Friday, July 12, 2013

ခိုင်အောင်ကျော်(နယူးယောက်) ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်ကဗျာစာအုပ်ထွက်မည်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နေထိုင်သူ ရခိုင်ဝါရင့် နိုင်ငံရေးသမားကြီး စာရေး ဆရာ- ကဗျာဆရာ ခိုင်အောင်ကျော် ( နယူးယောက် ) ၏ “ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်” ကဗျာ ပေါင်းချုပ် စာအုပ်ကို များမကြာမီ ထုတ်ဝေဖြန့် ချီတော့မည်ဖြစ်သည်။

 ‘ ရွှေပြည်တော် မျှော်တိုင်းဝေးလျှင်’ ကဗျာစာအုပ်တွင် ပါဝင်သည့် ကဗျာများမှာ လွန်ခဲ့သော -၁၅-နှစ် ကျော်ကတည်းက နိုင်ငံတကာထုတ် ဂျာနယ်၊ စာစောင် ၊ မဂ္ဂဇင်းများ ၊ ၀ပ်ဆိုက်များ ၊ ဘလော့ များတွင် ရေးသား ဖေါ်ပြခဲ့သော ကဗျာများဖြစ်ပြီး စုစုပေါင်း (၄၆) ပုဒ် ပါဝင်ကြောင်း ဆရာ ခိုင်အောင်ကျော်မှ နိရဉ္ဖရာသို့ ပြောကြားခဲ့သည်။ ကဗျာများမှာ ရခိုင် ဝေါဟာရဖြင့် ရေးသားထားသော ကဗျာများ ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှ စာဖတ် ပရိတ်သတ်များအတွက် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်ကြောင်း၊ စာအုပ်ရောင်းချ၍ ရရှိလာသောငွေများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာကြသော ရခိုင်လူမျိုးများအား ကူညီ လှူဒါန်း ပေးအပ် သွားမည်ဖြစ်ကြောင်း၊ သို့အတွက် ရခိုင်လူမျိုး အသိုင်းအ၀န်းက အင်တိုက် အားတိုက် ၀ယ်ယူ လက်ခံ အားပေးကြရန် တိုက်တွန်းကြောင်း ဦးခိုင်အောင်ကျော်က ဆိုသည်။ “ မြန်မာနိုင်ငံတွင် စာပေ လွပ်လပ်စွာ ထုတ်ဝေခွင့် အသင့်အတင့် ရရှိလာသည့် အတွက်ကြောင့် နိုင်ငံရေး စာပေများကိုလည်း တဖြည်းဖြည်း ထုတ်ဝေခွင့် ရရှိလာပြီဖြစ်ရာ ပြည်ပမှ နိုင်ငံရေးနှင့် အမျိုးသား တော်လှန်ရေး စာပေအချို့ ရေးသား ထုတ်ဝေလာသည် ကိုတွေရကြောင်း၊ နအဖ- န၀တ စစ်အစိုးရ ခေတ်အဆက်ဆက် ပြည်သူနှင့် ထိတွေခွင့် မရခဲ့သည့် အဝေးရောက် နိုင်ငံရေးသမားများ၊ တော်လှန်ရေး သမားများ နိုင်ငံရေး စာပေ၊ တော်လှန်ရေးစာပေများကို ယနေ့ အချိန်တွင် ပြည်သူထံသို့ ရောက်အောင်စွမ်း ဆောင်နိုင်ကြသည်ကို တွေ့မြင်ရ၍ ၀မ်းသာကြောင်း” ဦးခိုင်အောင်ကျော်က ဆက် ပြောသည်။ ကဗျာ စာအုပ်တွင် အထူးဆောင်းပါး တစ်ရပ် အနေဖြင့် ( ကျွန်တော်လက်ခံသော အမျိုးသားနေ့  ) ဆိုသည်ကိုလည်း အချပ်ပိုအဖြစ် ဖေါ်ပြထားကြောင်း သိရသည်။ စာအုပ် ရောင်းဈေးမှာ ကျပ် တစ်ထောင် ဖြစ်ပြီး အုပ်ရေ ( ၂၀၀၀ ) ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ ကဗျာ စာအုပ် ဖြန်ချီ ရောင်းချပွဲကို အခမ်းအနားကို ရန်ကုန်ရှိ ရခိုင်အဖွဲ့ အစည်းများက ရခိုင် အမျိုးသားသွေးစည်းမှု၊ ရိုင်းပင်းကူညီမှု အသိတို့ဖြင့် များမကြာမီ ပြုလုပ် ကြမည်ဖြစ်ရာ ဆရာ ခိုင်အောင်ကျော်မှာ စာအုပ်ဖြန့် ချီပွဲ အခန်းအနားသို့ တက်ရောက် နိုင်မည် မဟုတ်ကြောင်း သိရသည်။ ဆရာခိုင်အောင်ကျော်သည် လက်ရှိတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် နေထိုင်ပြီး မြန်မာနိုင်ငံရေးအခြေ အနေများနှင့် ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေများကို လေ့လာသုတေသန ပြုစုရေးသားနေသူ တစ်ဦး ဖြစ်သည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး)

No comments: