Wednesday, July 24, 2013

ရခိုင်ဒုက္ခသည် စာရင်းပြန်ကောက်ရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အကူအညီတောင်း

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ဦးရေစာရင်းကို ပြန်လည်ကောက်ခံရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်
နိုင်ငံတကာအဖွဲ့အစည်းများကို အကူညီတောင်းထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဝန်ကြီး ဦးခင်ရီက ဇူလိုင် ၂၁ ရက်တွင် သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမည်မျှရှိသည်ကို အတိအကျသိရှိရန် “ဆွဲတင်စစ်” စနစ်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများ ခေါ်ဝေါ်သော မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း စနစ်ဖြင့် ကောက်ခံလျက်ရှိရာ ဘင်္ဂါလီများ
က အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက်စုရုံး တောင်းဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများ လုပ်ကြ
သဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။

ဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ပြောရင် လက်မခံမှာစိုးလို့ အစိုးရအဖွဲ့ မဟုတ်၊ ရခိုင်တိုင်းရင်းသားမဟုတ်တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စည်းရုံးပေးဖို့ မေတ္တာရပ်ခံထားပါတယ်” ဟု ပြောသည်။

လာမည့်၂၀၁၄ခုနှစ်မတ်၃၀ရက်မှဧပြီ၁၀ရက်အထိ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံ
မည်ဖြစ်ရာ ထိုသို့မကောက်မီ ရခိုင်ပြည်နယ်အတွင်းမှ လူဦးရေစာရင်းကောက်ယူမှု ပြီးပြတ်မည်ဟုလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။

“လူဦးရေစာရင်းကောက်တာကလူမျိုးရေး၊စစ်ရေး၊ နိုင်ငံရေးနဲ့မဆိုင်ဘူးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောက်တာ။ ဒါကို ဘယ်လိုလူမျိုးမှ တားဆီးခွင့်မရှိပါဘူး” ဟု သူက ဆက်ပြောပါသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာ၌ ဒုက္ခသည် စာရင်းကောက်ခံသည်ကို နှောင့်ယှက်ခဲ့သူများအဖြစ် သံသယရှိသူ ရှစ်ဦးကို ရဲများ က ဖမ်းဆီးထားပြီး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း မဇ္ဈိမက သတင်း ဖော်ပြခဲ့ဖူးသည်။
(သတင်းအရင်းအမြစ်-  မဇ္ဈိမ၊ ရေးသားသူ- ကေဇင်ဦး)
www.mizzimaburmese.com

No comments: