ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေးထားသည့်
အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့်
Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံမှ မူဆလင် ရိုဟင်ဂျာများကို
လူသစ် စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက်လှမ်းရေး အေဂျင်စီများက စွပ်စွဲလိုက်သည်။
LeT က HuJi အဖွဲ့၏ အထောက်အပံ့ဖြင့်ဖွင့် လှစ်ထားသော အကြမ်းဖက် သင်တန်းများသို့ ရိုဟင်ဂျာများကို စုဆောင်း ခေါ်ယူနေသည်ကိုISIအဖွဲ့ကအကူအညီပေးနေသည်ဟုအဆိုပါ ထောက်လှမ်းရေး အေဂျင်စီများအား ကိုးကား၍ အိန္ဒိယ အခြေစိုက် Express News Service က ရေးသားထားသည်။
ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂယာတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့အပြီး အိန္ဒိယ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် လုံခြုံရေး အေဂျင်စီများက နယ်စပ်ရှိ တပ်ဖွဲ့များကို ပြောဆိုထားသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အဆိုပါ လမ်းကြောင်းများ မှတဆင့် အိန္ဒိယသို့ ဝင်ရောက်လာကြ၍ ဖြစ်သည်။
အိန္ဒိယ မြို့ပေါ်ရှိ ထောင်နှင့်ချီသော ရိုဟင်ဂျာ ဒုက္ခသည်များအား စောင့်ကြည့်မှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း အကြမ်းဖက်သမား ခေါင်းဆောင်များ တရားမဝင် ခိုးဝင်လာသူများ အနေဖြင့် စိမ့်ဝင်လာခြင်း မရှိနိုင်ဟု မဆိုနိုင်ကြောင်း ထောက်လှမ်းရေး အေဂျင်စီများက ဆိုသည်။
သို့သော် အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့ အပါအဝင် ဘာသာစုံ အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်း အဖွဲ့အစည်းများ၊ လူမှု အဖွဲ့များကမူ ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ မူဆလင်များအပေါ် ထင်မြင်ချက်ပေးကြသည့် ကောလာဟလများအပေါ် အလေးထား ယုံကြည်မှု မပြုကြရန် ပန်ကြားထားသည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးကလည်း၎င်းတို့အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို ထောင့်ပေါင်းစုံမှ ပြုလုပ်သွားမည် ဖြစ်သော်လည်း အလျင်စလို ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း သံသယဖြင့် ဖမ်းဆီးထားသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦးအား သက်သေ အထောက်အထားမရှိ၍ ပြန်လွှတ်ပေးလိုက်ပြီးနောက် ပြောဆိုသွားသည်။
(သတင်းအရင်းအမြစ်- Mizzima)

No comments:
Post a Comment