Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Thursday, January 1, 2015

မဏိရတနာဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက် မွေးနေ့ပွဲကျင်းပ

DSC01392
သာသနာ့ဓဇ သီရိပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမ မဟာထေရ်မြတ်၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ ဂုဏပူဇာမင်္ဂလာ မွေးနေ့ပွဲနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှဒါန်းသော ကျောင်းဆောင်သစ်၊ ကွန်ဂရစ် လမ်းခင်းခြင်း တို့၏ ရေစက်ချ အလှူမင်္ဂလာပွဲ အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့သည်။
ဆရာတော်ကို ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ဖွားမြင်တော်မူခဲ့ပြီး ၂၀၁၄ ခု နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် သက်တော် ၇၅ နှစ်ပြည့်သောကြောင့် နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်ဆရာတော်တစ်ပါး ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရက ကျောင်းဆောင်သစ်နှင့် ကျောင်းအ၀င်လမ်း ကွန်ဂရစ် လှူဒါန်း ရေစက်ချခြင်းနှင့် အတူ ဆရာတော်၏ စိန်ရတု မွေးနေ့အခမ်းအနားကိုလည်း ပြုလုပ်ခဲ့သည်။
ဆရာတော်ဘုရားကြီး၏ အမြဲတမ်း သြ၀ါဒတစ်ခုမှာ “ဘ၀ဆိုတာ ဖြစ်သလိုနေလို့ရတယ်။ ဒါပေမယ့် ဖြစ်သလိုသေဖို့ အဆင်သင့်ပြင်ထားပြီးပြီလား။ လေးလေးနက်နက်ဖန်တီးတာတောင် နည်းလမ်းမကျရင် ကိုယ့်ဘ၀ပီပြင်ဖို့ မလွယ်တာကို ဖြစ်သလိုနေလိုက်ရင်တော့ မှုန်ဝါးဝါးနဲ့ ဖြစ်သလို သေရပါ့မယ်”ဟူ ၍ဖြစ်သည်။
“ဖြစ်သလိုမနေနဲ့ဆိုတာ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ အပ္ပမာဓတရားဘဲ၊ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ။ ဘာပဲလုပ်လုပ် သတိရှိဖို့ လိုအပ်တယ်။ သတိမရှိရင် ဂူကိုတောင်မမြင်ဘူးတဲ့။ မမြင်မှတော့ အကျိုးနဲ့အပြစ်မှာ အပြစ်ဖြစ်ဖို့ ပိုများတယ်။ အပြစ်မဖြစ်စေချင်ရင် သတိရှိရှိနဲ့ သတိနဲ့နေကြပါ” ဟု ဆုံးမ ဟောကြားခဲ့ဖူးကြောင်း သိရသည်။
ဆရာတော်သည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံတော် မဟာသံဃနာယက သာသနာ့တာဝန်ကို ထမ်းဆောင် လာခဲ့ပြီး၊ ယခုလက်ရှိတွင်လည်း နိုင်ငံတော် မဟာသံဃနာယကတာဝန်ကို ထမ်းဆောင် နေဆဲဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးအား ရခိုင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက သူ၏ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်လာရာ သက်တမ်း၌ ပညာရေးနှင့် ပတ်သက်သော ဆောင်ရွက်ခဲ့ချက်များကို လျှောက်ထားခဲ့သည်။
“ရခိုင်ပြည်နယ် ပညာရေးတိုးတက်ရေးအတွက် အထက ၄၊ အထက ၅၊ အထက ၂ တို့ကို မွန်းမံခဲ့ပါတယ်။ ၄ နဲ့  အမှတ် ၅ တို့ကို မွန်းမံပြီးစီးအသုံးချနိုင်ခဲ့ပြီး အမှတ် ၂ အထက ကျောင်းကိုလည်း ဇန္န၀ါရီလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က လျှောက်ထားခဲ့သည်။
ဝန်ကြီးချုပ်က ဆက်လက်၍ ရခိုင်တစ်ပြည်နယ်လုံး ဆယ်တန်းအောင်ချက် ကောင်းစေရန်အတွက် ရခိုင်အမျိုးသားကျောင်း၊ ခိုင်ကျော်အမျိုးသားကျောင်းက ထုတ်ဝေသည့် အထူးထုတ်စာအုပ် ၆၀၀၀၀ ကို ၀ယ်ယူခဲ့ပြီး ဆယ်တန်းကျောင်းသားတစ်ယောက်ကို ၆ အုပ်ကျစီ ဖြန့်ဝေခဲ့သည်ဟု လျှောက်ထား ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ကျောင်းဆောင်သစ်ဆောက်လုပ်ရေးအတွက် သိန်း ၃၉၀ နှင့်  ကျောင်းရှေ့အ၀င် ကွန်ဂရစ်လမ်းအတွက် သိန်း ၂၆၈ သိန်း ကုန်ကျခဲ့သည်ဟု သိရသည်။
တေးသံရှင်မောင်ကိုကိုက ဂုဏ်ပြုရတုကို သီဆိုခဲ့ပြီး၊ တေးသံရှင် ခင်စုလှိုင်က ဆရာတော်အား ဂုဏ်ပြုသီချင်းဖြင့် ပူဇော်ခဲ့သည်။
ဆရာတော်ကို စစ်တွေခရိုင် ရသေ့တောင်မြို့နယ်နေ အဖ ဦးကျော်လှအောင်၊ အမိဒေါ်ဘရူမေ ထံမှ ရခိုင်သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော်လဆန်း ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး အသက် ၉ နှစ်အရွယ်တွင် ရှင်သောမအမည်ဖြင့် ကိုရင်ဝတ်ခဲ့သည်။ အသက် ၂၀ တွင် ယတ္တရာကျောင်းတိုက်၌ ရဟန်းခံခဲ့သည်။
၁၃၂၀ ခုနှစ် စစ်တွေမြို့အမျိုးသားပရိယတ္တိစာမေးပွဲ ပထမကြီးတန်းတွင် တတိယဂုဏ်ထူးရရှိခဲ့သည်။ ၁၃၂၅ ခုနှစ်တွင် ဓမ္မစရိယ သုံးကျမ်းကိုအောင်မြင်ခဲ့ပြီး သာသနာ့ဓဇဓမ္မစရိယဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၈ ခုနှစ် ဓမ္မစရိယ ဂုဏ်ထူးတန်းတွင် ပေါက်မဟာဝိဇ္ဇာပြုကျမ်းဖြင့် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့ပြီး သာသနာ့ဓဇ ဓမ္မသီရိပ၀ရဓမ္မာစရိယ ဘွဲ့ကို ရရှိခဲ့သည်။
ဆရာတော်ဘုရားကြီးအား စာချဆိုင်ရာအမြင့်ဆုံးဘွဲ့ဖြစ်သည့် အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့နှင့် အမျိုးဘာသာ သာသနာအတွက် နည်းကောင်း လမ်းကောင်းများကို ညွှန်ပြနိုင်၍ ကြီးကျယ်မြင့်မြတ်သော
ကျိုးကြောင်းတင့်တည် ပညာတော် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တို့ကို နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆရာတော်၏ စိန်ရတု ၀ိဇာတ ဂုဏမင်္ဂလာအခမ်းအနားသို့ စစ်တွေမြို့ပေါ်မှ ကျောင်းထိုင်ဆရာတော်များ ကြွရောက်ပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့အပါအ၀င် ပရိသတ် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
ဆရာတော်၏ အသက် ၇၅ နှစ်မြောက်မွေးနေ့အတွက် ကျပ် ၇၅၀၀၀ ပါ ပဒေသာပင် ကံစမ်းမဲကို စိတ္တသုခကျောင်း ဆရာတော်က မဲပေါက်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံတော် သမ္မတ သံတွဲမြို့ ရောက်ရှိစဉ် အလိုတော်ပြည့်တော် ဆရာတော်ကို သွားရောက်ဖူးမျှော်

image-bbb4a3df9b2b2062d722d99adc87cf80c4a9c69bf170eb38527f66902cd48c09-V
ရခိုင်ပြည်နယ် ခရီးစဉ် အဖြစ် သံတွဲမြို့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲမြို့နယ် ငပလီ ဂျိုတ္တောကျေးရွာ မဒေးတောင်ပေါ်ရှိ အမတသုခ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်ပြီး အလိုတော်ပြည့် ဆရာတော် ဒေါက်တာ အာရိယ၀ံသအား သွားရောက် ဖူးမျှော်ကန်တော့ခဲ့သည်ဟု သိရသည်။
ထိုသို့ သွားရောက်ဖူးမျှော်စဉ် ဆရာတော်ကြီးနှင့် ကြွရောက် သံဃာတော်များအား လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတသည် ဆရာတော်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု လက်ထောက်ဆရာတော် ဦးကုမာရက ပြောသည်။
image-171c7491591d57c40b7d2f30477392945d93ef8d6982da874fcd2c83195aed51-V
“ နိုင်ငံတော်သမ္မတနဲ့ ဆရာတော်ကြီးတို့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေရယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေရယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသအတွင်း လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဦးကုမာရက ပြောသည်။
၎င်းပြင်း ဦးကုမာရက “ အသေးစိတ် အချက်အလက်များကိုတော့ ဆရာတော်ကြီးနှင့် သမ္မတကြီးတို့က အသေးစိတ် တံခါးပိတ် ဆွေးနွေးကြတဲ့ အတွက် ပြောဖို့ခက်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတော်သမ္မတသည် မဒေးတောင်ပေါ်ရှိ တိလောကသယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်အား သွားရောက် ဖူးမျှော်ခဲ့ပြီး  ပန်း၊ ရေချမ်းဆီမီးများ ကပ်လှူခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 9, 2014

