ရဟန်းသံဃာနှင့် လူမှုအဖွဲ့အစည်းများအပါအ၀င် ရခိုင်ပြည်သူတစ်ရပ်လုံး၏ ဆန္ဒကို လေးစားလိုက်နာပြီး ရခိုင်တမျိုးသားလုံး၏ သွေးစည်းညီညွတ်ရေးအတွက် ရခိုင်အမျိုးသားပါတီ (ANP)အဖြစ် တည်ထောင်သွားမည်ဟု သဘောတူခဲ့ကြသော ALD နှင့် RNDP ပါတီတို့၏ ထိပ်ပိုင်းခေါင်းဆောင် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင် တို့ကို ရန်ကုန်အခြေစိုက် ရက္ခိတဖောင်ဒေးရှင်းမှ ရက္ခိုင့်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရသော ဒေါက်တာအေးမောင်။ (ဓါတ်ပုံ- Hla Aye Maung)ရက္ခိုင့်ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရသော ဒေါက်တာအေးမောင်။ (ဓါတ်ပုံ- Hla Aye Maung)
အဆိုပါဆုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ရခိုင်ပြည်ဓမ္မရုံ၌ ဇွန်လ ၁၄ ရက်နေ့က ကျင်းပသည့် ရက္ခိတ ဖောင်ဒေးရှင်း နှစ်ပတ်လည်အခမ်းအနားတွင် သူတို့အားဆုချီးမြှင့်ခဲ့ပြီး ၄င်းအခမ်းအနားကို နေ့လယ် ၁ နာရီကနေ ၄ နာရီအထိ ပြုလုပ်ကာ ဆုချီးမြှင်ခံရသူ ရခိုင်ပါတီခေါင်းဆောင်များ၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားများ ရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအ၀င် စုစုပေါင်းလူ ၃၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်တမျိုးသားလုံး၏ ဆန္ဒကိုလေးစားလိုက်နာပြီး ကွဲနေသော ပါတီများကို တစ်ပါတီအဖြစ် ပေါင်းစည်းသွားခြင်းအပေါ်မှာ ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း ရက္ခိတဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးအောင်စိုးကျော်မှ ပြောသည်။
" ကျနော်တို့ပေးတဲ့ ရွယ်ရည်ချက်က ပါတီနှစ်ခုပေါင်းစည်းသွားတဲ့အတွက် ရခိုင်တမျိုးသားလုံးရဲ့ ဆန္ဒကိုလေးစားတဲ့အတွက်ကြောင့်ပါ။ အဲဒီလိုပေါင်းစည်းသွားတဲ့အတွက် ရခိုင်တမျိုးသားလုံး ၀မ်းမြောက်ဝမ်းသာဖြစ်သလို ကျနော်တို့လည်း ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒါကြောင့် ဆုချီးမြှင့်ရတာဖြစ်ပါတယ်။ " ဟု ပြောသည်။
ရက္ခိုင့်ဂုဏ်ဆောင်ဆု ချီးမြှက်ခံရသော ခေါင်ဆောင်များမှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးအေးသာအောင်နှင့် ၂၀၁၀ ရွေကောက်ပွဲဝင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် တို့ဖြစ်သည်။
ဆုချီးမြှင့်သည့် ရက္ခိတဖေါင်ဒေးရှင်းအဖွဲ့မှာ ရန်ကုန် အခြေစိုက် ရခိုင်လူမူအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၄ရက် နေ့တွင် ရခိုင်လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ရက္ခိတ ဖောင်ဒေးရှင်း (Rakhita Foundation)၏ ဆောင်ပုဒ်မှာ (အမှန်တရား၊ ယုံကြည်မှု၊ ပွင့်လင်း မြင်သာမှု)တို့ ဖြစ်ကြောင်းသိရသည်။ အမှတ် (၁၅၄)၊ လွတ်လပ်ရေးလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ဃကျွန်းမြို့နယ်တွင် ရုံးခန်း ဖွင့်လှစ်ထားကြောင်း ဥက္ကဌ ဦးအောင်စိုးကျော်က ပြောသည်။
ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြှင်ခံရသော ဦးအေးသာအောင်။  (ဓါတ်ပုံ- Hla Aye Maung)ရက္ခိုင့် ဂုဏ်ဆောင်ဆု ချီးမြှင်ခံရသော ဦးအေးသာအောင်။ (ဓါတ်ပုံ- Hla Aye Maung)
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)