ရခိုင်တစ်မျိုးသားလုံး လူ့အခွင့်အရေးအပြည့်အ၀ရရှိစေရန် ရည်ရွယ်လျက် မူလအခြေစိုက်ခဲ့သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြည်တွင်းသို့ မေလ(၈)ရက်နေ့မှစ၍ ၀င်ရောက်ခဲ့သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO)သည် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်တိုက်ဆိုသလို တွေ့ဆုံလျက်ရှိကြောင်း အဖွဲ့၏တာဝန်ရှိသူများက မီဒီယာများသို့ ပြောကြားလိုက်သည်။
တောင်ကုတ်မြို့မှ ရခိုင်နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်။ တောင်ကုတ်မြို့မှ ရခိုင်နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်။
" AHRDOရဲ့ အဓိကဒါရိုက်တာ ငါးဦးပါတဲ့ ကျနော်တို့အဖွဲ့ဟာ မေလ(၁၃)ရက်နေ့မှာ တောင်ကုတ်ကစလို့ ဒေသအခြေအနေတွေကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားအင်အားစုတွေကြားမှာ ကျနော်တို့ AHRDO သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ဦးတည်ချက်တွေကို သိရှိစေဖို့နဲ့ အဖွဲ့အစည်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ဒေသတစ်ခုလုံးက အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်လာနိုင်အောင် တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေတာဖြစ်တယ်။ " ဟု AHRDO အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ဆိုသည်။
AHRDO ဒါရိုက်တာအဖွဲ့ဝင်များသည် မေလ (၁၂)ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းလျက် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံလျက်ရှိရာ မေလ(၁၃)ရက်နေ့တွင် တောင်ကုတ်၊ မေလ(၁၄)ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မေလ(၁၅)ရက်နေ့တွင် ကျောင်ဖြူမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ ဒေသခံရခိုင်ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။
" ကျနော်တို့မျှော်မှန်းထားတာထက် ပိုပြီးတော့ စိတ်ပါဝင်စားမှုတွေရရှိတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။ နောက်ထပ်လည်း အခုလိုတွေ့ဆုံပွဲမျိုးတွေကို ရခိုင်ပြည်နယ်အနှံ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ " ဟု ဒါရိုက်တာအဖွဲ့ဝင် ဦးအုပ်စိုးခိုင်က ပြောသည်။
တွေ့ဆုံပွဲ (၃)ခုပြုလုပ်ခဲ့ရာတွင် ဒေသခံသင်္ဃာတော်များ၊ ရခိုင်နိုင်ငံရေးအဖွဲ့အစည်းများ၊ ရခိုင်လူမှုကွန်ယက်များသာမက ရပ်ကွက်ကျေးရွာအဆင့် ကိုယ်စားပြု ခေါင်းဆောင်များ အနည်းဆုံး ၃၀ ခန့်တက်ရောက်ခဲ့ကြပြီး စိတ်အားထက်သန်စွာ ဝေဖန်အကြံပြု ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
" ကျနော်တို့အဖွဲ့အစည်းအတွက် ဒီခရီးစဉ်မှာ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးလုပ်ဆောင်ရမှာ တွေ့ရတယ်။ ကျနော်တို့ရည်မှန်းချက် လုပ်ငန်းစဉ်တွေကို ဒေသခံလူတွေနဲ့ ပူးပေါင်းပြီးတော့ ပိုမိုထိထိရောက်ရောက် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ " ဟု ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်ထွီးက အာရ်ကန်တိုင်းမ်စ်ကို ရှင်းပြသည်။
AHRDO ၏ ဒေသခံလူထုနှင့် တွေ့ဆုံခြင်း ခရီးစဉ်တွင် တချို့ဒေသများ၌ ဒေသအာဏာပိုင်များက လူမှုရေးလုပ်ငန်းအပေါ် အမြင်ကြည်လင်စွာ လွတ်လပ်စွာလုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် အလင်းသစ်စာကြည့်တိုက်၌ ပြုလုပ်သော တွေ့ဆုံပွဲကိုမူ ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
" ဒီလိုလူမှုရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အရင်တုန်းက ဒေသလုံခြုံရေးတပ်ဖွဲ့အနေနဲ့ ၀င်ရောက်စွတ်ဖက်တာမျိုး ဘာမှမရှိခဲ့ပါဘူး။ လိုအပ်ရင် ကူညီဆောင်ရွက်မှုတွေဘဲရှိခဲ့တယ်။ ရခိုင်ပြည်အတွက် စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုးစားလုပ်ဆောင်နေတဲ့ AHRDO အဖွဲ့နဲ့ ကျနော်တို့တွေ တွေ့ဆုံတဲ့အခါ စုံစမ်း စစ်ဆေးမေးမြန်းမှုတွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်လိုက်တာဟာ ကျနော်တို့ရခိုင်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ " ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဇင်ချောင်းတိုက်နယ် စည်းရုံးရေးမှူး ဦးကျန်သိန်းအောင်က ထောက်ပြသည်။
ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားအင်အားစုများနှင့် တွေ့ဆုံပွဲအခမ်းအနား။ ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားအင်အားစုများနှင့် တွေ့ဆုံပွဲအခမ်းအနား။
၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံရောက် ရခိုင်လူငယ်ခေါင်းဆောင်များက ဦးဆောင်၍ ရခိုင်ပြည် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့သော AHRDO သည် အစိုးရသစ်လက်ထက်တွင် ထိထိရောက်ရောက် ရခိုင်ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရန် ယခုနှစ် မေလ(၈)ရက်နေ့က ပြည်တွင်းသို့ ၀င်ရောက်ခဲ့ပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ၌ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအ၀င် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်တို့၏ ထိပ်တန်းခေါင်းဆောင်များ၊ ရခိုင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ပြည်တွင်း၊ ပြည်ပသတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)