သမိုင်းဝင် သျှင်ကျော်မုနိဘုရားဓမ္မာရုံပျက်စီးနေမှု ပြုပြင်ရန်အလှူရှင်များလိုအပ်နေ

image-47c0eda81cfa9b1e6348450d9182aec78e65e946dee44878c86e3978aec4a3f0-V
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သမိုင်းဝင်သျှင်ကျော်မုနိဘုရားကြီး ဓမ္မာရုံပျက်စီးယိုယွင်းနေသည့်အတွက် ပြုပြင်ရန် အလှူရှင်များလိုအပ်နေကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါဓမ္မာရုံမှာ ယခုအခါ နှစ်ကာလကြာမြင့်လာပြီဖြစ်၍ ပျက်စီးယိုယွင်းလာပြီဖြစ်သော်လည်း ဘုရားဂေါပက အဖွဲ့အပါအဝင် အနီးအနားကျေးရွာဒေသခံများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်သည့်အတွက် ဓမ္မာရုံကိုပြုပြင်ရန် အခက်အခဲ များကြုံနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ဂေါပကအဖွဲ့အပါအဝင် အနီးအနားကျေးရွာတွေကဒေသခံတွေလည်း ပိုက်ဆံမတတ်နိုင်လို့ ဓမ္မာ ရုံကို ပြုပြင်ဖို့အခက်အခဲကြုံနေပါတယ်။အသင်းအဖွဲ့သော်လည်းကောင်း၊ ပုဂ္ဂလိက အနေနဲ့သော်လည်းကောင်း ပြုပြင် ပေးကြစေလိုပါတယ်”ဟု ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ယေက နိရဉ္စရာသို့ပြောသည်။
အဆိုပါဓမ္မာရုံကို သက္ကရာဇ် ၁၃ဝ၂ ခုနှစ်တွင် ပုဂ္ဂလိကအလှူရှင်တစ်ဦးက သစ်သားဖြင့်ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအခါ ဓမ္မာရုံအောက်ခြေသစ်သားအခင်းများနှင့် ဘေးနံရံရှိသစ်သားများမှာ ကြည့်မကောင်းအောင် ပေါက်ပြဲယိုယွင်းပျက်စီးနေသည်ဟု သိရသည်။
“မိုးထားတဲ့သွပ်ကကောင်းနေသေးပေမယ့် သစ်သားတွေက ဆွေးမြေ့ပေါက်ပြဲနေပြီ။ ဒီဘုရားကြီးကို အနီးအ နားက ရွာပေါင်း ၂၆ ရွာကကိုးကွယ်နေကြတာမှန်ပေမယ့် သူတို့တွေလည်း စီးပွားရေးကျပ်တည်းလို့ မပြုပြင်နိုင်ကြဘူး။ ဒါကြောင့် အလှူရှင်တွေအနေနဲ့ ပံ့ပိုးကူညီပေးသင့်တယ်”ဟု မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးဣဝံသက မိန့်သည်။
image-98a18f5173be47a71f7f037114c831dc6c5a99226f74f54ff1dc842ebf2b0de8-V
ဓမ္မာရုံပြုပြင်ရန် စိတ်ဝင်စားသည့်အလှူရှင်များအနေဖြင့်သျှင်ကျော်ဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ယေ(ဖုန်း-ဝ၉၂၅ဝ၇၆၅၂၂၄)နှင့် တင်းထိန်ကန်ဆရာတော်ဦး(ဖုန်း -ဝ၉၂၅ဝ၇၆၅၂၂၈)တို့ကို ဆက်သွယ်စုံစမ်းနိုင်သည်။အဆိုပါသျှင်ကျော်မုနိဘုရားကြီးမှာ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဘုရားရှင် ရခိုင်ပြည်သို့ရောက်ရှိခဲ့စဉ် ရခိုင်ဘုရင် စန္ဒသူရိယ၏လျှောက်ထားမှုကြောင့် မဟာမြတ်မုနိဘုရားကိုသွန်းလုပ်ရာ ဘုရားရှင်ထက်ကိုယ်လုံးကိုယ်ထည်ကြီးမားခဲ့ သည့်အတွက် သျှင်ကျော်မုနိဘုရားကြီးဟု ယနေ့ထက်တိုင်အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းများက ဆိုသည်။အဆိုပါဘုရားကြီးနှင့် ဓမ္မာရုံမှာ မြောက်ဦးမြို့နယ်၊ ဝက်လှကျေးရွာအနီးတွင်တည်ရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နတ်တော်လပြည့်နေ့ ဆံတော်ရှင်စေတီတော်အား ဆီမီး ၁၀၀၀ ဖြင့်ပူဇော်

San-5-(2)
နတ်တော်လပြည့်နေ့ ည ၉ နာရီက ဘုရားပွဲတော်ကျင်းပနေသော ဆံတော်ရှင် စေတီတော်အား ဆီးမီး ၁၀၀၀ ဖြင့် ပူဇော်ခဲ့သည်။
ယင်းသို့ပူဇော်ပြီးနောက်  ရေစက်ချစဉ် ဆံတော်ရှင်စေတီတော်မှ ဓါတ်တောက်ခဲ့သည်ဟု ယင်းပွဲတော် ဂေါပကလူကြီးတစ်ဦး၏ ဓါတ်ပုံမှတ်တမ်းအရသိရှိသည်။
“ ဓါတ်တောက်တယ်လို့ အဘွားတစ်ဦးကပြောတော့ ကျွန်တော်ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဓါတ်တောက်တာက ဆီးမီးပူဇော်ပွဲအပြီး ရေစက်ချစဉ် ည ၁၀ နာရီကျော်ကျော်လောက်မှာ ဖြစ်ပါတယ်”ဟု ယင်းပွဲတော်ကျင်းပရေး ဂေါပကလူကြီးတစ်ဦးက သူ့ဓါတ်ပုံမှတ်တမ်းကိုပြကာ နိရဉ္စသတင်းဌာနသို့ ပြောသည်။
နောက်ဂေါပကလူကြီးတစ်ဦးဖြစ်သူ ပေါက်တောမြို့နယ် တောင်ပုတ်ကေ ကျေးရွာမှ ဦးသာထွန်းအောင်ကလည်း ယခုနှစ်ပွဲတော်သည် ယခင်နှစ်များထက်စည်ကားပြီး အလှူငွေများလည်း ယခင်နှစ်များထက်ရရှိခဲ့သည်ဟု ပြောသည်။
San-3-(2)
“ပွဲတော်က ယခင်နှစ်များထက်စည်ကားပါတယ်။ ၀န်ကြီးချုပ်၊ ၀န်ကြီးများနဲ့ အစိုးရ၀န်ထမ်းအရာများကိုယ်တိုင် ပွဲအစနေ့က ဖွင့်လိုက်ပေးခဲ့ပါတယ်။ ဒီပွဲတော်ရက်အတွင်း ဘုရားဖူးသူ လူတစ်သိန့်ရှိလိမ့်မယ်လို့ ခန့်မှန်ပါတယ်။ အလှူငွေက ဒီနေ့ (၆) ရက်နေ့ထိ အလှူငွေဟာ သိန်းသုံးရာကျော်ပါပြီ” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေ သိန်း ၅၀ နှင့် ပွဲတော်ရက်များအတွင်း ရဟန်းသံဃာများနှင့် သီလရှင်များဆွမ်းအတွက် သိန်း ၂၀ စုစုပေါင်း သိန်း ၇၀ လှူဒါန်းခဲ့သည်ဟု သိရပါသည်။
တောင်ကုတ်မြို့နယ် တမ်းလွဲ (ရွာမ) ကျေးရွာမှ အသက် ၅၂ ရှိ ဦးချမ်းမြ၊ ကလောင်နာမည် (မောင်ချစ်အောင်) ကလည်း သူ့ဘ၀မှာ ဆံတော်ရှင်သို့ ပထမဆုံးအကြိမ် လာရောက်ဖူးမျှော်ခြင်း ဖြစ်သည်ဟု ဆိုသည်။
San-2-(2)
“ကျွန်တော် အသက် ၅၂ နှစ်ရှိပါပြီ ပထမဆုံးအကြိမ် လာရောက်ဖူးမျှော်ခြင်းဖြစ်ပါတယ်။ မိသားစုထဲကတော့ တစ်ချို့လာရောက်ဖူးမျှော်ဖူးကြပါတယ်။ ဆံတော်ရှင်စေတီကို ကျိုက်ထီးရိုးစေတီကို ကြည်ညိုသလို ကြည်ညို ကြတာတွေ့ရှိရလို့ ၀မ်းသာကြည်နူးဖြစ်ရပါတယ်”ဟု ဆိုသည်။
ဆံတော်ရှင်ဘုရားဖူးများထဲတွင် မြေပုံမြို့နယ်မှ အငူရွာမှ အသက် ၇၀ အရွယ်သီလရှင်မတစ်ပါးလည်း ပါဝင်ပြီး၊ ယင်းသီလရှင်ဘ၀တွင် ပထမဆုံးအကြိမ်လာရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သိရသည်။  ဘုရားဖူးအပြန် တောင်ကိုကျော်၍ စိုးမဲကျီသို့ ရောက်ခါနီးတွင် လဲကျ သတိမေ့မြောခဲ့သည်ဟု ဆိုသည်။
“ကျွန်မဒီရေကိုလှူတာ ၄၁ နှစ်ပြည့်မြောက်ပါပြီ၊ သောက်ရေအိုး ၂၂၈ လုံးရှိပါတယ်။ နောင်ဘ၀အဆက်ဆက်မှာလည်း လူပြန်ဖြစ်ပြီး ဘ၀တိုင်းမှာ ကောင်းမှုကုသိုလ် လုပ်လိုပါတယ်။ အရိမေတ္တယျဘုရားပွင့်တဲ့အခါ ဆွမ်းတစ်ဆုပ်ပဲဖြစ်ဖြစ်၊ ပန်းတစ်ပွင့်ပဲဖြစ်ဖြစ် လှူဒါန်းလိုပါတယ်”ဟု စိုးမဲကျီကျေးရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်လာဖြူကပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပေါက်တောဆံတော်ရှင်ဘုရားပွဲ ကူးတိုးခဈေးကြီးမှု ဘုရားပြ၍ စီးပွားရှာနေခြင်းဖြစ်ဟုဝေဖန်

