Showing posts with label စာပီ. Show all posts
Showing posts with label စာပီ. Show all posts

Tuesday, January 6, 2015

အသျှင်မေဓသာရ (ဓမ္မာစရိယ)ရဲ့ လူမျိုးရေးအဓိကရုဏ်းဇစ်မြစ် (သို့မဟုတ်)….. စာအုပ်ထွက်ရှိ


20150106_075531
ပြည်ပတွင် နှစ်ပေါင်းများစွာ သတင်းသုံးနေထိုင်ပြီးနောက် ၂၀၁၄ ခုနှစ်အတွင်းက မြန်မာပြည်သို့ ပြန်လည် ၀င်ရောက်လာသူ အသျှင် မေဓသာရ (ဓမ္မာစရိယ) ရေးသားသော လူမျိုးရေးအဓိကရုဏ်းဇစ်မြစ် (သို့မဟုတ်) မျိုးဆက်ပွား မူဂျာဟစ်သူပုန်နှင့် ပါလီမာန်ခေတ်တွင်း ရခိုင်ပြည် အခြေအနေ (၁၉၄၂-၁၉၆၂) စာအုပ် ယမန်နေ့က ထွက်ရှိလာသည်။
ယင်းစာအုပ်အား အခန်း (၁၁) ခန်း၊ စာမျက်နာ ၁၆၀ ကျော်ပါဝင်ပြီး ဦးလှမြင့် ရခိုင်သားကြီးစာပေက ထုတ်ဝေသည်။
“ ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် ၂၀၁၂ ရခိုင်အရေးအခင်းတုန်းက ဆရာတော်က ပြည်ပမှာဆိုတော့ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတာတွေကို မြင်သာ မြင်ရပြီး ဘာမှ ကူညီပေးနိုင်ခဲ့တာ မရှိဘူး။ ပြည်တွင်းကို ပြန်ရောက်လာတဲ့ အချိန်မှာ ရခိုင်လူမျိုးတွေကို တစ်ခုခုတော့ ကိုယ်သိထားတာတွေနဲ့ ပြန်အကျိုးပြုရင် ကောင်းမှာဘဲဆိုပြီး ဆရာတော် တတ်နိုင်တဲ့ စာပေနဲ့ဘဲ အကျိုးပြုဖို့ ရည်ရွယ်ခဲ့တယ်။ ဒါကြောင့် ဒီစာအုပ်ကိုရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်” ဟု အသျှင် မေဓသာရ (ဓမ္မာစရိယ) က နိရဉ္စရာသို့ ပြောကြားသည်။
အသျှင် မေဓသာရ (ဓမ္မာစရိယ)ရေးသားသော ယင်းစာအုပ်ထဲတွင် ၁၉၄၂ ခုနှစ် ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော ကုလား- ရခိုင် အဓိကရုဏ်းဖြစ်စဉ်များ၊ မူဂျာဟစ်တို့ ရခိုင်ပြည်တွင် သောင်းကျန်းမှုများ၊ လွတ်လပ်ရေး ရပြီးစ ရခိုင်ပြည် နိုင်ငံရေး အခြေအနေများ အပါအ၀င် သမိုင်းဆိုင်ရာ အချက်အလက်များစွာကို အကိုးအကားများဖြင့် ထည့်သွင်းရေးသား ဖေါ်ပြထားသဖြင့် လွတ်လပ်ရေး ရပြီးစ ပါလီမာန် ဒီမိုကရေစီခေတ်အောက်က ရခိုင်ပြည်နယ်၏ အခြေအနေများကို ကွက်ကွက်ကွင်းကွင်း သိရှိနိုင်မည် ဖြစ်သည်။
ဆရာ ဦးမောင်ဗသိန်းကလည်း ‘ နယ်သစ်ချဲ့သူတို့အန္တရာယ် ၀ိုင်းကာကွယ်’ ခေါင်းစည်းဖြင့် အမှာစာရေးသားထားပြီး ဘင်္ဂလီ နယ်သစ်ချဲ့သူများ၏ အန္တရာယ်ကို ကာကွယ်ရန်မှာ ရခိုင်တစ်ခုတည်း၏ တာဝန်ဟု သဘောမထားသင့်ဘဲ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတိုင်း၏ ရှောင်လွဲမရသော တာဝန်တစ်ရပ် ဖြစ်သည်ဟု နှလုံးပိုက်ထားသင့်ကြောင်း အမှာစာတွင် ရေးသားဖေါ်ပြထားသည်။
အသျှင် မေဓသာရ (ဓမ္မာစရိယ)သည် စစ်တွေမြို့ပေါ်ရှိ ကလောင်ရှင် လူငယ်များ စုပေါင်း ထုတ်ဝေသည့် “ ရိုးမတောက်ခေါက်သံ” ကဗျာစာစောင်တွင် ရီလိုင်းပြာ (ဂစ္ဆပ) အမည်ဖြင့် ကဗျာရေးသားပြီး စာပေနယ်ထဲကို စတင် ၀င်ရောက်လာကာ ဦးမေဃိယ (ဓမ္မာစရိယ)၊ပညာနန္ဒ (ရမ်းဗြဲ)၊ ပညာစက္က (ဗာရာဏသီ)၊ စိုးအောင် (ရခိုင်ပြေ) စသော အမည်ခွဲများဖြင့် ဆောင်းပါးများ ရေးသားလျှက် ရှိကြောင်း သိရသည်။
