Showing posts with label ရထားဆွဲပွဲ. Show all posts
Showing posts with label ရထားဆွဲပွဲ. Show all posts

Monday, February 2, 2015

သတ္တမကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာရထားဆွဲပွဲ အထူးစည်ကား

DSC02627
သတ္တမအကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို ဖေဖေါ်ရီလ ၁ ရက်နေ့က စတင်ကျင်းပရာ လူသောင်းချီ ပါဝင်ဆင်နွှဲခဲ့ပြီး အထူးစည်ကားခဲ့ကြောင်း သတင်း ရရှိသည်။
ယခုနှစ် ရထားဆွဲပွဲတော်ကို စစ်တွေမြို့မှ ရခိုင်ရိုးရာဖော်ထုတ်ရေးနှင့် ထိန်းသိမ်းရေးအဖွဲ့အပါအဝင် မြို့ခံများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် စုပေါင်း ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
“ရခိုင်ပြည်မှာ စပါးဆန်ရေ ပွားများရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မျိုးဆက်သစ်လူငယ်တွေ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိပြီး စဉ်လာမပျက်ဖေါ်ထုတ်လားနိုင်ရေး၊ လူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို တခြားလူမျိုးတွေက သိရှိပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုး ချစ်ကြည်လေးစားမှု ရရှိလာစေဖို့ အခုလိုကျင်းပရတာဖြစ်ပါတယ်”ဟု ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူးလည်းဖြစ်၊ ရခိုင်ရိုးရာ ဖေါ်ထုတ်ရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးဝိုင်းမောင်က ပြောသည်။
ရထားဆွဲပွဲ ပထမနေ့ ဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့ INGO နှင့် နိုင်တကာ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အခြားနိုင်ငံခြား ဧည့်သည်များကလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ပွဲဦးထွက် ရထားဆွဲပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျင်းပရေးကော်မတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ဆွဲကြရာ ကျင်းပရေးကော်မတီအဖွဲ့က အနိုင်ရရှိခဲ့ပြီး ထိုသို့ ရထားဆွဲရာတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီးများနှင့် ၀န်ထမ်းများသာမက ဝန်ကြီးကတော်များနှင့် အမျိုးသမီးများကလည်း အားပါးတရ ဝင်ရောက်ဆွဲခဲ့ကြသည်။
DSC02492
“ရခိုင်ရိုးရာကိုအစဉ်အလာမပျက်ရအောင် ဖေါ်ထုတ်ပေးတဲ့အတွက် စီစဉ်ကျင်းပပေးတဲ့ လူကြီးတွေကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်မှ ဦးမောင်သာထွန်းက ပြောသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဗုဒ္ဓပူဇနိယအက၊ ဝေသာလီ ယိမ်းအက၊ ပိုးဝါအက၊ ရထားပန်းယာဉ်ယိမ်းအက၊ သျှိန်ဒိုင်အကတို့အပါအဝင် ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်၏ မဟာနွယ်တေးသီချင်းနောက်ခံ အကများဖြင့် တင်ဆက်ကပြသွားခဲ့သည်။
ရထားဆွဲပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ရထားဆွဲပွဲသည် ရခိုင်သားများ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်အတွက် ဂုဏ်ပြုသည့်အနေဖြင့် ရခိုင်ဘာသာဖြင့် ပြောကြားသွားမည်ဟု အစချီပြောကြားခဲ့သည်။
“ရခိုင်လူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာနဲ့အညီ ရိုးရာအစဉ်အလာတွေ၊ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုတွေ ရှိကြတဲ့အတိုင်း ရခိုင်ရိုးရာ အစဉ်အလာမပျက် ကျင်းပတဲ့ပွဲတွေထဲက ဒီရထားဆွဲပွဲကိုလည်း နှစ်စဉ်ရိုးရာမပျက် ကျင်းပလာခဲ့ကြတယ်လို့ သိရပါတယ်”ဟု ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