Sandaw-Shin-8
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်ကျင်းပလျက်ရှိသည့် ဆံတော်ရှင်ဘုရားပွဲမှာ အထူးစည်ကားလျှက် ရှိနေရာ  သဗ္ဗာန် ကူးတို့ခကို ပိုမိုမြင့်တင် ကောက်ခံနေသဖြင့် ဘုရားပြ၍ စီးပွားရှာနေခြင်းဖြစ်သည်ဟု မြို့လူထုနှင့် ဘုရားဖူးခရီးသည်များက ဝေဖန်ပြောဆိုနေကြသည်။
ဆံတော်ရှင်ဘုရားပွဲသို့ စစ်တွေမှထွက်ခွာလာသော ပြည်တွင်းရေကြောင်းသင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေ ယာဉ်များပေါ်မှတဆင့် စိုးမဲကျီဆိပ်ကမ်းသို့ ကူးတို့ခ လူတစ်ဦးလျှင် ကျပ် ၂ဝဝ၊ အသွားအပြန် ကျပ် ၄၀၀  သာကောက်ခံရန် ပွဲမကျင်းပမီကပင် မြို့နယ်အုပ် ချုပ်ရေးမှူးအပါအဝင် ဘုရားဂေါပကအဖွဲ့မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်တွင်း လူမှုအဖွဲ့ အစည်းများက ဆုံးဖြတ်ထားခဲ့ကြကြောင်း သိရသည်။
သို့သော် ပွဲကျင်းပနေစဉ်ကာလအတွင်း သမ္ဗာန်ကူးတို့ခ လူတစ်ဦးလျှင် တစ်ကြောင်းကို ကျပ် ၅ဝဝ မှ ၈ဝဝ အထိ ကောက်ခံနေသည်ဟု သိရသည်။ ယခုလုပ်ရပ်မှာ ဘုရားပွဲတော်ကိုပြ၍ စီးပွားရှာနေခြင်းဖြစ်သည့်အတွက် ယင်းလုပ်ရပ်မှာ မဖြစ်သင့်ကြောင်း ဘုရားဖူးများနှင့်မြို့လူထုများက ပြောသည်။
“အစည်းအဝေးဆုံးဖြတ်ချက်က သင်္ဘောပေါ်က အဆင်း ၂ဝဝ၊ ကမ်းခြေကနေ သဗ္ဗာန်နဲ့ လာပြီး သင်္ဘောပေါ် အတက် ၂ဝဝ ကျပ်  သတ်မှတ်ထားတယ်။ ဘုရားဖူးတွေ စိတ်ချမ်းချမ်းသာ သာနဲ့ ပေါ့ပေါ့တန်တန်ဖြစ်အောင်ဆိုပြီး ဆုံးဖြတ်ထားတာ။ ကူးတို့ကိုလည်း ကန်ထရိုက်တစ်ယောက်က သိန်း ၄ဝ နဲ့ဝယ် တယ်။ ဒါကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက သိန်း ၇ဝ နဲ့ နောက်တစ်ယောက်ကိုရောင်းပေးတယ်။ သူ ပွဲစားခ ၁ဝ သိန်းရတယ်လို့ ကျွန်တော်တို့သတင်းအတိအကျရထားတယ်။ ဂေါပကအဖွဲ့ကလည်း ကျွန်တော်တို့ကို အဲလို ပြောတယ်။ ဒါကြောင့် ကူးတို့ခတွေဈေးတက်ပြီး ဘုရားဖူးခရီးသည်တွေဒုက္ခရောက်နေတာ။ ဒါက ဘုရားကိုပြပြီး စီးပွားရှာနေသလို ဖြစ်တယ်။ ကျွန်တော်တို့မြို့နယ် အတွက်လည်း တော်တော်အရုပ်ဆိုးစေပါတယ်”ဟု ပေါက်တောမြို့နယ် လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက နိရဉ္စရာသို့ပြောသည်။
ယင်းသို့ ဘုရားဖူးခရီးသည်တစ်ဦးလျှင် ကူးတို့ခ ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ အထိကောက်ခံသော်လည်း သမ္ဗာန် သမားတစ်ဦးသည် ယင်းအထဲမှ ကျပ် ၂ဝဝ သာရရှိကြပြီး ကျန်ငွေများကို ကန်ထရိုက်များက ရယူနေကြသည့်အတွက် သမ္ဗာန် သမားအချို့လည်း မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပေါက်တောမြို့ခံ ဦးအောင်ဇံဝေက “သမ္ဗာန်သမားတွေမှာလည်း ဆီဖိုးနဲ့ အထွေထွေ စရိတ်တွေနဲ့ မကိုက်ဘူးလို့ပြောတယ်။ သမ္ဗာန်သမားတွေဘာပြောလဲဆိုတော့ ကျွန်တော်တို့ဆီက ခေါင်းပုံဖြတ်စားတယ် လို့ပြောတယ်” ဟုဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးအပါအဝင် ကူးတို့အား ကန်ထရိုက်ဆွဲသူ များနှင့် သမ္ဗာန်သမားများကို နိရဉ္စရာက ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းမမိသည့်အတွက် အဆင် မပြေခဲ့ပါ။
စစ်တွေမှ ဆံတော်ရှင် စိုးမဲကျီဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောခ လူတစ်ဦးလျှင် အသွား ကျပ် ၅ဝဝ နှင့် အပြန် ကျပ် ၅ဝဝ သာပေးနေရသော်လည်း စိုးမဲကျီဆိပ်ကမ်းမှ ကမ်းစပ်သို့ကူးတို့ခမှာ လူတစ်ဦးလျှင် အလား ကျပ် ၅ဝဝ အပြန် ကျပ် ၅၀၀ ပေးနေရခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ဘုရားဖူးခရီးသည်များက ပြောသည်။
“ဒီဘုရားပွဲက ရခိုင်မှာ နာမည်ကြီးတဲ့ဘုရားပွဲတစ်ခုဖြစ်လို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသည်တွေ မိသားစု အလိုက်လာကြတယ်။ အဲလို မိသားစုလိုက်လာကြတော့ လူတစ်ယောက်ကို ကူးတို့ခသက်သက် အသွားအပြန် ၁၀ဝဝ ဆိုတော့ ကျွန်မတို့ ကူးတို့ခနဲ့တင် စရိတ်စခတွေက တော်တော်အကုန်အကျများသွားပြီ။ ဒီကိစ္စကို လူကြီးတွေဖြေရှင်းပေးသင့်ပါ တယ်”ဟု အသက် ၅၈ နှစ်အရွယ် ဘုရားဖူးခရီးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေမှလာသည့်ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေယာဉ်များအနေဖြင့် စိုးမဲကျီဆိပ် ကမ်းတွင် ကျောက်ဆောင်၊ ကျောက်သားများရှိနေခြင်းကြောင့် ဆိပ်ကမ်းအနီးသို့ ဆိုက်ကပ်နိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်တွင်သာ ဆိုက်ကပ်ရပြီး ယင်းမှတဆင့် စိုးမဲကျီဆိပ်ကမ်းသို့ သမ္ဗာန် ၇၈ စီးဖြင့် ဘုရားဖူးခရီးသည်များကို သယ်ယူပို့ ဆောင်ပေးကြရကြောင်း သိရသည်။
ဆံတော်ရှင်ဘုရားပွဲကို ယခုလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနေခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 2, 2014

အကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မပါဝင်ရန် အာရှ ၅ နိုင်ငံ သံဃာတော်များ သဘောတူ

အကြမ်းဖက်မှုများ, သံဃာတော်များ, alodawpyei@gmail.com
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ပဋိပက္ခများကို ဆွေးနွေးအဖြေရှာခြင်း အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ – အလိုတော်ပြည့်)
ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သံဃာတော်များ အနေဖြင့် ပါဝင်ခြင်း၊ ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရန် တတိယ အကြိမ်မြောက် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် အာရှ ၅ နိုင်ငံမှ ဘုန်း တော် ကြီးများက သဘောတူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Swissotel Nai Lert Park ၌ အာရှ ၅ နိုင်ငံ မှ သံဃာတော်များ စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ဆရာတော် ၇ ပါး တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အလိုတော်ပြည့် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက မိန့်သည်။
အရှင်ကုမာရက “ပုထုဇဉ်တွေကို ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးထမ်း စဉ်လာ တွေကို ပိုနားလည်အောင် လုပ်ဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက နီးစပ်ရာလူထုကို တိုက်တွန်းဖို့လည်း သဘောတူခဲ့ကြတယ်”ဟု လည်း မိန့်ကြားသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ များ အပေါ်တွင် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။
ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရီလင်္ကာ နိုင်ငံတို့မှ ထေရ၀ါဒ ဘုန်းတော်ကြီးပေါင်း ၂၉ ပါးနှင့်ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များ၊ အကြံဉာဏ်များ ကူညီမှု ပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Center For Humanitarian Dialogue (HD Center) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးမှု အပြီးတွင် “ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများတွင် သံဃာတော်များ မပါဝင်ရေး”ကို သဘောတူညီ ဆွေးနွေးနိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗုဒ္ဓဘာသာ မဟုတ်သည့် အခြား ဘာသာဝင်များ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့များအား အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် လူမှု အဖွဲ့အစည်းများတွင် ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုများ ရရှိလာမည်ကို ယုံကြည်သဖြင့် ထိုလမ်းစဉ်အတိုင်း ကျင့်သုံးကြရန် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးများက သဘောတူညီခဲ့သည်ဟု သိရသည်။
ပဋိပက္ခများ ငြိမ်းချမ်းစေရန် လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ အနေဖြင့် တတ်နိုင်သည့် နေရာများမှ ကူညီမှု ပြုရန်၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည့် အကြမ်းဖက်မှုများနှင့် ကင်းကင်းကွာကွာ နေရန်၊ ဘာသာရေး ခုတုံးလုပ်သည့် ဖြစ်ရပ်များ ထပ်မံ ရှိလာပါက လက်ရှိတွင် သဘောတူညီထားသည့် နိုင်ငံ ၅ နိုင်ငံမှ ဆရာတော်များ ပူးပေါင်းပြီး ထိန်းသိမ်း လုပ်ဆောင်မည်ဟု ဆုံးဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ထိုဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟက “ဒီဆုံးဖြတ်ချက်တွေကို လက်ခံတယ်၊ အပြန်အလှန် နားလည်ပြီး အတူငြိမ်းချမ်းစွာ နေဖို့ကို ထောက်ခံတယ်၊ ဗုဒ္ဓရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတွေမှာ သေးသိမ်တဲ့ အမြင်တွေ အယူ အဆတွေ လက်ခံနေတာကို မဖြစ်စေချင်ဘူး၊ ကိုယ့်လူမျိုးမှ ကိုယ့်ဘာသာမှ စွဲနေလို့ မရဘူး၊ စွဲနေရင် ဒီမိုကရေစီကို သွားနိုင်မှာ မဟုတ်ဘူး”ဟု မိန့်ကြားသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

Monday, December 1, 2014

ရခိုင်မှ နာမည်ကြီး သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲ ယနေ့စမည်

Sandaw-Shin-8
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အနောက်ဖရုံကာကျွန်းတွင် တည်ရှိသော သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ကျင်းပသွား မည်ဖြစ်ကြောင်း ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားပွဲတော်ကို ဒီဇင်ဘာလ ၁ ရက်(နတ်တော်လဆန်း ၁ဝ ရက်)နေ့မှ ဒီဇင်ဘာလ ၇ ရက်(နတ်တော် လပြည့်ကျော် ၁ ရက်)နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားပွဲတော်လာ ဘုရားဖူးဧည့်သည်များ၏ လုံခြုံရေးကိုလည်း အပြည့်အဝတာဝန်ယူစီစဉ်ထားကြောင်း သိရသည်။
“ဘုရားဝန်းကျင်တွေမှာ CCTV တွေလည်း တပ်ထားတယ်။ လုံခြုံရေးလည်း အပြည့်ချထားပါတယ်”ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဘုရားပွဲတော်အတွင်း ဇာတ်သဘင်၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပသွားမည် ဟုလည်း သူက ဆက်ပြောသည်။
Sandaw-Shin-13
ဆံတော်ရှင် ဘုရားပွဲတော်မှာ ရခိုင်ပြည်နယ်အတွင်း ထင်ရှား၍ လူစည်ကားသည့်ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် ကာလအတွင်း မြန်မာနှင့် ရခိုင်ပြည်နယ် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများလာရောက်ကြကြောင်း သိရသည်။
သို့သော် ပွဲတော်ကာလအတွင်း ပွဲတော်လာဘုရားဖူးဧည့်သည်များအတွက် အိမ်သာလုံလောက်မှုမရှိခြင်း ကြောင့် ဘုရားဧည့်သည်များအနေဖြင့် စိတ်အနှောင့်အယှက်ကြုံတွေ့ကြရကြောင်းလည်း ဘုရားဖူး ဧည့်သည်များထံမှ သိရသည်။
“ပွဲတော်ကာလမှာ ဘုရားဖူးတွေအတွက် အိမ်သာလုံလောက်မှုမရှိတဲ့အတွက် တော်တော် ဒုက္ခရောက်ကြပါတယ်။ ဒါတွေကို လူကြီးတွေ စနစ်တကျစီမံပေးသင့်ပါတယ်”ဟု ဆံတော်ရှင်ဘုရားပွဲသို နှစ်စဉ်လိုလိုသွားရောက်တတ်သည့် ဘုရားဖူးပြည်သူတစ်ဦးက ပြောသည်။
Sandaw-Shin-14JPG
ဘုရားဖူးခရီးသည်များသွားလာရေးအဆင်ပြေစေရေးအတွက်လည်း ပွဲတော်ရက်များအတွင်း စစ်တွေမှ စိုးမဲကျီ ဆိပ်ကမ်းသို့ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများဖြင့် နေ့စဉ်အစုန်အဆန်ပြေးဆွဲပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် အသွား အပြန် ကျပ်တစ်ထောင်သာပေးရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပုဂ္ဂလိကအမြန်ရေယာဉ်များဖြင့်လည်း လူတစ်ဦးလျှင် အသွားအပြန် ကျပ် ၃ဝဝဝ ဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်သမိုင်းမှတ်တမ်းများ၏အဆိုအရ ဆံတော်ရှင်စေတီတော်မှာ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဘုရားရှင်ရခိုင်ပြည် သို့ကြွချီတော်မူလာပြီးနောက် ဘုရားရှင်၏ ဆံတော်ဓာတ်ဖြင့် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ နီလာပဗ္ဗတတောင် ပေါ်တွင် တည်ထားသောစေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘန်ကောက်မြို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဆွေးနွေးပွဲမှ ဒေသတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ပူးတွဲကျေညာချက်ထုတ်ပြန်