နောက်ထပ် ထုတ်ဝေမည့် စာအုပ်များမှာ “ ထာဝရ ငြိမ်းချမ်းရေး”၊ “ ဆရာကိုင်လမ်းညွှန်နှင့် ဗုဒ္ဓအခါတော်နေ့များ” ၊ “ ပေးစာကပေးသော သမိုင်းစာမျက်နှာ” ၊ “ ကျွန်တော်သိသော မောင်ကျော်လိုင် (အေဒီ)”  အပါအ၀င် စာအုပ် (၁၀) အုပ်ခန့်ကို ရေးသားထုတ်ဝေသွားမည်ဟု သိရသည်။
အသျှင် မေဓသာရ (ဓမ္မာစရိယ)သည် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာ ဇာတိဖြစ်ပြီး နိုင်ငံရေး အခြေအနေများကြောင့် နှစ်ပေါင်း (၃၀) ခန့် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ခိုလူံနေထိုင် သီတင်းသုံးခဲ့ရသည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

“ဇာပိုင်ရီးလို့ ဇာပိုင်ပြော” စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင် ပြုလုပ်

Pan-aung-1
ရခိုင်ဘာသာဗေဒစာပေများကိုအစဉ်တစိုက်ရေးသားနေသည့် ဆရာတော်ဇယန္တ ဗောဓိ(ပန်းအောင်)၏ “ဇာပိုင်ရီးလို့ ဇာပိုင်ပြော”စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်မှာ ရခိုင်စာပေနှင့် ရခိုင်ဘာသာဗေဒကိုလေ့လာလိုက်စားသူများအတွက် အသုံးတည့်မည့် စာအုပ် တစ်အုပ်ဖြစ်ကြောင်း၊  စာအုပ်ပါ စကားလုံးအသုံးအနှုန်းများမှာ တစ်စုံတစ်ရာ နားလည်မူ လွဲမှားစေပါက စာရေးသူနှင့်သာသက် ဆိုင်ကြောင်း စာရေးသူ ဆရာတော် ဇယန္တဗောဓိ(ပန်းအောင်)က မိန့်ကြားသည်။၏
သို့သော်လည်း ဤစာအုပ်အား ရခိုင်ဘာသာစကားနှင့် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ရေးသား ထုတ်ဝေခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
“ရခိုင်စာ၊ ရခိုင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ နောင်တစ်ချိန်မှာ သုတေသနတွေဘာတွေလုပ်တဲ့အခါ အထောက် အကူ ဖြစ်အောင်၊ တတတ်တအားဖြစ်စေဖို့အတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါတယ်”ဟု ဆရာတော်က ဆိုသည်။
pan-aung
၎င်းစာအုပ်မှာ ယခုနှစ်၊ နိုဝင်ဘာလနေ့စွဲဖြင့် ထွက်ရှိလာခြင်းဖြစ်ပြီး တစ်အုပ်လျှင် ၃ဝဝဝ ကျပ်ဖြစ် ကြောင်း သိရသည်။ ယင်းစာအုပ်ကို မလေးရှားရောက် ရခိုင်လူငယ်များ၏ ပံ့ပိုးကူညီမှုဖြင့် ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယခုစာအုပ်၏ခေါင်းစဉ်မှာ ကြီးကျယ်သလောက် အတွင်းတွင်ဖတ်ရသည့်အခြေအနေမှာ ဆရာတော်၏ ကလောင် အမျိုးမျိုးဖြင့် ရေးသားပြီး မဂ္ဂဇင်း၊ စာစောင်များတွင်ဖော်ပြခံခဲ့ရသည့်ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားသည့် ဆောင်းပါး ပေါင်းချုပ်စာအုပ်ကဲ့သို့ဖြစ်နေကြောင်းလည်း စာအုပ်မိတ်ဆက်ပွဲသို့တက်ရောက်လာသည့် စာရေးဆရာ ဂေါယာမြေစောဝင်းက ဝေဖန်ထောက်ပြခဲ့သည်။
