ကပ်လျက်ရှိတဲ့ ပိုက်လိုင်းမှာပါ။ ပိုက်လိုင်းတစ်လျှောက် မှာလည်း စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်'' ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြော ကြားသည်။
7.1.13
ဓာတ်ငွေ့ပိုက်လိုင်းများကို Hydro Test လုပ်စဉ် ပိုက်လိုင်းတစ်နေရာကို ဇွန် ၃၀ ရက်က တွေ့မြင်ရစဉ်
''ဓာတ်ငွေ့ပိုက်လိုင်းကို ဟိုက်ဒရိုဂျင်၊ ရေ၊ လေနဲ့ စမ်းသပ်မှုတွေလုပ်တော့ ပိုက်လိုင်းမှာ အပေါက်တွေ တွေ့တယ်။ ပိုက်လိုင်းဆက်တာကို အိန္ဒိယ ကုမ္ပဏီက လုပ်နေတာပါ။ မေ ၁၅ ရက်က တရုတ်ပြည်ကို ဓာတ်ငွေ့တိုက်ရိုက် ပို့တော့မယ်လို့ ကြေညာ ထားသေးတယ်။ ဒါပေမဲ့ မပို့ဖြစ်ဘူး။ အခုလည်း ဓာတ်ငွေ့ပိုက်လိုင်းဟာ ဓာတ်ငွေ့ပို့လွှတ်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတဲ့အတွက် ဓာတ်ငွေ့ပို့လွှတ်ဖို့ အနည်းဆုံး အချိန်နှစ်လလောက် ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်'' ဟု မဒေးကျွန်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။
''ဓာတ်ငွေ့စမ်းသပ် ပို့လွှတ်ရာမှာ ယိုစိမ့်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မမှန်ပါဘူး။ ပိုက်လိုင်းတစ်လျှောက် ဓာတ်ငွေ့ယိုစိမ့်မှုတွေ ရှိမနေပါဘူး။ ကျွန်မတို့ ကုမ္ပဏီဘက်က ဓာတ်ငွေ့ စတင်ပို့လွှတ်ဖို့ အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ဓာတ်ငွေ့ပို့လွှတ်ခွင့် အမိန့်စတင် ကျလာတာနဲ့ ပို့လွှတ်လို့ရပါပြီ'' ဟု ပိုက်လိုင်းသွယ်တန်းသည့် ကုမ္ပဏီဖြစ်သည့် SEAOP/SEAGP ကုမ္ပဏီမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းသို့ ဓာတ်ငွေ့များ စတင်ပို့လွှတ်ရာ၌ ဓာတ်ငွေ့ပိုက်လိုင်း အတွင်းရှိ လေထုကို နိုက်ထရိုဂျင်ဓာတ်ငွေ့ ထည့်သွင်း၍ ဖယ်ရှားရခြင်းကြောင့် ထိုသို့ဓာတ်ငွေ့ ပို့လွှတ်စဉ် လေရှူပေါက်များမှ အသံမြည်ခြင်း၊ မီးညွန့်များ ထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပြီး စိုးရိမ်စရာ မရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်ပါက အန္တရာယ် မရှိကြောင်း၊ ထိတ်လန့်စရာ မလိုကြောင်း ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်ခြင်း မဟုတ်ကြောင်းလည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက အစိုးရ သတင်းစာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
မူလသတင်းအားအပြည့်အစုံကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ 

မြေပုံမြို့နယ်၊ ရီကောင်းချိန်ကျေးရွာ ပြဿနာ ပြည်နယ်အစိုးရ အမြန်ဆုံးဖြေရှင်းပေးရန်လိုလား