Alodawpyi
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းဆိုင်ရာ ဆွေးနွေးပွဲမှ ပူးတွဲ သဘောတူညီချက် တစ်ခုကို ထုတ်ပြန်လိုက်သည်။
၎င်းဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကဗ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့က ဆရာတော် သံဃာတော်များ တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်  ထိုင်းနိုင်ငံ တောင်ပိုင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများစွာကို အဖြေ ရှာရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ  အလိုတော်ပြည့်ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက ပြောသည်။
ယင်းဆွေးနွေးပွဲအား The Centre for Humanitarian Dialogue (HD Centre) မှ ကြီးမှူးပြီး Theravada Buddhism and Conflict Resolution ခေါင်းစဉ်ဖြင့် ဘန်ကောက်မြို့ Swissotel Nai Lert Park တွင်ပြုလုပ်ခဲ့သည်။
“ မြန်မာနိုင်ငံဖက်က ကိုယ်စားလှယ် ဆရာတော် (၇) ပါးနှင့်အတူပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးတက်ရောက်ခဲ့ပါတယ်။ တစ်ခြား အာရှဒေသက ထေရ၀ါဒ  ၅ နိုင်ငံ ဆရာတော်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။  (HD Centre)၏ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်” ဟု အရှင်ကုမာရက ဆက်ဆိုသည်။
ဆွေးနွေးပွဲ နောက်ဆုံးရက် ဖြစ်သော နိုဝင်ဘာလ ၂၆ ရက်နေ့ တွင် ဒေသအတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဆွေးနွေး အဖြေရှာခဲ့ကြပြီး  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများက ပူးတွဲကြော်ငြာချက် တစ်စောင်ကိုလဲ ထုတ်ပြန်ခဲ့သည်။
ကျေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
_DSC4512“ပူးတွဲကြေငြာချက်”
-ကျွနှ်ုပ်တို့ လူမှုအသိုင်းအ၀ိုင်းထဲတွင် ငြိမ်းချမ်းရေးမြှင့်တင်ရန်နှင့် သဟဇာတကျမှုကို ထိန်းသိမ်း ထားနိုင်ရန်ဆိုသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရေးကို ဆွေးနွေးကြရန် အတွက် ကျွနှ်ုပ်တို့ အာရှဒေသ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းက ကိုယ်စားလှယ်များသည် ဘန်ကောက်မြို့တွင် စုဝေးခဲ့ကြပါသည်။
-ကျွနှ်ုပ်တို့ အနေဖြင့်  ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအားကောင်းလာစေရန် စိတ်ဆန္ဒဖြင့် ဒေသတွင်းမိတ်ရင်းဆွေးရင်းပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ဖြင့် တွေ့ဆုံခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ဆွေးနွေးပွဲမှ အောက်ပါ အခြေခံသဘောတရားများနှင့် ဆောင်ရွက်ချက်များကိုယနေ့သဘောတူညီမှု ရရှိခဲ့ကြသည်။
(၁) ဘာသာရေးကို ခုတုံးလုပ်ပြီး အကြမ်းဖက်မူများ ပေါ်ပေါက်ရေးအတွက် လုံ့ဆော်မှုနှင့် ၀င်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန် အလေးအနက် သဘောတူသည်။
(၂) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ပုထုစဉ်များအား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ရန် သဘောတူသည်။
(၃) မတူကွဲပြားသောယုံကြည်မှုများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများအကြားတွင် ပိုမိုနားလည်မှု ရရှိလာစေရန် အတွက် ကျွနှုပ်တို့ ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူသည်။
(၄) ညှိနိုင်း ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖျန်ဖြေရန် ကရိယာများကို ဗုဒ္ဓဘာသာ အထောက်အထားများနှင့်အညီ ဖွံ့ဖြိုးအားကောင်းလာစေဖို့ အတွေ့အကြုံများကို ဖလှယ်ရန်ရည်စူး၍ ဤဒေသဆိုင်ရာ ကွန်ယက်များကို အားကောင်းလာစေရန်ဆောင်ရွက်ဖို့ ကျွနှ်ုပ်တို့ သိန္နိဌာန်ချမှတ်သည်။
(၅) သတင်းအချက်အလက်များကို ဖလှယ်ခြင်းက ကျွနှုပ်တို့ လူမှုအဖွဲ့အစည်းထဲတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတကျမှုစိန်ခေါ်မှုများကို ပိုမိုနားလည်လာနိုင်စေရန် ကူညီနိုင်မည်ဟု ကျွနှုပ်တို့ယုံကြည်သည်။
ဤနည်းလမ်းများအတိုင်း ဓမ္မအခြေခံသဘောတရားများနှင့် ဗုဒ္ဓ၏ဟောကြားချက် ဆိုလိုချက်အမှန်များကို  ဖြန့်ဖြူးပေးခြင်းများ ပိုမိုအားကောင်းလာစေရန် ကျွနှုပ်တို့၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုရန် သန္နိဌာန်ချမှတ်သည်။
လက်မှတ်ရေးထိုးခဲ့သည့်ဆရာတော်များ
unnamed
1* Ven.VYSovechea, Cambodiaအသျှင် VY ဆိုဗေချီယာ (ကမ္ဘောဒီးယား)
2* Ven.PhumchhonTola, Cambodiaအသျှင်ဖုန်းချွန်တိုလ(ကမ္ဘောဒီးယား)
3* Ven.SyadejVongsopha, Laosအသျှင်ဆယာဒေခ်ျ ဘုန်းစိုးဖ (လော)
4* Ven.DrAriyawansa , Myanmarဒေါက်တာအသျှင်အရိယ၀ံသ (မြန်မာ)
5* Ven.DrParami, Myanmarဒေါက်တာအသျှင်ပါရမီ (မြန်မာ)
6* Ven.AriyaWunThaBhiwunsa, Myanmarအသျှင်အရိယ၀ံသဘိဝံသ (မြန်မာ)
7* Ven.TayZadiPati , Myanmarအသျှင်တေဇအဓိပတိ (မြန်မာ)
8* Ven.AriYaVunsa, Myanmarအသျှင်အရိယ၀ံသ (မြန်မာ)
9* Ven.Kumara, Myanmarအသျှင်ကုမာရ (မြန်မာ)
10* Ven.Ottara, Myanmarအသျှင်ဥတ္တရ (မြန်မာ)
11* Dr.JennykoGyi, Myanmarဒေါက်တာဂျေနီကိုကြီး (မြန်မာ)
12* Ms.MraThezynNyun, Myanmarဒေါ်မြသဇင်ညွှန့် (မြန်မာ)
13* Mr.BaHlaing. Myanmarဦးဘလှိုင် (မြန်မာ)
14* Mr. MyintMaungHtay , Myanmarဦးမြင့်မောင်ဌေး (မြန်မာ)
15* Ven.Dr.IttapanaDhammalankaraMahaNayake, Sri Lankaဒေါက်တာအသျှင် ဣတ္ထပန္န ဓမ္မလင်္ကာရမဟာနာယကေ (သီရိလင်္ကာ)
16* Ven.ProfBellanwilaWimalaratanaAnunayakde, Sri Lankaပါမောက္ခအသျှင် ဘေလန်ဝိလ ၀ိမာလရတနာ အနုနာယဒေ (သီရိလင်္ကာ)
17* Rev.MataleDhammakusala, Sri lanka Rev-Mataleဓမ္မကုသလ (သီရိလင်္ကာ)
18* Rev.LLukewalaDhammarathana, Sri LankaRev.LLukewalaဓမ္မရတနာ  (သီရိလင်္ကာ)
19* Ven.Prof.Dr.KotapityeRahula, Sri lankaပါမောက္ခ ဒေါက်တာအသျှင် Kotapityeရာဟုလာ (သီရိလင်္ကာ)
20* Ven.Dr.MedagampititiyeVijithadhamma, Sri lankaဒေါက်တာအသျှင် Medagampititiye၀ိစိတ္တဓမ္မ (သီရိလင်္ကာ)
21* Mr R.A.D. Sirisena, Sri lankaMr R.A.Dသီရိသေန (သီရိလင်္ကာ)
22* Mr GKGS Godakanda, Sri lankaMr GKGSဂေါဒခန္ဒ
23* MrSudanthaAjithAmaratunga, Sri lankaMrသုဒန်သအာဂျိသ် အမရတွန်းဂါ (သီရိလင်္ကာ)
24* Ven.PhrakhruPaladThanyakorn,Thailandအသျှင် ဖရခရူပါလက် ထန်ယခွန် (ထိုင်း)
25* Ven.PhrakhruBunyapiban,Thailandအသျှင် ဖရခရူဘုန်ယဖိဘန် (ထိုင်း)
26* Ven.PhrapisithThammasuntorn, Thailandအသျှင် ဖရဖိစိသ် ဓမ္မဆွန်ထုန် (ထိုင်း)
27* Ven.PramahaChariangManeeniam, Thailandအသျှင် ဖရမဟာချာရီယာန် မာနီးနီယာန် (ထိုင်း)
28* Ven.PhramahaNapanSantibhaddoThawornbanjob, Thailandအသျှင် ဖရမဟာနာ့ဖန် ဆန်ထိဘတ်ဒို ထာဝန်ဘန်ဂျို့ဘ် (ထိုင်း)
29* Ven.PhrakhrusangkharakNatthawutNonthawiro,Thailandအသျှင် ဖရခရူသင်္ဃာ့ရာ့ နတ္ထ၀ို့ထ် နွန်ထ၀ိရို (ထိုင်း)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, November 27, 2014

အလိုတော်ပြည့်ဆရာတော်ကြီး သီရိလင်္ကာသမ္မတထံသို့ ကျောက်စိမ်းဘုရားများ ပေးအပ်လှူဒါန်း

