ရခိုင်ပြည် စစ်တွေမြို့ရှိ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဇူလိုင်လ ၁၆ ရက်နေ့တွင်
ရခိုင်အမျိုးသားပါတီ(ANP) ဖွဲ့စည်းပုံအသစ်အတွက် ရခိုင်းတိုင်းရင်းသားများ
တိုးတက်ရေးပါတီ (RNDP)နှင့် တွေ့ဆုံဆွေးနွေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
(ALD) မှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကနေ စစ်တွေမြို့သို့
ယနေ့ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
" အခု ရန်ကုန်က
ရခိုင်ဒီမိုကရေစီအဖွဲ့ဝင် ကိုယ်စားလှယ်တွေ စစ်တွေကို ဒီနေ့ထွက်သွားကြပါတယ်။
မနက်ဖြန် ၁၆ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ
နောက်ဖြစ်ပေါ်လာမဲ့ ပါတီအသစ် (ANP) ပါတီအတွက် ဖွဲ့စည်းပုံ ရည်ရွယ်ချက်တွေကို
ရေးဆွဲဖို့ ဖြစ်ပါတယ်။ " ဟု ALD ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
ဆက်လက်ပြီး သူက " အဓိက မူဝါဒ
တစ်ခုအနေနဲ့ကတော့ လူမျိုးကို အခြေခံသော ပြည်နယ်များဖြင့်
ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့ဆိုတဲ့ မူကတော့ နှစ်ပါတီသဘောတူပြီး
ဖြစ်ပါတယ်။ နောက်ထပ် ပါတီရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံနဲ့ ပတ်သက် ပြီးတော့
ပါတီနှစ်ခုမှာ ရှိနေကြတဲ့ မူဝါဒတွေ ဖွဲ့စည်းပုံတွေကို သုံးသပ်ပြီးတော့
အကောင်းဆုံးဆိုတာကို အဲဒီအထဲက ကောက်ယူပြီးတော့ ရေးဆွဲဖို့ ဖြစ်ပါတယ်။ " ဟု ဆိုသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးကျော်မြင့်က ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင် ငါးဦးဖြင့် လွှတ်လိုက်ကြောင်း သူက ဆက်ဆိုသည်။
" ALD ဖက်ကတော့ ဦးကျော်မြင့်
ဦးဆောင်ပါတယ်။ နောက်ပြီးတော့ ဦးလှမြင့်၊ ဦးထွန်းကျော်၊ ဦးမျိုးကျော်၊
ဦးဘကျော် ပါပါတယ်။ ဒီဖက်ကတော့ ငါးယောက်ပဲ ဖြစ်ပါမယ်။ အတွင်းရေးမှူးက
ကျောက်ဖြူကို ပါတီကိစ္စနဲ့ သွားစရာရှိလို့ ကျောက်ဖြူကိုပဲ လွှတ်ရပါတယ်။
ငါးယောက်ပဲ သွားကြပါတယ်။ " ဟု ပြောသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ရေးသားသူ- မိုးဇော်)
No comments:
Post a Comment