စာအုပ်မိတ်ဆက်ပွဲသို့ စစ်တွေမြို့မှ စာရေးဆရာ၊ ကဗျာဆရာ ဦးရေ စုစုပေါင်း ၄ဝ ခန့်တက်ရောက်ခဲ့ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 11, 2014

ရခိုင်တို့ရဲ့ “ ရခိုင်အသံ” ထွက်ပြီ


voice-Arakanရခိုင်ပြည်နယ် အတွက် လစ်ဟာနေတဲ့  ကွက်လပ် တစ်ခုကို ဖြည့်ဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင် သတင်းသမားအချို့ ဦးစီး ထုတ်ဝေတဲ့ “ ရခိုင်အသံ- The Voice of Arakan” ဂျာနယ်ဟာ ဒီကနေ့ နိုဝင်္ဘာလ ၉ ရက်နေ့မှာ စတင် ထွက်ရှိလာပြီ ဖြစ်ပါတယ်။
“ ရခိုင်အသံ ဂျာနယ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ လွတ်လပ်တဲ့ ပုဂ္ဂလိက ပုံနှိပ် မီဒီယာတွေ မရှိသေးတဲ့ အတွက် အဲဒီ လစ်လပ်နေတဲ့ နေရာကို အားဖြည့်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်ပီး ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  ခုလို ထုတ်ဝေရတာ ဖြစ်တယ်” လို့ ရခိုင်အသံ အယ်ဒီတာ မောင်လိုင် (လမု)က ဒီကနေ့မှာ နိရဉ္စရာ သတင်းဌာနကို ထုတ်ဖေါ် ပြောကြားပါတယ်။
ဒါ့အပြင် ဂျာနယ်ကို ၂၀၁၃ ဒီနှစ် အတွင်းမှာ တစ်လကို  ၂ ကြိမ်နုန်းနဲ့ ထုတ်ဝေမှာ ဖြစ်ပြီး၊ ၂၀၁၄ ကစပြီး တစ်ပတ်တစ်ကြိမ် ထုတ်သွားမယ်လို့လည်းသူက ဆိုပါတယ်။
“ အခု ကျွန်တော်တို့က ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အတွဲ ၁၊ အမှတ် ၁ ကို စပြီး ထုတ်ဝေပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဒုတိယ အကြိမ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ နောက်နှစ်ကစလို့ တစ်ပတ် တစ်ကြိမ်နုန်းနဲ့ ထုတ်ဝေသွားမှာပါ” လို့သူက ပြောပါတယ်။
ရခိုင် ပရိတ်သတ်တွေရဲ့ လတ်တလော တုန့်ပြန်မူ အခြေအနေတွေကိုမေးမြန်းရာမှာတော့ သူက ခုလို ရှင်းပြ ပြောဆိုပါတယ်။
“ စာစောင်ကို ၇ ရက်နေ့ ထုတ်မယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံနှိပ်စက်ဘက်က နည်း နည်းအား နည်းသွားတဲ့အတွက် ၉ ရက်နေ့မှ ထုတ်ရတယ်။ အဲဒီအချိန်က စာစောင်ကို ဖတ်လိုတဲ့ ရခိုင်ပြည်နယ် မြို့နယ် အသီးသီးက ပုဂ္ဂိုလ်တွေ ဖုန်းဆက်ပြီးတော့ လှမ်းမေးကြတယ်။ စာစောင် ဘယ်နေ့ ထွက်မှာလဲ။ ဘယ်နေရာမှာ ထွက်မှာလဲ ဆိုတာမျိုးပေါ့။ ရန်ကုန်က ရခိုင်ပရိတ်သတ်တွေကလည်း လှမ်းမေး ကြပါတယ်။ အခု လောလောဆယ်မှာ ကျွန်တော်တို့ ရန်ကုန်မှာ စဖြန့်နေပါပြီ။ ညနေပိုင်း ကားတွေနဲ့ ရခိုင်ပြည်နယ်ကို ပို့မှာပါ။ မနက်ဖြန် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စပြီးဖြန့်ပါမယ်။ ပရိတ်သတ် တွေကတော့ ကြိုပြီး အစောင် ၅၀ မှာတဲ့လူ။ အစောင် ၂၀ မှာတဲ့လူ စသဖြင့်ပေါ့လေ — အဲဒီလို တုန့်ပြန် မှုတွေတော့ ရှိပါတယ်” လို့ သူက ဆိုပါတယ်။
ရခိုင် အသံဂျာနယ် ထွက်ပေါ်လာဖို့အတွက် အဆင့်ဆင့် ဘယ်လိုကြိုးစားခဲ့ရသလဲ ဆိုတာကို မေးတော့ သူက အခုလို ရှင်းပြပါတယ်။