Sirlanka-photo-03
ပြည်တွင်း ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယ၀ံသမှ သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပဆ ဖူးမျှော် ကိုးကွယ်နိုင်ရန်  ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ပြုလုပ်သော ကျောက်စိမ်း ဘုရားတစ်ဆူအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
လှူဒါန်းခဲ့သော ယင်းကျောက်စိမ်းဘုရားတစ်ဆူ အပါအ၀င် န၀ရတ်ကိုးပါးလက်စွပ်နှင့် ရတနာများကို သီရိလင်္ကာ သမ္မတ ကိုယ်တိုင် ကိုးကွယ်ရန် တည်ထားသော ဆန္ဒဟိရုဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘစေတီတော်တွင် ယခုလ ၂၃ ရက်နေ့က ဌာပနာထည့်သွင်းခဲ့ကြောင်း အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရက ပြောဆိုသည်။
“ ဒီ ဗုဒ္ဓဒဂဘစေတီတော် ဓါတ်တော်မွေတော်တွေ ဌာပနာထည့်သွင်းပွဲတော်ကို နိုဝင်ဘာလ ၂၃ ၇က် နံနက် ၈ နာရီ ကျော်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းတဲ့ ရူပီးငွေ (၇) သိန်းတန်ဖိုးရှိ ကျောက်စိမ်း ဘုရားတစ်ဆူနဲ့ ရူပီး (၅) သိန်း တန်ဖိုးရှိတဲ့ န၀ရတ်ကိုးပါးလက်စွပ်နဲ့ ရတနာတွေကို ဌာပနာထည့် ပေးအပ်လှူဒါန်းခဲ့ပါတယ်” ဟု အရှင်ကုမာရက မိန့်ကြားသည်။
သီရိလင်္ကာပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ မဟိန္ဒရာဇပကဆ၏ စိတ်ကူးကိုအကောင်အထည်ဖော်သောအားဖြင့် ဆန္ဒဟိရု ဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘ တည်ဆောက်ခြင်းလုပ်ငန်းကို ဘာသာရေးမြို့တော် အနုရာဓပူရမှာ လက်ရှိ တည်ဆောက်လျှက်ရှိနေကြောင်း၊ ၎င်းစေတီအား ၂၀၀၉ ခုနှစ် သီရိလင်္ကာနိုင်ငံအကြမ်းဖက်အောင်မြင်မူ အမှတ်တရ အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ သမ္မတကြီးမှ ပင့်သံဃာတော် ၆ ထောင်တို့ ပါဝင်ပြီး မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အလိုတော်ပြည့်ဆရာတော်အား ပင့်ဖိတ်၍ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း ဦးဇင်းကုမာရက မိန့်ကြားသည်။
Sirlanka-photo-01
ဒဂဘစေတီတော် ဓါတ်တော်မွေတော်များ ဌာပနာထည့်သွင်းပွဲကို နိုင်ငံတော်အဆင့် ကျင်းပ ပြုလုပ်ခဲ့ပြီး သီရိလင်္ကာ သမ္မတကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယင်းပွဲတော် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗုဒ္ဓဘာသာ စည်ပင် ၀ပြော ဖွံ့ဖြိုးတိုးတက်ရန်  အဓိက ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကိုလည်း သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။
ယင်းညီလာခံအား သီရိလင်္ကာနိုင်ငံ၏ ဘိကဆု(Bhiksu) တက္ကသိုလ်မှ မဟာဌာနများဖြစ်သော ဗုဒ္ဓဘာသာလေ့လာရေး မဟာဌာနနှင့် ဘာသာစကားနှင့်ယဉ်ကျေးမူ လေ့လာရေးမဟာဌာနတို့ ပူးပေါင်းလျှက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်နှစ်ခုသို့ တက်ရောက်ခွင့်ရသော အလိုတော်ပြည့်ဆရာတော်ကြီးမှာ များစွာဂုဏ်ယူမိကြောင်း၊ ဗုဒ္ဓဘာသာ၏ အရေးပါမှုနှင့် ဤအခမ်းအနားများအတွက် သီရိလင်္ကာ၏ အရေးပါမူ ဂုဏ်သတင်းကို ကမ္ဘာသို့ ပျံ့နှံ့စေပြီး ဗုဒ္ဓဘာသာဝင်များ အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေကြောင်း ဆရာတော်ကြီးမှ ပြောဆိုသည်ဟု အရှင်ကုမာရက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, November 18, 2014

ရမ်းဗြဲမြို့ကျက်သရေဆောင် ကိုယ်ရံတောင်စေတီတော် ကွန်ကရက်လမ်းအတွက် အကူအညီများလိုအပ်နေ

ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကိုယ်ရံတောင်စေတီ (ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ရခိုင်ပြည်နယ်မှ ရမ်းဗြဲမြို့ ကိုယ်ရံတောင် စေတီတော် တက်လမ်းအား ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့်တင် တည်ဆောက်နေရာ ယင်းလမ်းအတွက် အကူအညီများ လိုအပ်နေကြောင်း ကိုယ်ရံတောင်ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
“ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပီး ကိုယ်ရံတောင် စေတီတော် တက်လမ်းကို ကွန်ကရက်ခင်းနေပါတယ်။ ကျွန်တော်တို့ ကိုယ်ရံတောင် ဘက်စုံတည်ဆောက်ရေး ဂေါပက အဖွဲ့မှကြီးမှူးပြီး လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလမ်းအတွက် အကူအညီတွေ လိုအပ်နေတဲ့ အတွက် ရမ္မာဝတီ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေး ရခိုင်သူ ရခိုင်သားများကို ပါဝင် ကူညီ လှူဒါန်းကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါတယ်” ဟု လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။
ကိုယ်ရံတောင် စေတီမှာ ရမ်းဗြဲမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်မြတ်ကြီး တစ်ဆူဖြစ်ပြီး ယခင် ဘုရား တက်လမ်းမှာ လမ်းကြမ်း တစ်ခုသာ ဖြစ်သဖြင့် ဆိုင်ကယ်နှင့် မော်တော်ကားများဖြင့် စေတီသို့ တက်ရာတွင် အခက်အခဲရှိ၍  ဒေသခံများ၏ စုပေါင်း ထည့်ဝင် လှူဒါန်းငွေများဖြင့် ကွန်ကရက်လမ်းအဖြစ် အဆင့်မြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
“ စေတီတော်ခြေရင်း တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းကနေ စေတီတော် တရောက် ကွန်ကရက်လမ်းခင်းမှာ ဖြစ်ပါတယ်။ အရှည်က ပေ ၂၃၀၀ ရှိပါတယ်။ ကုန်ကျစရိတ်က တစ်ပေ ၁၅ သိန်းနုန်းနဲ့ဆိုရင် သိန်း ၄၀၀ နီးပါးခန့်ကုန်ကျနိုင်ပါတယ်” ဟု သူက ဆိုသည်။
ကိုယ်ရံတောင် စေတီတော်သို့ တက်ရာ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရွှေဘုန်းပွင့်စေတီ၊ သစ္စာမဏ္ဍိုင်စေတီ၊ ရွှေရောင်စေတီ၊ ရွှေတော်မျှော် စေတီ၊ မြသပိတ်စေတီ၊ နေလစေတီ၊ နဂါးရုံဘုရား၊ ကျွန်းဦးပုညရှင်စေတီ၊ လောကသရဖူစေတီ၊ ၀ိဇ္ဖာမဟိဒ္ဓိကျောင်း၊ ခဏ္ဍသိမ်တို့ တည်ရှိသည်။
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ကွန်ကရက်လမ်းခင်းနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ/ ဦးထွန်းကြည်)
ယင်းအပြင် အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့သော ရခိုင်တို့၏ နောက်ဆုံး ဘုရင် အဂ္ဂေါပုညရာဇာ (မဟာသမ္မတရာဇာ)၏ တန်ဆောင်းမိဘုရား မြသန္တာ၏ အုတ်ဂူမှာလည်း ကိုယ်ရံတောင်စေတီတက်ရာ လမ်းဘေးတွင် လွမ်းချင့်စဖွယ် တည်ရှိသည်။
ကူညီ လှူဒါန်းလိုသူများ အနေဖြင့် နာယက ဦးဘလှ (၀၉၄၂၁၇၂၆၀၈၃)၊ ဦးထွန်းကြည် (၀၉၄၂၁၇၂၆၀၇၀)တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, November 10, 2014

မြစ်ကမ်းပါးပြိုမှုကြောင့် နှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်သော အပေါက်ဝ ဘုန်းတော်ကြီးကျောင်းရွှေ့မည်


Apauk-wa-Kyaung
ကုလားတန် မြစ်ကမ်းပါးပြိုကျမှုကြောင့် နှစ်တစ်ရာခန့် သက်တမ်းရှိနေပြီ ဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဘုန်းတော်ကြီး ကျောင်းအား ပြောင်းရွှေ့တည်ဆောက်ရန် ပြည်နယ်သံဃာ့နာယက အဖွဲ့ထံ စာရေးသား တင်လိုက်ပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော်ဦးတေဇက မိန့်သည်။
“ဒီရက်ပိုင်းအတွင်းကပဲ တင်လိုက်တာဖြစ်ပါတယ်။ မြို့နယ်သံဃာ့နာယကအဖွဲ့ဆီလည်း တင်ပြီးသွားပြီ”ဟု ဆရာတော်က နိုဝင်ဘာ ၈
ရက်နေ့က နိရဉ္စရာသို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့အသိပေးအကြောင်းကြားစာကို ပြည်နယ်အစိုးရအဖွဲ့ထံသို့လည်း
ဆက်လက်တင်ပြ သွားဦးမည်ဖြစ်ကြောင်း ပြောဆိုသည်။
ကုလားတန်မြစ်ရေအဆက်မပြတ်တိုက်စားခြင်းခံနေရသည့်အတွက် မြစ်ရေထဲပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အပေါက်ဝကျေးရွာ၊ ချောင်းဝရပ်ကွက်အတွင်းရှိ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ယခုနေရာမှ ရွာတောင်ပိုင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအနီးသို့ ပြောင်းရွှေ့တည်ဆောက်ရန် မြေနေရာသတ်မှတ်ထားပြီးဖြစ်သည်။
အဆိုပါကျောင်းကို ပြောင်းရွှေ့တည်ဆောက်ရန် ငွေကြေးအမြောက်အများလိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် ကျေးရွာသူ၊
ကျေးရွာသားများက ထည့်ဝင်လှူဒါန်းငွေမှာ ကျပ်သိန်းတစ်ရာ ဝန်းကျင်ခန့်သာရ ရှိနေသေးကြောင်း ဆရာတော်၏မိန့်ကြားသည်။
“ဘယ်တော့ ပြောင်းမယ်ဆိုတာတော့ အတိအကျမသတ်မှတ်ရသေးဘူး။ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ အဆင့်ဘဲ ရှိပါသေးတ.်”ဟု ဆရာတော်က မိန့််သည်။
ကျောက်တော်မြို့နယ်အတွင်းတွင် ကုလားတန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှုကို ရင်ဆိုင်နေသည့်ကျေးရွာသုံးရွာအနက် အပေါက်ဝရွာ၏မြစ်ကမ်းပြိုမှုမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက ဆိုသည်။
ယင်းသို့မြစ်ကမ်းပါးများအဆက်မပြတ်ပြိုကျနေသည့်အတွက် ဈေးတန်းလျားများ၊ ဈေးဆိုင်ခန်း များ၊ နေအိမ်များနှင့် ထမင်းဆိုင် တန်းများမှာ အမြဲတမ်းပြောင်းရွှေ့တည်ဆောက်နေကြရသည်။
မြစ်ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့သွားကြရသည့်မိသားစုများကို အစိုးရက မည်သည့်အခါမျှ ထောက်ပံ့ကူညီပေးခြင်းမရှိဖူးကြောင်းလည်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက တညီတညွတ် တည်းပြောသည်။ အပေါက်ဝကျေးရွာသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း အိမ်ခြေ ၅ဝဝဝ ကျော် ရှိသည့် စံပြကျေးရွာတစ်ရွာဖြစ်သည်။
မြစ်ချောင်းအင်းအိုင် အလွန်ပေါများသော ရခိုင်ပြည်နယ်တွင် မြစ်ကြောင်းပြောင်းလဲမှုကို ကာကွယ်ရန် နှင့် မြစ်ကမ်းပါးပြိုကျမှု ထိန်းသိမ်းရေး လုပ်ငန်းမှာ အထူးအားနည်းနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘုန်းကြီးကျောင်း ပဋိပက္ခဖြစ်ရာမှ စာသင်ကျောင်းပိတ်ထားရ


