ထိုင်းနိုင်ငံ ပါတနီမြို့တွင်
ရခိုင်အမျိုးသား ၁၇ ဦး ငါးဖမ်းလှေသို့ ဇန္န၀ါရီလ ၁၅ ရက်နေ့က
ရောင်းစားခံရပြီး ၄င်းအထဲမှ ၃ ဦးမှာ ဇူလိုင်လ ၈ ရက်နေ့က
ပြန်လွတ်မြောက်လာကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသား ၃
ဦးမှာ ရခိုင်ပြည် ကျောက်တော်မြို့နယ် သာဒါဆိပ်ကျေးရွာမှ ကိုသိန်းထွန်း အသက်
၂၆ နှစ်၊ ကိုအောင်တင်ဝင်း အသက် ၂၃ နှစ်နှင့် ကိုထွန်းထွန်းလှ အသက် ၂၅
နှစ်တို့ဖြစ်ကြောင်း သိရသည်။
သူတို့သည် ရောင်းစားခံခဲ့ရချိန်အတွင်း
အလုပ်ရှင် သူဌေးထံမှ ပေးသော အပိုသုံးငွေများကို စု၍ရရှိထားသည့် ဘတ် ၁၀၀၀
ဖြင့် မလေးရှားနိုင်ငံသို့ ထွက်ပြေးလာရာ မလေးရှားနိုင်ငံရှိ
ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးမှုကြောင့် ယခုလို
ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူအထဲမှ တစ်ဦးဖြစ်သူ
ကိုသိန်းထွန်းက ပြောသည်။
" ပွဲစားက ကျနော်တို့ကို
ခေါ်တဲ့အချိန်မှာ ရေခဲစက်ရုံမှာ အလုပ်လုပ်ရမယ်။ အဲဒီစက်ရုံမှာ
မလုပ်ရဘူးဆိုရင် ဝပ်ရှော့ပ်တစ်ခုခုမှာ ထည့်ပေးမယ်လို့ ပြောပြီးတော့
ခေါ်လာတာပါ။ ထိုင်းနိုင်ငံ ပါတနီမြို့ကိုလည်း ရောက်တော့ ငါးဖမ်းလှေမှာ
တခါတည်းတန်းပြီးတော့ ထည့်လိုက်တာပဲ။ ကျနော်တို့ အင်ဒိုရီမှာ ၅ လ
ကျော်ရောင်းစားခံခဲ့ရပါတယ်။ အဲဒီကမှ တဆင့် သူဌေးဆီကနေ
အပိုသုံးဖို့ပေးထားတဲ့ ပိုက်ဆံတွေကိုစုပြီးတော့ မလေးမှာ ရှိနေတဲ့
ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းပြီးတော့
သူတို့ကကယ်လိုက်တဲ့အတွက် ကျနော်တို့ အခုလိုလွတ်မြောက်လာတာ ဖြစ်ပါတယ်။ " ဟု သူက ပြောသည်။
အဆိုပါ ၁၇ ဦးကို ရောင်းစားလိုက်သော
ပွဲစားမှာ ရခိုင်ပြည် ကျောက်တော်မြို့နယ် ရွက်မှိုင်းကျေးရွာက
ကိုမောင်လှဖြစ်ပြီး ၃ ယောက်ကို ၇ သိန်း၊ တစ်ယောက်ကို ဘတ် ၁၅၀၀၀
စီတောင်းစားခဲ့သည်ဟု ကိုသိန်းထွန်းက ဆိုသည်။
" ကျနော်တို့ကို ၃ ယောက်ပေါင်းရင်
ပိုက်ဆံ ၇ သိန်းပေးရမယ်။ ၁ ယောက်တည်းဆိုရင် ဘတ် ၁၅၀၀၀ စီပေးရမယ်လို့
ကတိနဲ့ခေါ်ယူခဲ့တာပါ။ အားလုံးက ၁၇ ယောက်ပေါ့နော်။ ကျနော်တို့ ၃ ယောက်ကတော့
လွတ်မြောက်လာတယ်။ ကျန်တဲ့ ၁၄ ယောက်ကတော့ အခုထိ ရောင်းစားခံနေရတုန်းပါပဲ။
သူတို့ကို အင်ဒိုရီမှာ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ နေရပ်လိပ်စာနဲ့
နာမည်ကိုတော့ အတိအကျမသိပါဘူး။ ဒါပေမယ့် သံတွဲ၊ ကျောက်ဖြူဘက်ကတော့ ပါတယ်။
ကျနော်တို့ လွတ်မြောက်သွားပေမယ့် ကျန်ခဲ့တဲ့ လူတွေအတွက်တော့
စိတ်မကောင်းပါဘူး။ " ဟု သူကပြောသည်။
ကျန်ရှိနေသော ရခိုင်အမျိုးသား ၁၄ ဦးကို
မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံ
လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံမှ
လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ
အမြန်ဆုံးကယ်ဆယ်နိုင်အောင် ကြိုးစားဆောက်ရွက်နေကြသည်ဟု မလေးရှားနိုင်ငံရှိ
ရခိုင်အရေးဆောင်ရွက်နေသူ ကိုမောင်ယေက ပြောသည်။
(သတင်းအရင်းအမြစ်- Arakntimes ၊ ရေးသားသူ- မိုးဇော်)
No comments:
Post a Comment