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရေခေါင်းချိန် ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး အတွက် အစိုးရမှ ချပေးထားသော ငွေ ကျပ် (၂၇) သိန်းကို အလွဲသုံးစား ပြုလုပ်ထား သဖြင့် အဆိုပါ ပြဿနာကို ပြည်နယ် အစိုးရ အနေဖြင့် စောစီးစွာ ဖြေရှင်း ပေးရန် ကျေးရွာသားများက လိုလားနေကြသည်။ ၎င်းပြဿနာအား ဖြေရှင်းပေးရန် မြို့နယ်၊ ခရိုင်၊ ပြည်နယ် တာဝန်ရှိသူများအား အကြိမ်ကြိမ် စာရေး တိုင်ကြားခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ဦးကမှ လာရောက် ဖြေရှင်း ပေးခြင်း မရှိကြောင်း ကျေးရွာသား တစ်ဦးက ဆိုသည်။ “ ကျွန်တော်တို့ရွာ ဆိပ်ခံ တံတား တည်ဆောက်ဖို့နဲ့ တာတမံကို ဆည်ဖို့ အစိုးရက ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ကျပ်ငွေ (၂၇) သိန်း ချပေးပါတယ်။ အဲဒီအထဲက ကျပ်ငွေ တစ်ဆယ့် သုံးသိန်း ရှစ်သောင်း တစ်ထောင် နှစ်ရာကို အလွှဲသုံးစား လုပ်ထားကြပါတယ်” ဟု သူက ဆိုသည်။ ၎င်းငွေ ၂၇ သိန်းအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာ ဆိပ်ကမ်းတံတား တည်ဆောက်ရန်နှင့် ကျေးရွာ တာတမံကို ဆည်ဖို့ရန် အတွက် ယခုနှစ် နှစ်စပိုင်းက ချပေးသည်ဟု ဆိုသည်။ “ အခုအချိန်ထိ တံတားလည်း မဆောက်သေးဘူး။ တာတမံကိုလည်း အချိန်မီ မဆည်ဖို့တဲ့ အတွက် အခု ကျိုးပေါက်သွားပါပြီ။ လယ်သမားတွေ အနေနဲ့ စပါးစိုက်ပျိုးဖို့ အထူး အခက်ကြုံနေကြရပါတယ်” ဟု ဆက်ဆိုသည်။ ထိုသို့ အလွှဲသုံးစားမူ ရှိနေသဖြင့် ကျေးရွာသား ၆၅ ဦးက ၁၈-၂- ၂၀၁၃ နေ့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးထံသို့ လက်မှတ်ရေးထိုး စာရေးတိုင်ကြားခဲ့သည်ဟု သိရသည်။ သို့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်း ပေးခြင်း မရှိသဖြင့် နောက်ထပ် ကျေးရွာသား ၄၈ ဦးမှ လက်မှတ်ရေးထိုးကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံသို့ ၆-၅-၂၀၁၃ နေ့တွင် စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ယနေ့တိုင် အဆိုပါ တိုင်ကြားမူနှင့် လာရောက် စစ်ဆေးခြင်း၊ စိစစ်ခြင်း၊ မေးမြန်းခြင်းများ မရှိဟု ကျေးရွာသားများက ဆိုသည်။ ယခုကဲ့သို့ လာရောက် မစစ်ဆေးခြင်းမှာ မြို့နယ် အဆင့်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေး အရာရှိများ အနေဖြင့် အဆိုပါ ငွေကြေး အလွှဲသုံးစားမူတွင် ပါဝင်ပတ်သက်မူ ရှိနေ၍ ဖြစ်သည်ဟု ကျေးရွာသားများက ထင်မြင် ယူဆနေကြသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သံတွဲက ချမ်းသာတဲ့ မွတ်ဆလင်မိသားစုတစ်ချို့ မြို့ကို စွန့်ခွာ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဆူပူ တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် ချမ်းသာတဲ့ မွတ်ဆလင် မိသားစု တချို့ အိမ်ကိုစွန့်ခွာပြီးး သံတွဲကနေ ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာသွားကြတယ်လို့ သတင်း ရရှိပါတယ်။
သံတွဲမြို့သည် ငပလီပင်လယ်ကမ်းခြေကြောင့် ကျော်ကြားသည်။
သံတွဲမြို့၊ ငပလီအလှ

ဒီကနေ့ ထွက်ခွာသွားတဲ့ သူတွေထဲမှာ ရွှေစင် သဂီင်္ မိသားစု၊ ကိုအောင်စိုး မိသားစုနဲ့ မီးရှို့ခံရတဲ့ အတွက် အိမ်မီးထဲပါသွားတဲ့ ဒေါ်ဝင်းကြည်တို့ မိသားစုတွေ ဖြစ်ကြတယ်လို့ သံတွဲ ဒေသခံ တစ်ဦးက ပြောပါတယ်။ သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး လူစု လူဝေး မလုပ်ရ၊ ညမထွက်ရ ဆိုတဲ့ ဒေသန္တာရ ဥပဒေ ထုတ်ပြန်ထားပေမယ့် လုံခြုံရေး မရှိတဲ့ မြို့ပြင် ရပ်ကွက်တွေမှာ လူတွေကတော့ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။ အခုလောလောဆယ် သံတွဲမြို့ထဲက ဒွါရာဝတီ တံထားထိပ်၊ ဆေးရုံရှေ့၊ မာဂလမ်းတို့မှာ လုံခြုံရေးတွေ ချထားပေမယ့် မြို့သစ်ရပ်ကွက်တွေမှာ လုံခြုံရေး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေးအရ ဟာနေတဲ့ နေရာတွေမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။ သံတွဲရဲစခန်း တာဝန်ကျသူ တစ်ဦးကတော့ အခြေအနေ တည်ငြိမ်သွားပြီး ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲခံထားရတဲ့ မွတ်ဆလင် နှစ်ဦးကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သာစွဌာနေ ရခိုင်ပြေ Facebook မှာတော့ မတော်မတရား ပြုကျင့်သူလို့ စွပ်စွဲ ဖမ်းဆီးခံရသူ (၂) ဦးဟာ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ သံတွဲရဲစခန်းမှာ သူတို့ (၂) ဦးကို စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်နေပြီး တည်ဆဲ တရာဥပဒေနဲ့ အညီ အမြန် အရေးယူ တရားစွဲဆို နိုင်ရေး အတွက် သံတွဲရဲစခန်းမှာ (ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မနေ့ တိုက်ခိုက်မူ ဖြစ်ပွားရာမှာ သံတွဲမြို့ ဒွာရ၀တီ မြို့သစ်က မွတ်ဆလင် ဘာသာဝင် အိမ် (၅) လုံးခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ သူနာပြုဆရာမဟောင်း ဒေါ်ဝင်းကြည် အိမ်နဲ့ ဦးမျိုးသစ်ရဲ့ အိမ်က လုံးဝ မီးထဲပါသွားခဲ့ပြီး ကျန် အိမ် (၃) လုံးကတော့ တချို့တ၀က် ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မူတွေ ဖြစ်ပွားခဲပြီးတဲ့နောက်ပိုင်းမှာ မြို့ဝင် မြို့ထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီး ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီး (၂) ဦး အပါအ၀င် တစ်ခြား အရာရှိကြီးတွေလည်း အကြမ်းဖက် ဆူပူတွေကို တားဆီးနိုင်အောင် သံတွဲမြို့ကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။ သံတွဲသူ တစ်ဦးကတော့ ခုလို ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ သံတွဲရဲ့ အခြေအနေက ပုံမှန်လိုဘဲ တည်ငြိမ်နေပေမယ့် သူမတို့ အနေနဲ့ တစ်ခုခု ဆက်ဖြစ်လာမလားဆိုပြီး စိုးရိမ်မူတွေ ရှိနေတယ်လို့ ပြောကြားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)- See more at: http://www.narinjara.com/burmese/?p=6203#sthash.AhxHpzQD.dpuf

မိသားစုစီးပွါးရေးကြောင့် မူလတန်း အဆင့်ကျောင်းများကို စွန့်ခွါနေကြရ

စာသင်ကျောင်းက ကျောင်းတက်ခေါင်းလောင်းထိုးလိုက်ရာ ကျောင်းသားများမှာ စာသင်ခန်းထဲရောက်သူရောက်၊ တစ်ချို့ကလေးများမှာ ခေါင်းလောင်းထိုးသံကြားရသည့်အတွက် ကစားနေရာမှ ကျောင်းပေါ်သို့ပြေးတက် လာနေကြချိန်၌ အသက် ၁၂ နှစ်အရွယ် မောင်တက်တူမှာ ခါးအထိ နက်သော မြေကျင်းထဲဆင်ကာ မိဘတွေများနှင့် အတူ အုပ်လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်လျှက် တွေ့ရသည်။
မိသားစု စားဝတ်နေရေးအတွက် စာသင်ကျောင်းကို စွန့်ခွာကာ အုပ်အလုပ်ကိုလုပ်ကိုင်နေရသော အသက် ၁၂ နှစ်အရွယ်ရှိသေးသည့် မောင်တက်တူ။မိသားစု စားဝတ်နေရေးအတွက် စာသင်ကျောင်းကို စွန့်ခွာကာ အုပ်အလုပ်ကိုလုပ်ကိုင်နေရသော အသက် ၁၂ နှစ်အရွယ်ရှိသေးသည့် မောင်တက်တူ။
"သားက ငယ်ငယ်လေးကပင် ကျောင်းမနေခဲ့ရဘူး၊ အဖေအမေက အုပ်လုပ် အငှားလိုက်တော့ သားလည်း အုပ်ကို ငယ်ငယ်တည်းက လုပ်ခဲ့ရတယ်၊ မိသားစုက အဆင်မပြေတော့ အဖေ၊ အမေ ကိုဝိုင်းကူလုပ်ပေးနေရတယ်၊ သိတတ်လာတော့ သူများတွေ ကျောင်းတက်တာ မြင်ရင်ကျောင်းတက်ချင်တာပေါ့၊ အခုဆိုရင် စာလည်း တစ်ခုမှ မရေးတတ်၊ မဖတ်တတ်ဘူး။ " ဆိုပြီး မောင်တက်တူလေး က ရင်ဖွင့်စကားဆိုလာသည်။
မောင်တက်တူ၏ မိခင်က မိသားစု စီးပွါးရေး အဆင်မပြေမှုများကြောင့် သားသမီးများ၏ ပညာရေးကို ကျောခိုင်းခဲ့ရကြောင်းကို ရှင်းပြသည်။
" သားသမီးတွေကို ပညာသင်ချင်ပါတယ်၊ ကျမတို့ လင်မယားနှစ်ယောက်၊ သမီးကြီးရယ်၊ တက်တူလေးရယ်၊ မိသားစုလေးယောက်စလုံး အလုပ်လုပ်မှ တစ်နေ့ကို ၇၀၀၀ လောက်ရတာ၊ ရတာနဲ့ မိသားစုစားသောက်ရေးက မလောက်ငဘူး ၊ အငယ်ဆုံးသမီးလေးကိုလည်း သားအငယ်က ထိမ်းရတယ်၊ သားသမီးသုံးယောက် ကို တစ်ယောက်မှ စာမသင်ပေးနိုင်ခဲ့ဘူး၊ အငယ်ဆုံးသမီးလေးကျမှ စာသင်နိုင်အောင် ကြိုစားရတော့မယ်" ဟု သူမက စိတ်မကောင်းစွာဆိုသည်။
လက်ရှိ နိုင်ငံတော်အစိုးရမှ မသင်မနေရ အခမဲ့ မူလတန်းပညာ သင်ကြားပေးနေသော်လည်း ရခိုင်ပြည် ကျေးရွာကလေးတစ်ရွာက တက်တူလေး ရဲ့ညီအစ်မောင်နှမတွေမှာ မိသားစု စားဝတ်နေရေးအတွက် တဘက်တလမ်းက ဖြေရှင်းဆောင်ရွက်နေရခြင်းကြောင့် အခမဲ့ ပညာရေးကိုပင် သင်ယူခွင့် မရရှိ။
တံငါရွာမှ ကလေးငယ်များ နေ့စဉ်နံနက်တိုင်း ကမ်းခြေသို့သွားကာ ငါးဖမ်းလှေသမားများထံမှာ ၎င်းတို့၌ ပါလာသည့် ကွမ်းယာ၊ ဆေးလိပ်၊ မုန့် များကို ငါးများနှင့် လှဲလှယ်၍ပြန်လာနေကြစဉ်။တံငါရွာမှ ကလေးငယ်များ နေ့စဉ်နံနက်တိုင်း ကမ်းခြေသို့သွားကာ ငါးဖမ်းလှေသမားများထံမှာ ၎င်းတို့၌ ပါလာသည့် ကွမ်းယာ၊ ဆေးလိပ်၊ မုန့် များကို ငါးများနှင့် လှဲလှယ်၍ပြန်လာနေကြစဉ်။
ထိုနည်းတူစွာ ရခိုင်ပြည်ရှိမြို့ရွာများမှ မူလတန်းအရွယ် ကလေးများမှ ကျောင်းကို ပုံမှန်မတက်ဘဲ မိသားစုအတွက် ၀င်ငွေရှာနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ တံငါရွာမှ ကလေးငယ်များသည် နေ့စဉ်နံနက်တိုင်း ကမ်းခြေသို့သွားကာ ငါးဖမ်းလှေသမားများထံမှာ ၎င်းတို့၌ ပါလာသည့် ကွမ်းယာ၊ ဆေးလိပ်၊ မုန့် များကို ငါးများနှင့် လှဲလှယ်ကာ ရရှိလာသော ငါးများကို ရောင်းချပြီးမှ ကျောင်းတက်ရန် သွားလာနေကြသည်။ မြို့ပေါ်နေ ကလေးများမှာ အမှိုက်ကောက်စီးပွါးရှာနေကြပြီး ဈေးများတွင် အသက်အရွယ်နဲ့ မလိုက်အောင် ပစ္စည်းများ သယ်ပိုးထမ်းရွက်နေကြသည်။
ရခိုင်ပြည်၌ ဤကဲ့သို့ ကလေးသူငယ်များမည်မျှ ရှိမည်ကို မှန်ဆ၍ ရနိုင်မည်မဟုတ်ပါ။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းအဆင့်ကို စွန့်ခွါနေရသော ကလေး အလုပ်သမား ဦးရေ နှစ်စဉ် ငါးသိန်းကျော်ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်း ( ILO) ၏ သုတေသနစာရင်းအရ သိရှိရကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မိဘဆင်းရဲခြင်းကြောင့် ကလေးများအား အလုပ်လုပ်ခိုင်းရခြင်းဖြစ်ပြီး စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်အရွယ် ကြီးရင့်လာသော သက်ကြီးရွယ်အို အဘိုးအဘွားများအား ကလေးများက ရှာဖွေကျွေးမွေး စောင့်ရှောင့်နေရသည်။