လူမူကျေးရွာ ဆိုင်းဘုတ် (ဓါတ်ပုံ- နိရဉ္စရာ)
လူမူကျေးရွာ ဆိုင်းဘုတ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လမူကျေးရွာအုပ်စု၊ ငရုတ်တောင်ကျေးရွာတွင် ဘုန်းကြီးကျောင်း အငြင်းပွားမူကြောင့် တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန် ဖြစ်ပွားနေ၍ လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် အစိုးရ စာသင်ကျောင်းကို ယာယီ ပိတ်ထားရသည်ဟု သတင်း ရရှိသည်။
ငရုတ်တောင် ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ရွာရှိ ကျောင်းထိုင်ဆရာတော်အား ကိုးကွယ်နေသူ အိမ်ခြေ ၁၀၀ ခန့်နှင့် မကိုးကွယ်လိုသူ အိမ်ခြေ ၁၀၀ ခန့် အကြား ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ဘုန်းကြီးကျောင်း ဂေါပက အဖွဲ့ဝင် ဦးတင်လိုင်ကဆိုသည်။
“ အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပြသနာ ဖြစ်ပြီး တင်းမာနေတယ်။ မကိုးကွယ်လိုတဲ့သူတွေက ဘုန်းကြီးကျောင်းကို လေးခွတွေနဲ့ချတယ်။ ကျောင်းခေါင်မိုးတွေ ပေါက်ပြဲကုန်တယ်။ သိမ်နဲ့ ဇရပ်က မှန်တွေ ကွဲသွားတယ်။ ဒါ့ပြင် ရွာထဲက အိမ်တစ်လုံးလည်း မီးရှို့ခံရတယ်။ နောက်ပိုင်းမှာ ကလေးအတွက်ပါ စိုးရိမ်ရတဲ့ အတွက် စာသင်ကျောင်းကိုလည်း ပိတ်ထားရတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ကျောင်းပိတ်ထားရသဖြင့် ကလေးငယ်များ ပညာရေးကို ထိခိုက်မူများရှိနေကြောင်း ကျေးရွာထဲမှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ဖြူနုတင်က ပြောသည်။
“ ဆရာတွေလည်း မလာရဲတော့ ကျောင်းကို ပိတ်ထားရတယ်။ ခုလို ရက်အကြာကြီးပိတ်ထားရတော့ ကလေးတွေ အတွက် ပညာရေး ထိခိုက်နေပါတယ်” ဟု ပြောသည်။
ယင်းပြင် ပဋိပက္ခ နောက်ဆက်တွဲ အနေဖြင့် ကျောင်းကိုးကွယ်သူများ ရောင်းချသည့် ဈေးဆိုင်များမှ ဈေးမ၀ယ်ရန် လုံဆော်ခြင်းများ ရှိနေသလို ကျောင်းကိုးကွယ်သူများကို ဓါးဖြင့် နောက်မှ လိုက်ထိုးမူများလည်း ရှိနေကြောင်း ဦးလှရွှေတင်မှ ပြောကြားသည်။
“ ပြသနာက တင်းမာနေဆဲ ဖြစ်ပါတယ်။ ဈေးဆိုင်တွေကို မ၀ယ်နဲ့ တားမြစ်မူတွေရှိနေတယ်။ ဓါးနဲ့ လိုက်ထိုးတာတွေလည်းရှိနေတယ်” ဟု သူက ဆိုသည်။
သို့အတွက် ဘုန်းကြီးကျောင်းကို ကိုးကွယ်သူက တစ်ခြမ်း၊ မကိုးကွယ်သူက တစ်ခြမ်း သီးသန့်စီ နေထိုင်နေကြရသည်ဟု  ကျေးရွာသား နောက်တစ်ဦးဖြစ်သူ ဦးစောဝင်းက ပြောသည်။
လမူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်ကမူ “ ကျွန်တော်တို့ ပြသနာ ဖြစ်တယ်လို့ သတင်းကြား-ကြားချင်း လမူးစခန်းက ရဲတွေကို ခေါ်ပြီး လိုက်သွားတယ်။ ဒါက ဘာသာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခမို့ ကျနော်တို့ဖြေရှင်းလို့ မရဘူး။ ဘာသာရေးနဲ့ ဆိုင်တဲ့ ဂိုဏ်းသံဃာ၊ မြို့နယ် သံဃာနာယက အဖွဲ့နဲ့ မြို့နယ် သာသနာရေး ဦးစီးမှူးဆီကို သတင်းပို့ လျှောက်ထားပြီး ဖြစ်တယ်။ ကျွန်တော်တို့က ဆက်လက်ပြီး ဥပဒေမဲ့ မဖြစ်အောင် ထိန်းသိမ်းနေပါတယ်” ဟု ပြောသည်။
ဂဲချခံရသော ဘုန်းကြီးကျောင်း ( ဓါတ်ပုံ- နိရဉ္စရာ)
ဂဲချခံရသော ဘုန်းကြီးကျောင်း ( ဓါတ်ပုံ- နိရဉ္စရာ)
လမူးရဲစခန်းတာဝန်ရှိသူ ရဲအရာရှိကလည်း “ နှစ်ဖက်လုံးကို ထိန်းသိမ်းပါတယ်။ နှစ်ဖက်လုံးကို စစ်ဆေးနေပါတယ်။ ဥပဒေအရ အပြစ်ရှိတဲ့လူကတော့ ရှိတဲ့ အလျှောက်ခံရမှာဘဲ။ အခု ပြသနာ ဆက်မဖြစ်ရအောင် စခန်းက ရဲလေးဦးကို ရွာမှာ အချိန်ပြည့် လုံခြုံရေး ချထားပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ဖမ်းဆီးခံရသူ (၂) ဦးမှာ ဘုန်းကြီးကျောင်းကို ကာကွယ်နေသူများ ဖြစ်သည်ဟုဆိုကာ ဘုန်းကြီးအား ကိုးကွယ်သူများ ဘက်မှ မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ငရုတ်တောင် ဆရာတော် ဦးစီး၍ တောင်ကုတ်မြို့ပေါ်တွင် နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပဋိပက္ခတွင် ပါဝင်မူ မရှိဘဲ မှားယွင်းစွာ ဖမ်းဆီးခံထားရသူများ အတွက် တောင်ကုတ် မြို့ပေါ်တွင် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ရှိ သမိုင်းဝင်ဝက်ကျိန်းဘုရား ဆီးမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲ ကျင်းပ

 မြိုတိုင်းရင်းသားများမှ ရိုးရာ တူရိယာများဖြင့် ဘုရားပွဲတွင် သီဆို ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
မြိုတိုင်းရင်းသားများမှ ရိုးရာ တူရိယာများဖြင့် ဘုရားပွဲတွင် သီဆို ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ ၀က်ကျိန်းဓာတ်တော်စေတီ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲကို ရှေးရိုးရာ ဓလေ့ထုံးတန်းစဉ်လာများနှင့် အညီ တန်ဆောင်မုန်းလပြည့်နေ့က ရခိုင်တိုင်းရင်းသားများက စုပေါင်း ကျင်းပခဲ့ကြသည်။
“၀က်ကျိန်းဓာတ်တော်က မောင်တောမြို့နယ်အတွင်း သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ပါတယ်။ ဒီဘုရားပွဲကို နှစ်စဉ် နှစ်တိုင်းကျင်းပလာရာမှာ ဒီနှစ်မှာတော့ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေက ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲတွေရဲ့ အကူအညီတွေနဲ့ တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဒီဘုရားပွဲကို  စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါတယ်” ဟု တောင်ပြိုမြို့နယ်ခွဲ အရပ်ဘက် လူမူအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။
တက်ရောက်လာသော ဒေသခံ ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
တက်ရောက်လာသော ဒေသခံ ပြည်သူများ (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများမှာ ယခုအခါ လူနည်းစု ဖြစ်နေပြီး လုံခြုံရေးအရ အားနည်းမူများ ရှိနေသော်လည်း ဒေသအတွင်းက တပ်မတော်နဲ့ ခရိုင်၊ မြို့နယ် အဆင့်အရာရှိများ၏ အကူအညီများဖြင့် တန်ဆောင်မုန်း လပြည့်နေ့က ယင်းဘုရားပွဲတော်အား ကျင်းပရာ ယခုနှစ်တွင်လည်း အထူးစည်ကားခဲ့သည်ဟု သိရသည်။
“ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ မှ တပ်​မမှူး ဗိုလ်​မှူးချုပ်​ခင်​​ဇော်​ကိုယ်တိုင် သူရဲ့ ဇနီးနဲ့အတူ ဘုရားပွဲကို တက်ရောက်ဆင်နွဲ ပါတယ်။ တခြား  ခရိုင်​ /မြို့နယ်​ အဆင့်​ဌာနဆိုင်​ရာ အရာရှိကြီးတွေ၊ အစိုးရ ၀န်ထမ်းတွေ၊ ဒေသခံတိုင်းရင်းသားတွေ တက်​​ရောက်​ကြပါတယ်။ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စတဲ့ တိုင်းရင်းသား လူထု  ၅၀၀၀ ခန့်ရောက်ပါတယ်” ဟု ဆိုသည်။
ယင်း ၀က်ကျိန်းဘုရား ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲတွင်  ၀က်​ကျိန်း တောရဆရာ​တော်​အား ကထိ​န်​သင်္ကန်းနှင့်​ လှူဖွယ်​ပစ္စည်းများဆက်​ကပ်​ကြပါသည်​။
တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာလ ၆ ရက်)  နေ့လည်​ပိုင်းတွင်​ ရခိုင်​ရိုးရာကျင်​ကိုင်​ပွဲကို ကျင်းပရာ ရန်​​အောင်​ပြင် ကျေးရွာမှ ပထမ၊ ​ချောတိုင်​တက်​ပွဲတွင်​ ​အောက်​ပြူးမ​ကျေးရွာမှပထမ ရရှိပြီး လွန်​ဆွဲပွဲတွင်​ ​လောင်းဒုံ​ကျေးရွာမှ ပထမ ဆုတို့ အသီးသီးရရှိခဲ့ကြသည်ဟု သိရသည်။
ဆုရရှိသည့် ကျေးရွာများအား  နယ်​​မြေခံတပ်​ရင်းမှုး ဒုတိယဗိုလ်​မှူးကြီး​နေဇင်​လတ်​နှင့်​ ​တောင်​ပြိုမြို့အုပ်​ချုပ်​​ရေးမှူးဦး​အောင်​​ကျော်​စိုးတိုမှ အသီးသီး ဆုများ ​ပေးအပ်​ခဲ့ကြသည်ဟု ဆိုသည်​ ။
ကျင်ပွဲဆုရသူများနှင့် တပ်မတော်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ (ဓါတ်ပုံ- နိရဉ္စရာ)
ကျင်ပွဲဆုရသူများနှင့် တပ်မတော်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ (ဓါတ်ပုံ- နိရဉ္စရာ)
ညပိုင်းတွင်​ ယဉ်​​ကျေးမှု ပ​ဒေသာကပွဲကို ဆက်​လက်​ကျင်းပရာ မြို၊ သက်​၊ ရခိုင်​၊ ဗမာယဉ်​​ကျေးမှု အကများဖြင့်​ ဧည့်​ခံ​ဖျော်​​ဖြေခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်​​တောမြို့နယ်​နှင့် ဘင်္ဂလာဒေခ်ျ့ အနောက်ဘက် နတ်မြစ်ကမ်းခြေ တစ်လျှောက်တွင် ဘုရားရှင် ဓာတ်တော်များ ဖြင့် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်း စေတီအများအပြားရှိရာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်​စစ်​ပြင်​ ​ကျေးရွာအုပ်​စုရှိ သမိုင်းဝင်​ ၀က်​ကျိန်းဓာတ်​​စေတီ​လည်းပါဝင်သည်။
သို့သော်လည်း အများစု စေတီတော်များမှာ မသမာသူများ၏ လက်ချက်ဖြင့် ပြိုပျက်ခဲ့ရပြီး အများပြည်သူများမှာ သွားရောက် ဖူးမျှော်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, August 18, 2014