“ ဒီစာစောင် ထွက်ဖို့ အတွက် ပထမဆုံး ပြန်ကြားရေးကို ခွင့်ပြုချက် တင်ရပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့က ယာယီခွင့်ပြုချက် အမှတ် (၆၀၂၀) နဲ့ကျွန်တော်တို့ ခွင့်ပြုချက်ကျပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ သတင်းထောက်တွေ၊ မူလရှိနေတဲ့ သတင်းထောက်တွေ၊ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရခိုင် သတင်းထောက်တွေနဲ့ ဆွေးနွေးပြီး သူတို့အကြံပြုချက်တွေကို ယူတယ်။ သူတို့ ကိုယ်တိုင်လည်း သတင်းတွေရရှိရေး အတွက် ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရခိုင်ပြည်နယ် မြို့နယ်တွေမှာ ရှိတဲ့ Citizen journalists တွေကို စုပြီး ကျွန်တော်တို့ သတင်းထောက် သင်တန်းတွေ ပေးပါတယ်။ သတင်းရေးတဲ့ အတတ်ပညာတွေကို သင်ပေးပြီး သူတို့ ကိုယ်တိုင်းကလည်း တစ်ခြား ပြည်မမှာ ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ ရေးကြတယ်။  ထိုနည်းတူစွာ အခုကျွန်တော်တို့ ရခိုင်အသံ သတင်းဂျာနယ်မှာ သတင်းတွေ ရေးပေးကြပါတယ်။ အခက်ခဲ တွေကတော့ ကျွန်တော်တို့မှာ နည်းပညာ အခက်အခဲရှိတယ်။ ဖြန့်ချီရေး အပိုင်းတွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ နောက်တခု အဓိကကျတာကတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တခြား ပြည်နယ် တွေနဲ့ နှိုင်းယှဉ်ရင် စာဖတ်အား နည်းနေတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျွန်တော်တို့ရဲ့ အကြောင်းအရာ စုံစုံညီညီကို သိရှိပြီး ဖွံ့ဖြိုးတိုးတက်မယ် ဆိုရင် စာများများ ဖတ်ဖို့လိုပါတယ်။”
အခု ဂျာနယ် စောင်ရေက ပထမဆုံး အကြိမ် ၂၀၀၀ ထုတ်ဝေတာ ဖြစ်ပြီး တစ်စောင်ကို ၃၀၀ ကျပ်နှုန်းနဲ့ ဖြန့်ချီ မယ်လို့ သူက ဆိုပါမယ်။ နောက်ပိုင်းမှာတော့ စာစောင်အရေအတွက် များလာတာနဲ့အမျှ ပြည်သူလူထု ဖတ်ရှု့နှိုင်တဲ့ ဈေးနဲ့ ဈေးနှုန်းကို လျှော့ပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင် အသံဂျာနယ်ရဲ့  ထုတ်ဝေသူကတော့ ဒေါ်ခင်အေးမော် ( သတင်းထောက် မြတ်နိုးသာ)  ဖြစ်ပြီး အယ်ဒီတာချုပ်ကတော့ ကိုသိန်းလိုင် (ခေါ်) မောင်လှိုင် (လမု)က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
စာစောင်နဲ့ပတ်သတ်ပြီး ရခိုင်စာဖတ် ပရိတ်သတ်တွေကို ဘာများ ပြောချင်ပါသလို့ မေးတော့ ဂျာနယ်ရဲ့ အယ်ဒီတာ မောင်လိုင် ( လမု)က ………………
“ ဒီနေ့ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက် (ကွက်လပ်) လေးတစ်ခုကို ကျွန်တော်တို့ ဖြည့်ပေးခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ငွေကြေး၊ နည်းပညာ အဘက်ဘက်က ပြည့်စုံနေတာတော့ မဟုတ်ပါ။ သို့သော်လည်းဘဲ ကိုယ့်ရခိုင်ပြည်နယ်မှာ အမှန်တကယ်လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခု၊ ပြည်သူ လူထု နိုးကြားတက်ကြွလာဖို့ ပြည်သူလူထု အသိပညာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီစာစောင်ဖြန့်ချီိဖို့အတွက် ၀ိုင်းဝန်း အားပေးကြတဲ့ သူတွေကို ကျေးဇူးတင်သလို ပြည်သူလူထုအနေနဲ့လည်း ၀ယ်ယူ ဖတ်ရှု့ အားပေး ကြဖို့နဲ့ ဝေဖန် အကြံပေးကြဖို့ ကျွန်တော် တို့အနေနဲ့ အနူးအညွတ်မေတ္တာ ရပ်ခံပါတယ်” လို့ သူက ပြောဆိုသွားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, November 5, 2014