ရခိုင်ပြည်တွင် ရထားဆွဲပွဲကို တတိယ ဓည၀တီခေတ် စန္ဒသူရိယမင်းလက် BC ၆ ရာစုက စတင်ကျင်းပခဲ့သည်ဟု သိရသည်။ ပြီးလျှင်ဝေသာလီ ကျောက်လှေကားခေတ်၊ အေဒီ ၃၂၇ မှ ၈၁၈ ထိ၎င်း၊ လေးမြို့ခေတ် အေဒီ ၈၁၈ မှ ၁၄၃၀ ထိ၎င်း၊ မြောက်ဦးခေတ် အေဒီ ၁၄၃၀ မှ ၁၇၈၄ ထိ ခေတ်အဆက်ဆက် ကျင်းပလာခဲ့သည်ဟု ၀န်ကြီးချုပ် အမှာစကားတွင် ထည့်ပြောခဲ့သည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲကို တောင်သူလယ်သမားများ ကောက်ရိတ်သိမ်းပြီးချိန်ဖြစ်သော တပို့တွဲလမှာနှစ်စဉ်ကျင်းပတတ်ကြပြီး ယင်းပွဲကို သမန်ကာချန်ကာ ပျော်ပွဲတစ်ရပ်အနေဖြင့် ကျင်းပခဲ့ကြခြင်းမဟုတ်ဘဲ ရှေးခေတ်ရခိုင်သားများက ရထားပွဲကို ကျင်းပခြင်းအားဖြင့် ရာသီဥတုမျှတပြီး လယ်ယာထွက်သီးနှံ အထွက်တိုးပွားများကာ တိုင်းပြည် အေးချမ်းသာယာသည်ဟု ယုံကြည်ကျင်းပခဲ့ကြခြင်း ဖြစ်သည်ဟု လေ့လာသိရှိရသည်။
“ယခုအချိန်အခါဟာ ရခိုင်ပြည်နယ်ရဲ့ဂုဏ်သိက္ခာ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာကို အမြင့်မားဆုံးမှာ ဖေါ်ထုတ်ပြသနိုင်တဲ့ အချိန်အခါသမယလည်း ဖြစ်တယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က ရထားဆွဲပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကလည်း ရခိုင်ရိုးရာကို ရခိုင်သားများက ဆက်လက်မထိန်းသိမ်းကြလျှင် ရခိုင်ရိုးရာ တိမ်ကောပပျောက်သွားမည်ဖြစ်ပြီး ထိုသို့ပျောက်ကွယ်သွားလျှင် လူမျိုးပါပျောက်ကွယ်သွားမည့် အခြေအနေရှိနေသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ရခိုင်ရိုးရာစဉ်လာမပျက် ရထားဆွဲပွဲတော်ကို ရာသီနဲ့ကိုက်ညီအောင် ရခိုင်သားတွေက ဆင်ယင် ကျင်းပ နိုင်တဲ့အတွက် မင်္ဂလာရှိတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ ယခုလို ပွဲတော်တွေ ကျင်းပခြင်းအားဖြင့် မိမိတို့ ဇာတိတွေကို မမေ့ဖို့ အတွေးအခေါ်တွေ စိတ်ဓါတ်တွေ ၀င်လာနိုင်ပါတယ်”ဟု သူမကပြောသည်။
ရထားဆွဲပွဲ မစတင်မီ ရထားဆွဲပွဲ အောင်မြင်ပြီးမြောက်စေရန်အတွက် ရခိုင်ရိုးရာအဖွဲ့ခေါင်းဆောင် ဆရာကျော်ဇံမောင်က ဦးဆောင်၍ ရခိုင်စည်တော်တီး၊ ခရုသင်းမှုတ်ကာ ရခိုင်ပြည်စောင့်နတ်များနှင့် သမာဒေ၀ နတ်ကောင်းနတ်မြတ်များကို ပူဇော်ပသခဲ့ကြသည်။
“ယခင်နှစ်တွေနဲ့မတူဘဲ ဒီနှစ်မှာ ထူးထူးခြားခြားကျင်းပတဲ့အတွက် အများကြီးဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ ရခိုင်ရိုးရာကိုဝတ်ဆင်ပြီး ကဒ်ကိုင်ရတဲ့အတွက် အများကြီးပျော်ရွှင်မိပါတယ်”ဟု စစ်တွေတက္ကသိုလ်မှ အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကျောင်းသူ မချယ်ရီလင်းက ပြောသည်။
DSC02637ယခုနှစ် စစ်တွေမြို့လုံးကျွတ်ပွဲတော်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ၃ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး SKY NET TV Channel မှ သုံးရက်လုံး မြန်မာနိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဟု သိရသည်။
စစ်တွေမြို့လုံးကျွတ်ရထားဆွဲပွဲတွင် ရပ်ကွက်အလိုက် သံချပ်ပြိုင်ပွဲ ၀င်ပြိုင်မှုများကိုပါ ပြုလုပ်ကြသည်ကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ်တွင် နှစ် ၄၀ ကြာ ပျောက်ကွယ်နေခဲ့သော ရိုးရာရထားပွဲကို စစ်တွေမြို့ရှိ ရခိုင်ရိုးရာ ဖေါ်ထုတ်ရေးနှင့် ထိန်းသိမ်းရေးအဖွဲ့နှင့် မိဇံရပ်ကွက်တို့က ၂၀၀၉ ခုနှစ်တွင် ပြန်လည်ဖေါ်ထုတ် ကျင်းပခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)