သံတွဲတွင်ကျင်းပသည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူငါးသောင်းကျော် ပါဝင်ဆင်နွှဲ

သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
သံတွဲမြို့တွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော် ဘာသာနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
(၅၃) နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲမြို့တွင် ယနေ့တွင် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူ ငါးသောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းအထိမ်းအမှတ်နေ့သို့ သံဃာတော်ပေါင်း (၅၃၀) ပါး ကြွရောက်ခဲ့ပြီး လူပေါင်း ငါးသောင်းကျော် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံတွဲမြို့ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဣန္ဒာစာရနှင့် မျက်မြင်များက နိရဉ္စရာသို့ ပြောသည်။
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေါ်ထုတ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပုလဲရတနာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“လိုအပ်မှုဆိုတဲ့ အချိန်တစ်ခုကို ရောက်လာပြီ။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာနေ့ကို သိထားမှ ဖြစ်တော့မယ်။ ဒါက နိုင်ငံတော်က တိတိကျကျ ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်။ ဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ပျောက်ကွယ်သွားရင် နောက်နောင် ပြန်လည်ဖော်ထုတ်ဖို့ ခက်လိမ့်မယ်။ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားထဲမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာနေ့ ဖြစ်တယ်လို့ သိထားဖို့ လိုတယ်။ ဒီအတွက် ကျင်းပခဲ့ကြတာဖြစ်တယ်” ဟု မိန့်သည်။
နိုင်ငံတော် ဘာသာနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရဟန်တော်များကို ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များကလည်း အန္တရာယ်ကင်း ပရိတ်တော်များကို ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း၊ ယနေ့သည် ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့ဖြစ်နေ၍ မေတ္တာသုတ် ပရိတ်တော်ကိုလည်း စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
image-c3fd0378b70afd97da61eabf2bb92314274a320ce6924324b4372dc98425be8a-V
“ဒီနေ့က ဝါခေါင်လပြည့်နေ့ဆိုတော့ မေတ္တာအခါတော်နေ့လေ။ ဒါကြောင့် မေတ္တာသုတ် ပရိတ်တော်ကိုလည်းပဲ စုပေါင်းရွတ်ဆိုကြတယ်။ ပြီးတော့ ပွဲကို ရောက်လာတဲ့ လူတွေကို စည်းနဲ့ကမ်းနဲ့ နေကြဖို့၊ ပြောကြ ဆိုကြဖို့၊ ဘယ်ပြဿနာမှ မဖြစ်စေဖို့ ဝန်းရံပြီးတော့ ဆောင်ရွက်ကြတာပါ။ လုံခြုံရေးတွေကလည်း တင်းကျပ်စွာ တာဝန်ယူပေးပါတယ်” ဟု ဆရာတော်က မိန့်သည်။
အခမ်းအနားကို သံတွဲမြို့ရှိ လေးမျက်နှာကုန်းတော် ဓမ္မာရုံတွင် နေ့လည် (၁) နာရီအချိန်တွင် စတင် ကျင်းပခဲ့ပြီး ပရိတ်တရားတော်များနာကြား၍ အပြီးတွင် သံဃာတော်များက သံတွဲမြို့ စိတ္တသုခလမ်း၊ ရွှေဆံတော် ဘုရားလမ်း၊ တာဝတိံသာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်း၊ မဟာမြိုင်လမ်းများသို့ ကြွရောက် ဆွမ်းဆန်စိမ်း အလှူခံခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များကလည်း ဆွမ်းဆန်များ၊ ဆီးမီးတိုင်၊ အမွှေးတိုင်များ အပါအဝင် လှူဖွယ်ဝတ္ထုများကို လှူဒါန်းခဲ့ကြသည်။
သံတွဲတွင် ဗုဒ္ဓဘာသာနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းလောင်းလှူခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဤနေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် မသိမဖြစ် သိထားရမည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

အတင်းလူဝတ်လဲ ထောင်ချခံရပြီး လွှတ်မြောက်လာသော ရဟန်းတော်ကို ရခိုင်ပြည်သူ ရာပေါင်းများစွာကြိုဆို

 ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ထောင်ကလွှတ်လာသော ဦးဓမ္မသေနအားမြောက်ဦးမြို့တွင် သြဂုတ်လ (၆) ရက်နေ့က ကြိုဆိုနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ကျောင်းအငြင်းပွားမူ တစ်ခုကြောင့် အတင်းလူဝတ်လဲပြီး ထောင် (၄) လ ချခံခဲ့ရသော ရဟန်းတော် တစ်ပါး ယမန်နေ့က စစ်တွေမြို့အကျဉ်းထောင်မှ လွှတ်မြောက်လာရာ မြောက်ဦးမြို့တွင် ရာနှင့် ချီသော ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်။
ယင်းလွှတ်မြောက်လာသော ရဟန်းတော်အမည်မှာ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) ဖြစ်ပြီး မြောက်ဦးမြို့နယ် စက်သားရွာ ကျောင်းအငြင်းပွားမူကြောင့် လူဝတ်လဲ ထောင်ချခံခဲ့ရသည်ဟု သိရသည်။
“ ဦးဇင်းကို အခုပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ရခိုင်ပြည်နယ်သာသနာရေးမှူး ဦးသောင်းရွှေမှ တရားစွဲဆိုပြီး မြောက်ဦးမြို့နယ် တရားရုံးက လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ထောင် (၄)လ ချလိုက်ပါတယ်။ ဦးဇင်းကို မြောက်ဦးခရိုင်ရဲရုံးမှာ အတင်းသင်္ကန်းချွတ် လူဝတ်လဲပြီးထောင်ထဲကို ပို့ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇင်း ဘဒ္ဒန္တဓမ္မသေနက နိရဉ္စရာသို့ ပြောကြားသည်။
မည်သည့်အတွက်ကြောင့် ထောင်ချခံရပါသလဲဟု မေးမြန်းရာဦးဇင်းက ယခုလို မိန့်ကြားသည်။
Monk-in-Mrauk-U
“ ဦးဇင်းကို သံဃာအဖွဲ့အစည်းအဆင့်ဆင့် ပြောဆိုဆုံးမလို့ မရဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိကစွဲတာပါ။ ဦးဇင်းကို ဒီပုဒ်မနဲ့ စွဲပေမယ့် ဘယ်ဆရာတော်ကမှ ဦးဇင်းကို အဆင့်ဆင့် ခေါ်ယူ ပြောဆိုဆုံးမတာလည်း မရှိခဲ့ဘူး။ အဲသလို ဆုံးမတာမရှိဘဲ ခုလို တစ်ဘက်သတ် တရားစွဲထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မကတော့ န၀တ ဥပဒေ အမှတ် ၂၀/၉၀ ပုဒ်မ (၁၁) အရ (၁၄) ရက်အရေးယူခိုင်းတာကို မြို့နယ်တရားရုံးက လူဝတ်လဲပြီး ထောင် (၄) လ ချမှတ်ခဲ့ပါတယ်” ဟု ဦးဇင်းက ဆိုသည်။
မြောက်ဦးမြို့နယ် စက်သားရွာကျောင်းအား မင်းဂံဂိုဏ်းမှ ဘဒ္ဒန္တဓမ္မသေန သာသနာ့ဓဇ (ဓမ္မစာရိယ) အား ကျောင်းထိုင်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ထိုသို့ခန့်အပ်ပြီးနောက် ကျောင်းသို့ သွားရောက်ရာ စက်သားရွာမှ  ယင်းဦးဇင်းအား မကိုးကွယ်လိုသူ လူတစ်စုက မြို့နယ် သံဃာနာယကသို့ အကူအညီ တောင်းခံခဲ့သဖြင့် သံဃာနာယကမှ ကျောင်းကို ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ဘဒ္ဒန္တဓမ္မသေနသည် မန္တလေးမြို့တွင် ချီးမြှင့်မည့် သာသနဓဇ ဘွဲ့ကို ယူရန် သွားရောက်နေစဉ် မြောက်ဦးမြို့နယ် သံဃာနာယကမှ စက်သားရွာ ကျောင်းကို ပြန်လည် ဖွင့်ပြီး တခြားရဟန်းတော် တစ်ပါးအား ကျောင်းထိုင်အဖြစ်ခန့်အပ်ခဲ့သည်ဟု သိရသည်။
မန္တလေးမှ ဘွဲ့ယူပြီး ပြန်လာသော ဦးဇင်း ဘဒ္ဒန္တဓမ္မသေနမှ စက်သားရွာ ကျောင်းသို့ ဂိုဏ်းဆရာတော်မှ တာဝန်ပေးထားသည်နှင့် အညီ ဂဃ သံဃာ၊ ဂဃအာစရိယ ဂိုဏ်းချုပ်ဆရာတော်မှ ကျောင်းချသည်ဟုဆိုကာ ယင်းကျောင်းသို့ သွားရောက်ရာ ကျောင်းလုသည်ဟု ဆိုကာတရားစွဲခံရပြီး ယခုလို ထောင်ချခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယအား စက်သွားရာတွင် သုံးပုံနှစ်ပုံခန့် ရွာသားများက ကြည်ညိုကြောင်း၊ မကြည်ညိုသူက အနည်းစုသာရှိပါကြောင်း၊ ယခုကဲ့သို့ သင်္ကန်းအတင်းချွတ်ပြီး ထောင်ထဲပို့ခံရသည်မှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းတော်များကို တရားစီရင် ဆုံးဖြတ်ရန် ရဟန်းသံဃာဝိနစ္စ ခုံရုံးဆိုတာရှိကြောင်း၊ ထိုခုံရုံးတွင် အမူကို မဆုံးဖြတ်ဘဲ လူဝတ်ကြောင်များကို စီရင်သော တရားရုံးကို ပို့ပြီး အမူကို ဆုံးဖြတ်ခြင်းမှာ တရားမျှတမူမရှိကြောင်း၊ ရဟန်းသံဃာတော်များ၊ ဒေသခံပြည်သူများ လုံးဝ တရားမျှတမူမရှိဟု ခံယူထားပါကြောင်း၊ သို့သော်လည်း မတတ်သာ၍ အောင့်အည်းသည်းခံရခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ ပြင်ဈီးဆရာတော်က မိန့်ကြားသည်။
Monk-release-in-Jail
“ မနေ့က ဦးဇင်း ဘဒ္ဒန္တဓမ္မသေန သာသနဓဇဓမ္မစာရိယထောင်က လွှတ်လာတော့ ရခိုင်မင်္ဂလာ စည်တော်တွေကို တီးပြီး လူတွေနဲ့ ရာနဲ့ချီပြီး ကြိုဆိုကြတယ်။  ဒါကဘာကိုပြသလဲဆိုရင် အဲဒီဦးဇင်းဟာ ထောင်ချခံရပေမယ့် အပြစ်မရှိဆိုတာကို လူတွေက သိတဲ့ အတွက် ခုလို ကြိုဆိုကြတာ ဖြစ်ပါတယ်။ ဒါကို သံဃာနာယက ဆရာတော်ကြီးတွေ သိစေချင်ပါတယ်” ဟု ဆရာတော်က ဆက်လက်ပြောဆိုသည်။
စက်သားရွာမှ ကျောင်းတကာကြီး ဦးမောင်ဘသိန်းက ယခုကဲ့သို့ မြို့နယ် သံဃာနာယက၏ ၀င်ရောက် စွက်ဖက်မူကြောင့် စက်သားရွာမှာ ပြိုကွဲသွားခဲ့ရသည်ဟု ဆိုသည်။
“ ကျနော်တို့က ခေါင်းယောင်းဆရာတော်ကြီးက မှန်မှန်ကန်ကန် ကျောင်းထိုင်ဖို့ ချပေးပါလျှက် မြို့နယ် သံဃာနာယကမှနေ ဦးဓမ္မသေနကို နှင်ချပြီး အတင်း သင်္ကန်းချွတ်လိုက်တဲ့ အတွက် စက်သားရွာဟာ ပြိုကွဲသွားပြီး ဦးဓမ္မသေနဟာ လုံးဝထောင်ကျသွားခဲ့ပါတယ်။ ဒီကိစ္စဟာသံဃာကိစ္စ ဖြစ်တဲ့ အတွက် မြို့နယ် သံဃာနာယမှာ အဓိက တာဝန်ရှိတယ်လို့ ပြောလိုပါတယ်” ဟု သူက ဆိုသည်။
ယခုအခါ ဦးဓမ္မသေနအား သင်္ဘောကိုင်း၊ သာစည်ရွာတို့မှ ကိုးကွယ်သော ကံရှည်ကျောင်းတွင် သီတင်းသုံးနေသော  ဂိုဏ်းချုပ် ဆရာတော် ခေါင်းယောင်းဆရာတော်ကြီးထံသို့ ပို့ဆောင်ရန် အတွက် ရဟန်းသံဃာတော်များ၊ တပည့်တကာများသည် သွားရောက်နေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့် ရခိုင်အမျိုးသား ဦးစံလင်း အလုပ်ထိခိုက်သဖြင့် မီဒီယာများနှင့် အင်တာဗျူးခေတ္တရပ်ထားမည်ဟုဆို