ဇယန္တဗောဓိ(ပန်းအောင်) ရေးသားသော ရခိုင်စာ၊ ရခိုင်စကား စာအုပ်ထွက်ရှိ

IMG_20141028_090309
ဆရာတော် ဇယန္တဗောဓိ (ကလောင်အမည်- ပန်းအောင်) ရေးသားသော ရခိုင်စာ ရခိုင်စကား ( ဇာပိုင်ရီးလို့ ဇာပိုင်ပြော) စာအုပ်သည် များမကြာမီက ထွက်ရှိလာသည်။
ယင်းစာအုပ်အား “ ရခိုင်စာပီနန့်ဘာသာစကား သုတေသနအသင်း (စစ်တွေ)”  မှ ထုတ်ဝေခြင်း ဖြစ်ပြီး ဦးစံလှမောင်ပိုင် စန္ဒာဝင်း ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး ဒေါ်သင်းသင်းမွန်ပိုင် သင်းစာပေမှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ရက်စွဲဖြင့် ထုတ်ဝေသည်။
“ရခိုင်စာ ရခိုင်စကား” စာအုပ်ရေးသားပြုစု ထုတ်ဝေရခြင်းနှင့် ပတ်သက်ပြီး စာရေးသူ ဆရာတော် ဇယန္တဗောဓိအား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ ဆရာတော်က ယခုလို ပြောကြားသည်။
“ ငါရို့ (တို့) ရခိုင်မှာ ရခိုင်စာပီ (စာပေ)ဆိုတာ ရှေးကလည်း ရှိခဲ့တယ်။ ရှေးက ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရခိုင်စာပေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ အခု ပျောက်ကွယ်နေတဲ့ ရခိုင်စာပေကို  ပြန်လည် ဖေါ်ထုတ်ပြီး  တဖြည်းဖြည်းနဲ့ တိုးတက် မြင့်တင် လာတဲ့ အဆင့်ကို ရောက်ရှိလာတာကို တွေ့ရတယ်။ အဲသလို မြင့်တင် ဖေါ်ထုတ်တဲ့ နေရာမှာ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်နိုင်အောင် ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးသား ပြုစုရတာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
ယင်းပြင်စာအုပ်တွင် ကဏ္ဍအလိုက် အသီးသီးရေးသားထားသော ဆောင်းပါးတွေကို ဖတ်ကြည့်ခြင်းဖြင့်လည်း ရခိုင်စာကို မည်သို့ မည်ပုံ ရေးသားရမည်ကို သဘောပေါက်နိုင်ကြောင်း ဆရာတော်က ပြောကြားသည်။
“ အထူးသဖြင့် ရခိုင်စာသင်ကြားရေးမှာလည်း အသုံးချနိုင်အောင် ဆိုပြီးတော့ ရည်ရွယ်ပါတယ်။ အခုဆို ရခိုင်စာသင်ကြားရေးကိုလည်း အနည်းအကျဉ်း ဖွင့်ပေးလာတဲ့ အခါ ဆရာတွေ ကိုင်မယ့် လက်စွဲစာအုပ်ကလည်း မရှိသေးဘူး။ မရှိတဲ့ စပ်ကြားမှာ ဒီစာအုပ်ဟာ ရခိုင်စာသင်ကြားမယ့် ဆရာ ဆရာမတွေကိုလည်း တနည်းတဖုံ အကျိုးပြုနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။
ယခုစာအုပ်ပါ ဆောင်းပါးများမှ ၁၉၉၃ ခုနောက်ပိုင်း ရခိုင်မဂ္ဂဇင်း အသီးသီးတွင် ရခိုင်ကဲ့သို့ ရေးသားထားသော  စာများကို စုပေါင်း ထားခြင်း ဖြစ်သည်ဟု သိရသည်။
