အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ
ဗုဒ္ဓဂါယာအတွင်း အကြမ်းဖက်များဟု ယူဆရသူ လူတစ်စုမှ
ဝင်ရောက်ဗုံးဖေါက်ခွဲမှုကြောင့် ဒဏ်ရာရရှိသွားသော သံဃာတော်နှစ်ပါးနှင့်
အဆောက်အဦး အနည်းငယ်ပျက်စီးသွားခြင်းအပေါ် ထိုင်းနိုင်ငံရောက်
ဗုဒ္ဓရဟန်းတော်များအပါအ၀င် နိုင်ငံတကာ ကျောင်းသားတချို့ စုစုပေါင်း ၃၀၀
ခန့်မှ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ဇူလိုင်လ ၁၀ ရက်နေ့က
ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်ကမ္ဘာလုံး၌ရှိသော ဗုဒ္ဓဘာသာဝင်များမှ
အမြတ်တနိုးတန်ဖိုးထားရသော ဗုဒ္ဓဂါယာအား ဗုံးဖေါက်ခွဲခဲ့သည့် တရားခံများကို
တိတိကျကျ ဖော်ထုတ်ပေးရန်၊ အိန္ဒိယအစိုးရမှ ဗုဒ္ဓဘုရားရှင်
ပွင့်တော်မူခဲ့သောနေရာ ဗုဒ္ဓဂါယာကို အပြည့်အဝ ကာကွယ်ပေးရန် ကုလသမဂ္ဂ ဌာနချုပ်
(UN)ရုံးနှင့် အိန္ဒိယသံရုံးရှေ့သို့သွား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ မြန်မာရဟန်းတော် အရှင်ဝဏ္ဏသီရိက
" အခုလောလောဆယ် ဗုဒ္ဓဂါယာမှာ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာရဲ့
ပင်မချက်မြုပ်ဖြစ်တဲ့၊ ဗုဒ္ဓဘုရား ပွင့်တော်မှုခဲ့တဲ့ မဟာဗောဓိပင်ကို
အကြမ်းဖက်တာကို ကာကွယ်တဲ့ အနေနဲ့ရော၊ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုရဲ့ တရားခံကို
တိတိကျကျ ဖော်ထုတ်ပေးဖို့အတွက်ပါ ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်။ ဦးဇင်းတို့ MCU
(Mahachula longkorn rajavidyalaya University)တက္ကသိုလ်ကနေ နံနက် ၆
နာရီခွဲကစပြီးတော့ ကား ၄ စီးနဲ့ စထွက်ကြပါတယ်။ ပြီးတော့ မြဘုရားနားမှာ
လူစုပြီးတော့ ၈ နာရီကနေ ၁၀ နာရီထိ UN ရုံးရှေ့ ဆန္ဒဖော်ထုတ်တယ်။ နေ့ခင်းဖက်
၁၂ နာရီကနေ ညနေ ၂ နာရီထိက India သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ပြီးတော့
ဦးဇင်းတို့ရဲ့ လိုလားချက်တွေကို စုပေါင်းထားတဲ့ Statement တွေကိုလည်း
သက်ဆိုင်ရာ အိန္ဒိယသံရုံးနှင့် ကုလသမဂ္ဂရုံးကို ပို့ပေးနိုင်ခဲ့တယ်။ " ဟု ဆရာတော်က မိန့်သည်။
ဆန္ဒဖော်ထုတ်သူများမှာ ထိုင်းဘာသာ စကားဖြင့်
ရေးသားထာားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားပြီး ဗုဒ္ဓဂါယာတွင်
အကြမ်းဖက်ခံခဲ့ရသည့် သံဃာတော် ဓါတ်ပုံများကိုလည်း ကိုင်ဆောင်လာကာ တချို့သော
သံဃာတော်များမှာလည်း Save Buddhist State နှင့် Save world Heritage
လို့ရေးထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍
ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆရာတော်က မိန့်ဆိုသည်။
ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုသည်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများနှင့် ဆက်စပ်ပြောဆို၍
မရနိုင်ကြောင်း၊ အမှန်တကယ်ပြောမည်ဆိုလျှင် တခြားနေရာတွင် ဖြစ်ပွားနေသော
အခြေအနေများကိုလည်း ဆက်စပ်၍ ပြောဆိုသင့်ကြောင်းကို ကိုယ်တော် အရှင်ဝဏ္ဏသီရိက
ယခုလို မိန့်ကြားသည်။
" ဦးဇင်းအနေနဲ့ကတော့
မြန်မာနိုင်ငံမှာ ဖြစ်နေတာတခုတည်းကို ဆက်စပ်ရုံနဲ့ ပြည့်စုံမယ်လို့မထင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီဆက်စပ်မှုက မူဆလင်နဲ့ ဖြစ်နေတာ ဖြစ်တဲ့အတွက်
တခြားဆက်စပ်မှုတွေကိုလည်း ဦးဇင်း ထည့်သွင်းစဉ်းစားရလိမ့်လို့ ထင်တယ်။ ဥပမာ
ထိုင်းနိုင်ငံ တောင်ပိုင်းမှာဆိုရင် နေ့စဉ်ဆိုသလို၊ အပတ်စဉ်ဆိုသလို
ဖြစ်နေတဲ့ ဗုံးခွဲ၊ ဖျက်ဆီး၊ အကြမ်းဖက်တာတွေကိုလည်း ဆက်စပ်မှု တစ်ခုအနေနဲ့
ယူလို့ရလိမ့်မယ်။ အဲဒီလိုမျိုးပဲ တခြားအဲဒါထက် အခြေအနေဆိုးတဲ့ မူဆလင်တွေနဲ့
ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ယူမယ်ဆိုရင် အရင်ကတည်းက ဖြစ်နေတဲ့
အာဖဂန်နက်စတန်တို့၊ အီရန်တို့နဲ့ ဆက်စပ်မှုတွေကိုပါ ယူရလိမ့်မယ်လို့
မြင်တယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်က
အကြောင်းအရာတစ်ခုတည်းကို ယူရင်တော့ ပြည့်စုံမယ်လို့ မထင်ပါဘူး။
အနည်းဆုံးတော့ ထိုင်းနိုင်ငံတောင်ပိုင်းက အခြေအနေကိုယူပြီး ဆက်စပ်
ကြည့်သင့်တယ်လို့ သုံးသပ်တယ်။ " ဟု မိန့်ကြားသည်။
လွန်ခဲ့သော ဇူလိုင်လ ၇ ရက်နေ့က
အိန္ဒိယနိုင်ငံ သီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာအတွင်း ဗုံးပေါက်ကွဲမှု ၉
ကြိမ်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားခဲ့ရာ မြန်မာသံဃာတော် သံဃာတော်တစ်ပါး၊
တိဘတ်သံဃာတော်တစ်ပါးနှင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြသည်။ အဆောက်အဦးများ
အနည်းငယ်မှာလည်း ပျက်စီးမှုများရှိခဲ့ပြီး ၄င်းနောက်ပိုင်းတွင်
ဗုံးဖေါက်ခွဲခဲ့ကြသည့် တရားခံများကို အိန္ဒိယအစိုးရမှ
ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်လာရခြင်း
ဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မြတ်နိုးခင်)
No comments:
Post a Comment