လမ်းပေါ်၌ ပလစတစ်၊ သံတိုသံစများ ကောက်ကာ စီးပွားရှာ၍ မိသားစုများကို ထောက်ပံ့နေရသော ကလေးငယ်တစ်ဦး။လမ်းပေါ်၌ ပလစတစ်၊ သံတိုသံစများ ကောက်ကာ စီးပွားရှာ၍ မိသားစုများကို ထောက်ပံ့နေရသော ကလေးငယ်တစ်ဦး။
လမ်းပေါ်၌ စီးပွါးရှာနေသော ကလေးများသည် ပလစတစ်၊ သံတိုသံစများ ကောက်ကာ မိသားစုများကို ထောက်ပံ့နေရပြီး အဆိုပါ ကလေးငယ်များ စာမတတ်ဘဲ ကြီးပြင်လာမည်ဆိုပါက တိုင်းပြည်အတွက် အန္တရာယ်ဖြစ်လာနိုင်ကြောင်းကို ကလေးသူများအား စောင့်ရှောင့်ပေးနေသော ရန်ကုန်မြို့ရှိ ရတနာ့မေတ္တာမှ ဥက္ကဌ ဦးမြင့်ဆွေက သုံးသပ်ပြောဆိုသည်။
" အမှိုက်ကောက်တဲ့ ကလေးတွေ ရန်ကုန်မှာ ထောင်းနဲ့ သောင်းနဲ့ရှိတာ၊ ဒီကလေးတွေဟာ စာလည်းမတတ်ဘူး၊ သူတို့လောကမှ ကြီးနိုင်ငယ်ညှင်းဘဲ၊ ကြီးတဲ့သူက ငယ်တဲ့လူတွေဆီက ပိုက်ဆံကို လုယူကြတယ်၊ အဲဒီလိုနဲ့ ကြီးပြင်းလာမယ်ဆိုရင် နောက်လူလားမြောက်လာမည့် ၅ နှစ်၊ ၁၀ နှစ်အတွင်း၊ အသက် ၁၈ ၊ ၂၀ နှစ် ရောက်လာရင် တိုင်းပြည်အတွက် အန္တရာယ်များလာမယ်၊ ပညာလည်း မတတ်ဘူး၊ စီးပွားရေး၊ ကျန်းမာရေးလည်း မကောင်းဘူး၊ အဲဒီကလေးတွေ တဖြည်းဖြည်း များလာရင် တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်တယ်၊ ဒီကလေးမျိုးတွေ များနေရင် တိုင်းပြည် ထူထောင်ဖို့ကလည်း မဖြစ်နိုင်" ဟု ဦးမြင့်ဆွေက ဆိုသည်။
ရတနာ့မေတ္တာမှာ လမ်းပေါ်တွင် စီးပွါးရှာနေသည့် ကလေးများ စာရေးတတ် ဖတ်တတ်လာစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ၀င်ဆံ့နိုင်ရန်အတွက် ကလေးများ အလုပ်လုပ်ချိန်ကို အနှောင့်အယှက်မဖြစ်စေဘဲ ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
" ဒီကလေးတွေက သူတို့ကို သူတို့ ယုံကြည်မှုမရှိဘူး၊ သူတို့ကို ယုံကြည့်မှု တည်ဆောက်ပေးရတယ်၊ သူတို့ပတ်ဝန်းကျင်မှာ မေတ္တာ ထားတတ်လာအောင် တည်းဆောက်ပေးရမယ်၊ နောက်ပြီး စာတွေကို တတ်အောင် သင်ပေးရတယ်၊ အတန်းကျောင်းနေဖို့ အရွယ် လွန်သွားရင်လည်း အသက်မွေးဝမ်းကျောင်း ပညာသင်ပေးရတယ်၊ " ဟု သူက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် မသင်မနေရ ပညာရေး ဥပဒေ သတ်မှတ် ပြဌာန်းနိုင်ခြင်း မရှိသေးသဖြင့် အရွယ်မရောက်သေးသော ကလေးများအား အလုပ်လုပ်ခိုင်းနေခြင်းကို အရေးယူ၍ မရသည်များရှိနေကြောင်းနှင့် မိဘများဆင်းရဲ၍ ကလေးများအား အလုပ်လုပ်ခိုင်းရသည့်အတွက် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရန်၊ အသက်ရွက် ကြီးရင့်သော ဘိုးဘွားများအား ကလေးများမှ ရှာဖွေ စောင့်ရှောင့် နေရခြင်းဖြစ်ရာ လူမှုဖူလုံရေးအစီးအစဉ်များရှိရန် လိုအပ်နေကြောင်းကို ဒေါက်တာထွန်းလွင်က သုံးသပ်ထားကြောင်းကို သမဂ္ဂသတင်းစာတွင် ဖော်ပြထားသည်။
လုပ်ငန်းခွင် စောလျင်စွာ ၀င်ရောက်လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိက လိုအပ်ချက် တစ်ခုဖြစ်၍ လုပ်ငန်းခွင်မှ ကလေးများ စာသင်ကြားခွင့်ရရှိရန် အလေးပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း အကြံပြုပြောဆိုထားသည်။
ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဌာနခွဲ တစ်ခုဖြစ်သည့် ယူနက်စကို အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သော ကမ္ဘာ့နိုင်ငံနှစ်ရာ ပညာရေးအဆင့်အတန်း ထုတ်ပြန်ချက်တွင် မြန့်မာ့ပညာရေးအဆင့်သည် ၁၉၉ တွင် ရပ်တည်လျှက်ရှိကြောင်း သမဂ္ဂ သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးသည် အဓိကကျသည်။ ဒီမိုကရေစီ အစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ခြေလူထု၊ လူတန်းစားများ၏ စီးပွားရေး၊ ပညာရေး စသည်တို့ကို တပြေးညီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးရန် အရေးကြီးသည်။ နိုင်ငံအတွင်း နေထိုင်သည့် လူထု၊ လူတန်းစားများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်မည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes၊ ရေးသားသူ-  နိုင်လင်း၊ ကိုဖြိုး၊ ၀င်းမြိုင်၊ အေးမြင့်စန်း၊ ရဲဝင်းကျော်၊ မြတ်နိုးသာ)

မြန်မာမှ တင်သွင်းလာသည့် ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလားဒေ့ခ်ျတွင် ဖမ်းဆီး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာသို့တင်သွားလာသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလာဒေ့ခ်ျ နယ်စပ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ- Internet)
ဘင်္ဂလားဒေ့ခ်ျမှ ဗုဒ္ဓဘာသာဝင်များ (ဓာတ်ပုံ- Internet)
၎င်းရုပ်ပွားတော်များကို ဇွန်လ ၂၉ ရက်နေ့က တက်ကနက် နယ်စပ်မြို့တွင် မြန်မာဘက်မှ တင်သွင်းလာစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Cox’s bazaar News နှင့် ကုမုဒြာ ကန်သာ သတင်းစာတို့တွင် ဖေါ်ပြသည်။ ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ ဖိုး (မြန်မာငွေနှင့် ဆိုလျှင် ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်ထုတော်များ ဖြစ်ကြောင်းသိရသည်။ ရုပ်ပွားတော် တင်သွင်းလာသူများကိုမူ ဖမ်းဆီးမိခြင်း မရှိကြောင်း ဆိုသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နေထိုင်နေကြသော ဗုဒ္ဓဘာသာဝင်များသည် ဘုရား ဆင်းထု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စသည့် ဘာသာရေး အသုံးအဆောင် ပစ္စည်း အများစုကို မြန်မာနိုင်ငံမှ မှာယူတင်သွင်းကြရသည်။ မြန်မာ အစိုးရနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အစိုးရ အကြားတွင် အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောတူညီမူများ မရှိသဖြင့် မှောင်ခိုလမ်းကြောင်းမှ တဆင့် တင်သွင်းရပြီး မကြာခဏ ယခုလို ဖမ်းဆီးခံရမူများ ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6199#sthash.z9827aNg.dpuf