ရခိုင်စာဖတ်ပရိသတ်များကိုလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။
“ ရခိုင်လူမျိုးဟာ ရခိုင်စကားကို ပြောပြီးကေ ရခိုင်စာကိုရေးသားနိုင်ဖို့လိုတယ်။  ကိုယ့်စာကို ကိုယ်စာမှန်းသိပြီးကေ ကိုယ့်စာကို မြတ်မြတ်နိုးနိုး ရေးသားနိုင်အောင် အာသီသရှိဖို့လိုတယ်လို့ ပြောလိုပါတယ်။ ဒီစာအုပ်က ဒါကို ရည်ရွယ်ပါတယ်” ဟု ဆိုသည်။
“ရခိုင်စာ ရခိုင်စကား” စာအုပ်မှာ စာမျက်နာ (၅၀၀) နီးပါးပါရှိပြီး ကဏ္ဍ (၄) ခုနှင့် နောက်ဆက်တွဲ အခန်းတစ်ခန်း ပါဝင်သည်။
ယင်းစာအုပ်အား ထုတ်ဝေနိုင်ရေး အတွက် ဦးကျော်ဇောဦးက ၂၀၀၀၀ကျပ်၊ ဒေါ်နှင်းနုခိုင်က ၂၀၀၀၀ကျပ်၊ မောင်နိုင်လင်းဦးမှ ၁၀၀၀၀ ကျပ်၊ ဆရာမောင်ဗသိန်း+ လေးဝတီခိုင်ကျော်+ ကျော်စိုးလူ) တို့မှ ၅၀၀၀၀ ကျပ်၊ ရက္ခိတသွီး ရက္ခိတသားမှ ၁၂၆၁၉၂ ကျပ်၊ စေတနာသျှင် တစ်ယောက်မှ ၁၀၀၀၀ ကျပ်၊ Moe Lwon က ၄၉၆၀၀ ကျပ်၊ ရိုးလှသန္တာမှ ၄၉၆၀၀ ကျပ်၊ ပေါက်ချေမှ  ၃၅၀၀၀ ကျပ်၊ ဦးဦးသာဇံ ရသေ့တောင်မြို့နယ် (လောင်းချောင်း)မှ ၁၅၀၀၀ ကျပ်၊ လှလှဧ မှ ၁၅၀၀၀ ကျပ်၊ ဦးသိန်းအောင်ကျော်က ၁၁၆၀၀၀ ကျပ်၊ Mrunt Twan မှ ၅၀ ရိန်းဂိ၊ ရာမောင်ကျွန်းသားချေမှ  ၁၀၀ ရိန်းဂိ၊ Naung Naung Chay က ၁၀၀ ရိန်းဂိနှင့် အာရကန် ဒိုးချေမှ ၁၀၀ ရိန်းဂိ စီ ထည့်ဝင် ကူညီထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ယဉ်ကျေးမှု၊ သမိုင်း၊ စာပေများကို ယခုခေတ် ရခိုင်လူငယ်များလေ့လာလိုက်စားမှုနည်းပါးဟုဆို

0011
ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်းအထောက်အထားများနှင့် စာပေများကို ယခုခေတ်လူငယ်များ လေ့လာ လိုက်စားမှုနည်းပါးလာနေကြောင်း ရခိုင်သက်ကြီးပိုင်း အချို့က ပြောဆိုသည်။
ရှေးရခိုင်များ၏ “ရခိုင်သမိုင်းစာပေများ၊ ရခိုင်သမိုင်း ဓာတ်ပုံရုပ်ကြွင်းများ၊ ရခိုင်ယဉ်ကျေးမှုပြပွဲ” တစ်ခုကို ခင်းကျင်း ပြသနေစဉ် အတွင်း နိရဉ္စရာမှ မေးမြန်းစဉ် ထိုသို့  သက်ကြီးပိုင်းများက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ရခိုင်တွင် ခေတ်အဆက်ဆက် ထင်ရှားခဲ့ကြသည့် ဆရာတော် ဦးဥတ္တမ ကဲ့သို့သော ပုဂ္ဂိုလ်ထူးများ၊ ပညာရှင်များ၊ ရခိုင်သူများ၏ရိုးရာ ဝတ်စားဆင်ယင်ပုံများ၊ ရခိုင့် စာပေနှင့် သက်ဆိုင်သည့် ကျမ်းစာအုပ်များ၊ ဓာတ်ပုံများနှင့် ကျောက်စာ များ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်း နန်းရာကုန်းမှ ထွက်ရှိသည့် လူ့အသုံးအဆောင် ပစ္စည်း အပိုင်းအစများ၊ ရခိုင့်ရိုးရာရက္ကန်းရက်လုပ်နေသည့်ပုံများ၊ ရခိုင်စည်တော်နှင့် ရိုးရာ ကျင်ကစားကွက် ဓာတ်ပုံများကို စနစ်တကျ ခင်းကျင်းပြသထားသော ပြပွဲ တစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပြသနေသည်။
0012
