စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ – ရိုက်တာ) |
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် တောင် ကုတ်မြို့မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုကို သံတွဲခရိုင် တရားရုံးမှာ စစ်ဆေးပြီး ပြီးခဲ့တဲ့မေလကုန်မှာ တရားသူကြီးက တရားခံတွေကို လူသတ်မှု၊ ကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဒီစွဲချက်ကို မကျေနပ်လို့ တရားခံ ၇ ဦးအနက် ၆ ဦးအတွက် လိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်၊ ကျန်တဦးအတွက် အမှုလိုက်ရှေ့နေ ဦးကျော်ညွန့်မောင်တို့က ပြည်နယ် တရားလွှတ်တော်မှာ ပြင်ဆင်မှုတင်သွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
လျှောက်လဲချက်ပေးပြီး ၁ ပတ် သို့မဟုတ် ၁၀ ရက်အတွင်း အမိန့်ချလေ့ချထ ရှိတာကြောင့် မနေ့က တရားလွှတ်တော်ကို သွားကြည့်ရာမှာ အမိန့်ချမယ့်ရက် မကြေညာသေးဘူးလို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတဲ့အခါ ပြည်နယ်တရားလွှတ်တော်က လုပ်ငန်း မပြီးပြတ်သေးလို့ အမိန့်မချသေးတာ ဖြစ်နိုင်တဲ့အကြောင်းနဲ့ တချို့အမှုတွေမှာ ၂ လ ခန့်ထိ ကြာမြင့်တတ်ကြောင်း ရှင်းပြပါတယ်။
“လောလောဆယ် မချသေးဘူးဆိုတာ တရားသူကြီးက အမှုတွဲကို သေချာ လေ့လာနေလို့၊ စဉ်းစားနေလို့ သို့မဟုတ် သူဆုံးဖြတ်ချက် မပြီးသေးလို့ မချတာလို့ပဲ ပြောလို့ရပါတယ်။”
ပြည်နယ်တရားလွှတ်တော်က စွဲချက်ကို အတည်ပြုရင် အောက်ရုံးမှာ ဆက်စစ်ရမယ်။ စွဲချက်ကို အတည်မပြုရင်တော့ တရားရှင်လွှတ်မှာဖြစ်တယ်လို့ ဦးကိုနီက ရှင်းပြပါတယ်။
၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက် ဖမ်းဆီး ရုံးတင်ခဲ့တာဖြစ်သလို ၁ နှစ်နီးပါး စစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည် ဖြစ်ခဲ့သလို ပြည်နယ်နဲ့ တိုင်းတချို့မှာ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်က ဒီဖြစ်စဉ်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်အရေးယူမယ်လို့ မနှစ်တုန်းက တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- DVB)
No comments:
Post a Comment