မြောက်ဦးမြို့တွင် ထူးချွန်ကျောင်းသား/သူများကို ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်

ရခိုင်ပြည် မြောက်ဦးမြို့တွင် ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးပါ ကျောင်းသားကျောင်းသူများအား ပညာရေးထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတစ်ရပ်ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အထက(၁) သျှင်ဦးမြ၀ါခမ်းမတွင် ပညာရေးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေး ဖောင်ဒေးရှင်းတို့က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းတစ်ခု၌ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသောအပြုံးနှင့်တွေ့ရသည့် ကျောင်းနေကလေးများ။ မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းတစ်ခု၌ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသောအပြုံးနှင့်တွေ့ရသည့် ကျောင်းနေကလေးများ။
ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယခင်နှစ်ကနှင့်မတူဘဲ ပညာရေးဌာနအပါအ၀င် မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပညာရေးဖောင်ဒေးရှင်းနှင့် တစ်သီးပုဂ္ဂလ အလှူရှင်များက စုပေါင်းပြီး ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဂုဏ်ထူးပါကျောင်းသား/သူများမှာ စုစုပေါင်း ၄၆ ဦးဖြစ်ပြီး ဘာသာစုံ (၁)ဦး၊ နှစ်ဘာသာ (၃)ဦးနှင့် တစ်ဘာသာ (၄၂) ဦးပါဝင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်စေဝေက ပြောသည်။
" ခြောက်ဘာသာပါတာက ကျောင်းသူလေးဖြစ်ပါတယ်။ သူက မြောက်ဦးမြို့ အုန်းတောရွာ ရပ်ကွက်ကပါ။ နာမည်ကတော့ မမေမြတ်နိုးလွင်လို့ ခေါ်ပါတယ်။ နှစ်ဘာသာကတော့ နည်းတယ်။ ၁ ဘာသာက များပါတယ်။ " ဟု ပြောသည်။
တစ်ဘာသာပါသော ကျောင်းသား/သူများအား ကျပ်ငွေ(၂၀၀၀၀)စီနှင့် နှစ်ဘာသာပါသော ကျောင်းသား/သူများကို ကျပ်ငွေ (၃၀၀၀၀)စီ ဆုချီးမြှင့်ကာ ခြောက်ဘာသာအပြည့်ပါသော မမေမြတ်နိုးလွင်ကို ပညာရေးဌာနမှ ဝန်ထမ်းများ စုပေါင်းပြီး ၁၀ သိန်း၊ မြောက်ဦး အ.ထ.က(၁)မှ ဆရာ/မများစုပေါင်းပြီး ရွှေ (၁)ကျပ်ရှိသည့် ရွှေခွက်တစ်ခွက်နှင့် တစ်သီးပုဂ္ဂလိက အလှူရှင်များမှ ဆုချီးမြှင့်ခဲ့ကြကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မြောက်ဦးမြို့ ပညာရေးဖောင်ဒေးရှင်း၊ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အခြား တစ်သီးပုဂ္ဂလိအလှူရှင်များ စုစုပေါင်း လူဦးရေ ၄၂၀ ဦး တက်ရောက်ခဲ့ကြေင်း သိရသည်။
ယခင်နှစ်ကထက် ယခုနှစ်တွင် ဘာသာစုံ ဂုဏ်ထူးရှင်နှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ဦးရေတိုးလာသည်ဟု မြို့နယ် ပညာရေးမှူး ဒေါ်ခင်စောဝေက ပြောသည်။
" အရင်နှစ်က ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ယောက်ပဲပါတယ်။ တခြားဘာသာတွေကလည်း နည်းပါတယ်။ ဒီနှစ်မှာတော့ ဘာသာစုံ ဂုဏ်ထူးရှင် တစ်ယောက်ပါပြီးတော့ တစ်ဘာသာ ဂုဏ်ထူးရှင် (၄၆) ယောက်ပါတယ်ဆိုတော့ အရင်နှစ်ကထက်စာရင် တိုးလာပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက အောင်မြင်တိုးတက်အောင် ကြိုးစားသွားမယ်လို့ စဉ်းစားထားပါတယ်။ ဂုဏ်ထူးပါတဲ့ ကျောင်းသား/သူတွေကို မှာချင်တာက ရတုန်းရခိုက်မှာ တက္ကသိုလ်အသီးသီးကို တက်ရောက်သင်ကြားကြပြီး ကြိုးစားကြဖို့ ပြောချင်တယ်။ ဂုဏ်ထူးမရလိုက်တဲ့ ကျောင်းသားတွေကလည်း စိတ်ဓါတ်မကျကြဖို့နဲ့ ဆက်လက်ပြီး ကြိုးစားကြဖို့ တိုက်တွန်း ချင်ပါတယ်။ နောက်လာမယ့် ကျောင်းသားတွေလည်း ဘာသာစုံ ဂုဏ်ထူးပါနိုင်အောင် ကြိုးစားဖို့ ပြောချင်ပါတယ်။ " ဟု သူက တိုက်တွန်းလိုက်သည်။
မြောက်ဦးမြို့နယ် ပညာရေးအခြေအနေမှာ သင်ကြားရေးနှင့် ပတ်သက်ပြီး ဆရာ/မ အင်အားလိုကြောင်း၊ သင်ထောက် ကူပစ္စည်းများ လိုအပ်ကြောင်း၊ ပညာရေးစနစ်က ကောင်းမွန်လာသည့်အတွက် ကြိုးစားပါကကြိုးစားသလောက် အောင်မြင်တိုးတက်နိုင်ကြောင်း ဒေါ်ခင်စောဝေက် ဆက်လက်ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakntimes၊ ရေးသားသူ- မြတ်နိုးခင်)