“ရှေးခေတ်က ရခိုင်စာပေပညာရှင်တွေ၊ မင်းကောင်းမင်းမြတ်တွေ၊ ရခိုင်လူမျိုးတွေ ဆောင်ရွက် ခဲ့ကြတဲ့ ဘုရားစေတီ၊ တိုင်းပြည်နိုင်ငံ၊ ရခိုင်စာပေယဉ်ကျေးမူတွေ လွှမ်းမိုးခဲ့ကြတာတွေကို အခု ခေတ်လူငယ်လေးတွေ သိစေချင်ပါတယ်။ ဒီအတွက် ခုလို ပြပွဲမျိုးကျင်းပရတာပါ” ဟု စစ်တွေမြို့ရှိ သာကီမဏ္ဍိုင်စာပီဝိုင်း၏ နယကဖြစ်သူ ဦးမောင်သိန်းထွန်းက ယင်း၏ ဆန္ဒကို ထုတ်ဖော် ပြောသည်။
ယနေ့ခေတ် လူငယ်များအနေဖြင့် ရခိုင့်ယဉ်ကျေးမှုဆိုင်ရာသမိုင်းအထောက်အထားများနှင့် စာပေများကို လေ့လာ လိုက်စားမှု မရှိဘဲ အားလပ်ချိန်များတွင် အင်တာနက်၊ ဂိမ်းကဲ့သို့သော အီလက်ထရွန်းနစ်ပစ္စည်းများကို အလွန်အကျွံ သုံးစွဲနေကြသည့်အပြင် အရက်သေစာများကိုလည်း ပိုမို သောက်စားလာကြသည်ကို တွေ့ရသည့် အတွက် မိမိတို့ ရခိုင်နှင့် ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို သိရှိမှုနည်းပါးလာ နေခြင်းဖြစ်ကြောင်း ဝေဖန် ပြောဆိုသည်။
ယခု ပြပွဲကို စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ် ကျင်းပနေခြင်း ဖြစ်ပြီး  ရခိုင်လူငယ်များအနေဖြင့် ရခိုင်နှင့်ပတ်သက်သည့် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေအကြောင်းအရာ များကို ပိုမိုသိရှိလာစေရန် အတွက် ရည်ရွယ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သာကီမဏ္ဍိုင်စာပီဝိုင်းမှ ဦးကျော်ဇံမောင်က ပြောသည်။
“ဒီလိုမျိုးထုတ်ဖော်မပြသရင် ကျွန်တော်တို့ရခိုင်မှာ တစ်ချိန်ကရှိခဲ့တဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ  အထောက် အထားတွေ၊ မှတ်တမ်းမှတ်ရာတွေကို ရခိုင်လူငယ်တွေ သိလာတော့မှာမဟုတ် ပါဘူး”ဟု သူက ပြောသည်။
ရခိုင်လူငယ် အများစု အနေဖြင့် ရခိုင်သမိုင်းအထောက်များနှင့် ရိုးရာယဉ်ကျေးမှုများစသည် များကို လေ့လာလိုက်စားခြင်း မရှိသည့် အတွက် ယခုကဲ့သို့ ပြပွဲများပြုလုပ်ခြင်းဖြင့် လေ့လာလိုက်စားလိုသည့် အသိစိတ် များရရှိနိုင်သွားမည်ဟု ယုံကြည်ကြောင်း စစ်တွေတက္ကသိုလ်၊ အင်္ဂလိပ်စာမေဂျာမှ ကိုမြတ်ကျော်သိန်း က ယင်း၏အမြင်ကိုပြောသည်။
0013
“ဒီလိုပြပွဲတွေလုပ်တာ အရင်တုန်းကမရှိခဲ့တဲ့ အတွက် ရခိုင်လူငယ်တွေ အများစုက ကိုယ့်လူမျိုးရဲ့ သမိုင်းတန်ဖိုးကို မသိဘူး။ ခုလို သိခွင့်ရလာတော့ အပျက်အစီး လျှော့နည်းလာနိုင်ပါတယ်”ဟု သူက ဆိုသည်။
ရခိုင်လူငယ်များ အနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမူ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလိုသော စိတ်ဓါတ်မရှိပါက ရခိုင်လူမျိုးမှာ များမကြာမီ ပျောက်ကွယ်သွားနိုင်သည်ဟု သူကဆိုသည်။
“ဒီလိုမျိုးသာ ရခိုင်လူငယ်တွေ ကိုယ့်ရခိုင်နဲ့ပတ်သက်ပြီး လေ့လာလိုက်စားမှုလည်း မရှိဘူး၊ သမိုင်းမှာဖြစ်တည်ခဲ့တဲ့ ကိုယ့်ပြည်နဲ့ ကိုယ့်လူမျိုးကိုလည်း မထိန်းသိမ်း၊ မစောင့်ရှောက်ဘူးဆိုရင် ကျွန် တော်တို့ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေဟာ နောင်တစ်ချိန်မှာ ပျူလူမျိုးတွေပျောက်ကွယ်သလိုမျိုး ပျောက် ကွယ်သွားပါလိမ့်မယ်”ဟု သူက သုံးသပ်ပြောသည်။
