သာသနာ (၂၅၅၇) နှစ်ပြည့်၊ ကောဇာသက္ကရာဇ် (၁၃၇၅) ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေဖြင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ရောက် မြန်မာတိုင်းရင်းသား မိသားစုများမှ မနေ့က ၂၆ ရက် တနင်္ဂနွေနေ့တွင် ဇေယျသုခ ဓမ္မရိပ် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့သည့် ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ထူးခြားမှုရှိကြောင်း သတင်းရရှိသည်။
အမေရိကန် အမာရီလိုမြို့ရောက် မြန်မာမိသားစုများမှ ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။အမေရိကန် အမာရီလိုမြို့ရောက် မြန်မာမိသားစုများမှ ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။
ပွဲတော်အခမ်းအနား မကျင်းပမှီ ၂၅ ရက် စနေနေ့ ညက အမာရီလိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် မြို့ခံ ဗုဒ္ဓဘာသာဝင်များ စိတ်မသက်မသာဖြစ်ခဲ့ရသော်လည်း ပွဲတော်ကျင်းပသည့်နေ့ တွင် နေသာနေခဲ့သည့်အတွက် ၀မ်းသာအားရလျက် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသည့်နေ့ တွင် မိုးမရွာပဲ နေမင်းကြီးက ပူဇော်ပသသည့်အလား ထူးခြားမှုရှိကြောင်း မြို့ခံအချို့က ယုံကြည်ပြောဆိုမှုများလည်း ရှိနေကြသည်။
အဆိုပါ ပွဲတော်အခမ်းအနားကို အခမ်းအနားအစီအစဉ်အရ နံနက် ၉ နာရီတွင် ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသမှ ကြီးမှူး၍ ဗုဒ္ဓါဘိသေက အနေကဇာသဘင် စုပေါင်းကျင်းပပြီး ဗောဓိညောင်ပင်ပျိုကို ယာဉ်ငယ်ဖြင့်တင်ယူပင့်ဆောင်ကာ ကျောင်းတော်အား လကျာင်္ရစ်တပတ် စီတန်းလှည့်လည်ပူဇော်ခံခဲ့ကြလျှက် ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြကြောင်း သိရှိရသည်။
ဇေယျသုခ ဓမ္မရိပ်သာကျောင်းဝန်းအတွင်းရှိ ဗောဓိညောင်ပင်ပျိုမှာ တက္ကဆက်ပြည်နယ် ဒါးလက်စ် (Dallas) မြို့ ဗီယက်နမ် (Vietnam) ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင် သီလာနံသထံမှတဆင့် ၂၀၁၂ ခုနှစ်တွင် လှူဒါန်းပူဇော်ထားခြင်းဖြစ်ပြီး ၄င်းဗောဓိပင်မှာ အန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ဗီယက်နမ် ဘုန်တော်ကြီးကျောင်း ဆရာတော်များက ပင့်ဆောင်ပူဇော်ထားခြင်းဖြစ်ကြောင်း ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသက အာရ်ကန်တိုင်းမ်စ်သို့ မိန့်တော်မူသည်။
ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။
နံနက် ၁၁ နာရီခွဲတွင် ကျောင်းထိုင်ဆရာတော်နှင့်တကွ ပင့်သံဃာ ၃ ပါးတို့ကို ကိုစိုးဝေ+မမာအေးမိသားစု၊ ဦးကင်းရှင် + မငယ် မိသားစု၊ မောင်မင်းမင်းထွန်း+မဖြူဖြူစိုး မိသားစု၊ ကိုညွန့်ဝင်း + မဝေေ၀ကြည် မိသားစုတို့မှ ထမင်းဟင်း၊ ခေါက်ဆွဲကျော်၊ နန်းကြီးသုတ်နှင့် ရေခဲမှုန့်တို့ဖြင့်လည်းကောင်း၊ မသီရိထွန်း + မမိုးမိသားစုတို့ မှ သစ်သီး ၉ မျိုး ပန်း ၉ မျိုးတို့ ဖြင့်လည်း၊ ကျန်အလှူရှင်အသီးသီးများမှလည်း ကြွရောက်လာသည့် ဧည့်ပရိသတ်များကို နံနက်စာ ထမင်းဟင်းနှင့် ဖျော်ရည်မျိုးစုံတို့ ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ကြသည်။
ပွဲတော်အခမ်းအနားတွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံက လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာခေါ်ဆိုလျှက် ကြွရောက်လာသူအပေါင်းမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ပွဲတော်အခမ်းအနားကို အမာရီလိုမြို့ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများ ၂၀၀ ခန့် တက်ရောက်ပါဝင် ဆင်နွှဲခဲ့ကြပြီး ညနေ ၃ နာရီတွင် ဗုဒ္ဓသာသနံ စိရံတိဌတု ၃ ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်းလည်း သိရှိရသည်။
မြန်မာမိသားစုများမှ ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။မြန်မာမိသားစုများမှ ဗုဒ္ဓအထိမ်းအမှတ်အဖြစ် ကဆုန်ညောင်ရေသွန်းပွဲကျင်းပနေစဉ်။