ဘင်္ဂလားဒေ့ခ်ျ နတ်မြစ်ကမ်းခြေရှိ ရခိုင်ကျေးရွာများတွင် ရဲတပ်ဖွဲ့ဝင်များ ချထားမည်

 မြစ်နားရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် BGB နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
မြစ်နားရွာ ဘုန်းတော်ကြီးကျောင်းရှေ့တွင် BGB နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။ - See more at: http://www.narinjara.com/burmese/?p=6195#sthash.tti9DLqG.dpuf




ဘင်္ဂလာဒေခ်ျ့နိုင်ငံ နတ်မြစ်ကမ်းခြေရှိ ရခိုင်ကျေးရွာများတွင် လုံခြုံရေး တိုးမြှင့် သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား တပ်စွဲ ချထားရန် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ စီစဉ်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ကမ်းခြေတွင် မြစ်နားရွာ၊ ခြံချောင်း၊ ကယုချောင်း ( Teknaf) နှင့် နွားရုံတောင်ဟူ၍ ရခိုင်ကျေးရွာ (၄) ရွာတည်ရှိပြီး ယခုအခါ မြစ်နားရွာနှင့် ခြံချောင်း ကျေးရွာတို့တွင် ရဲတပ်ဖွဲ့ဝင်များကို ချထားမည် ဖြစ်ကြောင်း မြစ်နားရွာ ဒေသခံ တစ်ဦးက ပြောသည်။ “ မနေ့က လာပြီး သက်ဆိုင်ရာက အကြောင်းကြားပါတယ်။ ရဲတပ်ဖွဲ့အင်အား ၂၈ ဦးကို ကျွန်တော်တို့ရွာမှာ ချထားမယ်လို့ ဆိုပါတယ်။ ဒီကနေ့ လာမယ်လို့ အကြောင်းကြားထားပါတယ်။ အခုအချိန်ထိတော့ မရောက်သေးပါဘူး။ နေ့လည်ပိုင်းလောက်မှာ ရောက်ကြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ အလားတူ ရခိုင်ကျေးရွာကြီး တစ်ရွာ ဖြစ်သော ခြံချောင်းကျေးရွာတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို ရွာလုံခြုံရေး အတွက် ချထားရန် ရပ်ရွာလူကြီးများကို ယမန်နေ့က သက်ဆိုင်ရာက လာရောက် အကြောင်းကြားထားသည်ဟု ဆိုသည်။ “ ဒီနိုင်ငံ အတွင်းမှာလည်း မတည်ငြိမ်မူတွေ ရှိနေပါတယ်။ အထူးသဖြင့် လုံခြုံရေး အလှမ်းဝေးတဲ့ ဒေသတွေမှာပါ။ တလောကလည်း စစ်တကောင်း တောင်တန်းနယ်မှာ ပြဿနာ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီမှာလည်း ဖြစ်နိုင်ခြေ ရှိတဲ့ အတွက် ခုလို လုံခြုံရေးကို တိုးမြှင့် ချထားဖို့ စီစဉ်တာ ဖြစ်နိုင်ပါတယ်” ဟု ဒေသခံက ဆိုသည်။ ယခုရဲတပ်ဖွဲ့ဝင်များကို ရခိုင်ကျေးရွာများတွင် တိုးချဲ့ချထားခြင်းမှာ ရခိုင်ကျေးရွာများ လုံခြုံရေးနှင့် တိုက်ရိုက် သက်ဆိုင်နိုင်သော်လည်း အခြား တစ်ဘက်တွင် နယ်စပ် တလျှောက်တွင် မြန်မာဘက်က ခိုးဝင်လာသူများကို တားဆီးရန် ရည်ရွယ်ပုံရသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6195#sthash.tti9DLqG.dpuf

Monday, July 1, 2013

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်

(မင်းယုဝေ)