သာကီမဏ္ဍိုင်စာပီဝိုင်းကဦးဆောင်ပြုလုပ်နေသော အဆိုပါပြပွဲကို စိတ်ပါဝင်စားသူ အများအပြားက နေ့စဉ် လာရောက်ကြသည်ဟု  ပွဲစီစဉ်သူများက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 4, 2014

ရခိုင်သမိုင်း ကျောက်စာသင်တန်းဖွင့်ပွဲအခမ်းအနား စစ်တွေမြို့တွင်ကျင်းပ

Photo
ရခိုင်သမိုင်းကျောက်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားအား အဆိုပါနေ့ နေ့လည် (၁၂) နာရီ အချိန်တွင် ဂြစ်ဘက်ကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ရာ သာကီမဏ္ဍိုင် စာပီဝိုင်း အဖွဲ့ ဝင်များဖြစ်သည့် ဦးမောင်သိန်းထွန်း ၊ ဦးသိန်းလွင် ၊ ဦးအောင်လှသိန်းနှင့် ဦးကျော်ဇံမောင်တို့ အပါအ၀င် ရခိုင်သမိုင်းကို စိတ်ဝင်စားသူ လူပေါင်း(၄၀) နီးပါး တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် သာကီမဏ္ဍိုင် သဘာပတိ နာယက ဦးမောင်သိန်းထွန်းက အဖွင့်မှာစကား ယခုကဲ့သို့ ပြောကြားသည်။
“ ကျွန်တော်တို့ ရဲ့ အခုအစီအစဉ်ဟာ သာကီမဏ္ဍိုင်စာပီဝိုင်း ခြေလှမ်းဟာ တတိယ အကြိမ်မြောက် ခြေလှမ်းဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ်နဲ့ ဒုတိယအကြိမ် ကျနော်တို့ ရှေးဟောင်း သမိုင်းဝင်ဘုရားများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခု တစ်ကြိမ်မှာတော့ ရခိုင်သမိုင်း သုတေသီ ဆရာဦးအောင်လှသိန်းနဲ့ ဆရာ ဦးကျော်ဇံမောင်တို့   ဦးစီးပြီး ရခိုင်သမိုင်း နဲ့ ရခိုင်ကျောက်စာသင်တန်းကို ရခိုင်လူငယ်လေးတွေကို သမိုင်း လက်ဆင့်ကမ်း  အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဦးမောင်သိန်းထွန်းက ကိုယ့်သမိုင်းကို မသိရင် စကားမပြောတတ်သော လူနှင့် တူသည်ဟု ဆိုသည်။
“ လူရယ်လို့ ဖြစ်လာရင် ကိုယ့်သမိုင်းကို ကိုယ်သိရမယ်။ ကိုသမိုင်းကို ကိုယ်မသိရင် စကားမပြောတတ်တဲ့ ‘အ’ နေတဲ့ သူနဲ့ တူတယ်။ ဒီအတွက်ကြောင့် ရခိုင် သမိုင်း ပညာရှင်တွေပြောသလို့ ရခိုင်သမိုင်းကို ရခိုင်သူ ရခိုင်သားတိုင်း သိဖို့  လို့ အပ်ပါတယ်။ ကျောက်စာပညာနဲ့ ရခိုင်မျိုးရဲ့သမိုင်းကိုလည်း သိထားဖို့ လို့ အပ်ပါတယ်” ဟု ဆိုသည်။
ယင်းပြင် ဦးမောင်သိန်းထွန်းက “ လက်တွဲပြီးတော့ အကြံကောင်း ဥာဏ်ကောင်းများ ပေးကြပါ၊  လူဆိုတာ အားနည်းချက်အားသာချက်ဆိုတာရှိကြပါတယ်၊ လိုအပ်ချက်တွေက ရှိစမြဲပါ၊ မပြည့်စုံတာကို ပြည့်စုံအောင်ဖြည့်စွက်ပေးကြပါလို့ ပြောကြားချင်ပါတယ် “ ဟု ပြောကြားခဲ့သည်။
အဆိုပါ ရခိုင်သမိုင်း ကျောက်စာ သင်တန်းကို တစ်ပတ်တွင် လေးရက်စီ သင်ကြားပေးသွားမည့် ဖြစ်ကြောင်း သင်တန်းသူ တစ်ဦးမှ  နိရဉ္စရာသို့  ပြော ကြားခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)