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက် သောကြာနေ့ထုတ် The Voice Daily သတင်းစာတွင် ပါရှိသော ‘ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည် ပြောင်းလဲမည်မဟုတ်’ ဟူသော သတင်းကို ဖတ်ရှုပြီး ကျွန်တော် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။

ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက် အရပ်တွင် အင်္ဂလိပ်တပ်တို့ စခန်းချထားပါသည်။ ထိုနေရာကို အစွဲပြု၍ ထိုအနီးရှိ ပန်းခြံကို ကန်တော်မင်ပန်းခြံဟု အမည်ပေးခဲ့ပါသည်။ ကန်တော် မင်မှာ Cantonment ဖြစ်၍ တပ်မြေ၊ တပ်မြို့ဟု အနက်ရပါသည်။ ဗြိတိသျှ တို့၏ တပ်မြေ တပ်မြို့ကို အစွဲပြု၍ မှည့်ထားသော ကန်တော်မင်ပန်းခြံကို ဖ.ဆ.ပ.လ လက်ထက်တွင် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲခဲ့ပါသည်။

ကျွန်တော်သည် အသက် ၈၅ နှစ် ရှိပါပြီ။ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲခဲ့သည်ကို ကောင်းစွာ မှတ်မိပါသည်။

စာပေဗိမာန်က ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၅၊ စာမျက်နှာ- ၃၆၅ တွင် “ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ တိုင်း ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပလေ့ရှိကြသည်။ ရန်ကုန် မြို့ ရွှေတိဂုံဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ် ပေး ကြလေသည်” ဟူ၍ အခိုင်အမာ ရေးသား ဖော်ပြထားပါသည်။

ထို မြန်မာ့ စွယ်စုံကျမ်းမှာ ၁၉၇၆ တွင် အုပ်ရေ ၁၀၀၀၀ ပုံနှိပ် ထုတ်ဝေခဲ့ပါ သည်။ စာပေဗိမာန် အုပ်ချုပ်ရေးမှူး ဦးထင်ကြီး (မှတ်ပုံတင်အမှတ်- ၀၄၈၀) က တာဝန်ခံ ထုတ်ဝေပါသည်။ ထိုစွယ်စုံကျမ်းကို ပြုစုရာ၌ စာတည်းမှူး အဖြစ် ဆရာကြီး မောင်ထင်က တာဝန်ယူ၍ အကြံပေး ပုဂ္ဂိုလ်များအဖြစ် ပန်းတနော် ဦးသန့်၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ပါမောက္ခ ဦးမျိုးမြင့်၊ ပညာမင်းကြီး ဦးကောင်း စသူတို့ ပါဝင်ပါသည်။ ကျွန်တော်သည် စာပေဗိမာန်တွင် စာပြုအဖြစ် (၁၉၅၂မှ ၁၉၅၄) အထိ အမှုထမ်းခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ ဆရာတော်၏ ရုပ်တုကြီးကို ဘဒ်လမ်းရှိ အိမ်တစ်အိမ်၏ ခြံထဲတွင် ချောင်ထိုးထားသည်ကို တွေ့ရ၍ ကြေးမုံ သတင်းစာ ၄-၁-၁၉၆၇ ထုတ်တွင် ကျွန်တော် ရင်နာစွာဖြင့် ဆောင်းပါး ရေး သား ဖော်ပြဖူးပါသည်။

ထိုရုပ်တုကြီးမှာ ကျိုးပဲ့နေပြီး လွန်ခဲ့သော သုံးနှစ်ခန့်က ပန်းပုဆရာကြီး ဦးဟန်တင်၏ ခြံထဲတွင် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါသည်။ ထိုရုပ်တုကြီးမှာ ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမ၏ အကြောင်းကိုလည်း ကျွန်တော် ထပ်မံ၍ အတ္ထုပ္ပတ္တိ ဆောင်းပါးရှည် ရေး သားခဲ့ပါသည်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးကို ဂုဏ်ပြု၍ ဆရာတော် ကြေးရုပ်တုကို ကန်တော်မင်ပန်းခြံတွင် ထားသင့်ကြောင်း ဇွန်လ ၂၂ ရက် တွင် ရန်ကုန် မြို့ တောဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားသည်ကို လေးနက် စွာ ထောက်ခံပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ ပန်းခြံ အတွင်း ကမ္ပည်းထိုးထားသော စာမှာ မခိုင်လုံပါ။ ထိုစာမှာ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် တွင် ရေးထိုးသောစာ ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- The Voice Weekly တွင် ဖော်ပြထားချက်အား ကူးယူဖော်ပြပါသည်)

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်တော့မည်

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို " ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ " ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက်နေ့က မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ- ရခိုင်လူငယ်များအဖွဲ့)ဇွန်လ ၃၀ ရက်နေ့က မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ- ရခိုင်လူငယ်များအဖွဲ့)
" ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် " ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။
တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။
အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။
ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဇွန်လ ၃၀ ရက်နေ့ မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ - ရခိုင်လူငယ်များအဖွဲ့)ဇွန်လ ၃၀ ရက်နေ့ မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ - ရခိုင်လူငယ်များအဖွဲ့)
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ " ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။ အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ " စသော အချက်များပါဝင်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)