Dhammazedi_Bell
(ဓါတ်ပုံ ပန်းချီ- အင်တာနက်)
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ဆုံရာ အလယ်တွင် တွင် နှစ်ပေါင်းရာနှင့်ချီ၍ နှစ်မြုပ်လျှက်ရှိသော ဓမ္မစေတီခေါင်းလောင်းကြီးအား ဦးဆောင် ဆယ်ယူမည့် ရခိုင်လူမျိုး ဦးစံလင်း အနေဖြင့် အင်တာဗျူးလုပ်လိုသူများပြားမူကြောင့် အလုပ်ထိခိုက်နေ၍​ လောလောဆယ်တွင် အင်တာဗျူး ပေးခြင်းကို ခေတ္တရပ်နားထားမည်ဟု ဆိုသည်။
ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းအား နိရဉ္စရာမှ ဓမ္မစေတီတီ ခေါင်းလောင်ကြီး ပြန်လည်ဆယ်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ အင်တာဗျူး လုပ်သူများကြောင့် အလုပ်ထိခိုက်နေ၍ လောလောဆယ် အင်တာဗျူး လုပ်ခြင်းကို ရပ်နားထားကြောင်း ပြောဆိုသည်။
“ အခု ကျွန်တော်က လုပ်ငန်း မစရသေးဘူး။ ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက် ဖုန်းထဲကနေ အင်တာဗျူးလုပ်တာတွေ၊ မေးမြန်းတာတွေများနေတဲ့ အတွက် အလုပ်က ဘာမှလုပ်လို့ မရ ဖြစ်နေတယ်။ ဒါကြောင့် လောလောဆယ်မှာ အင်တာဗျူး မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဆိုသည်။
ဦးစံလင်းအား ယမန်နေ့က အခြား သတင်းဌာနတစ်ချို့မှ အင်တာဗျူး ပြုလုပ်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း အလားတူ ငြင်းဆိုထားကြောင်း သူက ဆက်လက်ပြောဆိုသည်။
“ မနေ့ကလည်း ဘီဘီစီ သတင်းဌာန အပါအ၀င် သတင်းဌာနတွေ စိတ်ဝင်စားသူတွေ မေးမြန်ကြတယ်။ အင်တာဗျူး မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အခြား သတင်းဌာနတွေလည်း ဆက်သွယ်တယ်၊ ဘာတစ်ခုမှ ပြန်မဖြေနိုင်တော့ဘူးလို့ ပြောပြလိုက်တယ် ” ဟု ဆိုသည်။
ယင်းပြင် ဦးစံလင်းက “ခု ချိန်မှာ ဘာအင်တာဗျူးမှ မလုပ်နိုင်ပါဘူး။ ကျေးဇူးတင်တယ်၊ ဟိုကမေး ဒီကမေးနဲ့ တစ်ရက်တစ်ရက်ကို ကိုယ့်အလုပ်ကို မလုပ်ရဘူးဖြစ်နေတယ်။ တစ်ချို့ကိစ္စတွေ မပြီးနိုင်ဖြစ်နေတယ်။ ဒါကိုတော့ သည်းခံပေးကြပါ” ဟု ပြောဆိုသည်။
ဦးစံလင်း ဦးဆောင်သော အဖွဲ့သည် ဓမ္မစေတီ ခေါင်းလောင်းကြီးအား သြဂုတ်လ (၉) ရက်နေ့ စတင်ကာ ဆယ်ယူတော့မည် ဖြစ်သည်။
ကော့သောင်မြို့တွင်နေထိုင်သူ ဦးစံလင်း ဦးဆောင်သည့် အဖွဲ့အား ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရန် ဇူလိုင်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုခဲ့သည်။
ဦးစံလင်းမှာ ၁၉၉၇ ခုနှစ်မှ စတင်ကာ ဓမ္မစေတီခေါင်းလောင်းကြီးအား ရေထဲမှ ဆယ်ယူ ပူဇော်ရန် ကြိုးပမ်းနေသူ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် (၄၅) ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြထားသည်။
ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ကြေးပိဿာချိန် (၁၈၀၀၀၀) ခန့်ရှိပြီး ဟံသာဝတီဘုရင် ဓမ္မစေတီမင်းကြီးမှ ရွှေတိဂုံစေတီတော်တွင် တင်လှူရန်အတွက် ၁၄၈၄ ခုနှစ်တွင် ရွှေ၊ ငွေ၊ ကြေး၊ ဘော် သတ္တုလေးမျိုးဖြင့် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရေအောက်ထဲတွင် ၄၅ ဒီဂရီစောင်းနေပြီး အဝမှာ အပေါ်တွင် ရှိနေသော်လည်း နှစ်ပေါင်းလေးရာကျော် နစ်မြှပ်နေ၍ ပါဝင်သည့် သတ္တုဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီးတွင် ကြိုးတပ်သည့် ကွင်းပင်မရှိတော့ဟု ဆယ်ယူသူ အဖွဲ့ဝင်အချို့က ဆိုကြောင်း Democracy Today တွင် ဖေါ်ပြသည်။
ထိုခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက သင်္ဘောဖြင့် ယူဆောင်ချိန်တွင် မြစ်သုံးစင်းဆုံရာ နေရာ၌ နစ်မြှပ်ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးအား ဆယ်ယူရာတွင် မြန်မာ့နည်း မြန်မာ့ဟန်များဖြင့် ဂမ္ဘီရဆန်ဆန် ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် လူအများက စိတ်ဝင်စားလျှက်ရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, July 30, 2014

တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော် မဆုံးဖြတ်သေးပါ

စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရိုက်တာ)
စစ်တွေမြို့ ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ – ရိုက်တာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုအတွက် သံတွဲခရိုင်တရားရုံးက စွဲချက်တင်တဲ့အပေါ် ပြည်နယ်တရားရုံးမှာ ပြင်ဆင်မှု လျှောက်လဲချက် ပေးထားပေမယ့် ပြည်နယ်တရားလွှတ်တော်ရဲ့ အဆုံးအဖြတ် မထုတ်ပြန်သေးဘူးလို့ တရားခံရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် တောင် ကုတ်မြို့မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုကို သံတွဲခရိုင် တရားရုံးမှာ စစ်ဆေးပြီး ပြီးခဲ့တဲ့မေလကုန်မှာ တရားသူကြီးက တရားခံတွေကို လူသတ်မှု၊ ကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဒီစွဲချက်ကို မကျေနပ်လို့ တရားခံ ၇ ဦးအနက် ၆ ဦးအတွက် လိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်အေးနုစိန်၊ ကျန်တဦးအတွက် အမှုလိုက်ရှေ့နေ ဦးကျော်ညွန့်မောင်တို့က ပြည်နယ် တရားလွှတ်တော်မှာ ပြင်ဆင်မှုတင်သွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်  ၁၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
လျှောက်လဲချက်ပေးပြီး ၁ ပတ် သို့မဟုတ် ၁၀ ရက်အတွင်း အမိန့်ချလေ့ချထ ရှိတာကြောင့် မနေ့က တရားလွှတ်တော်ကို သွားကြည့်ရာမှာ  အမိန့်ချမယ့်ရက် မကြေညာသေးဘူးလို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
တရားရုံးတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို မေးမြန်းတဲ့အခါ ပြည်နယ်တရားလွှတ်တော်က လုပ်ငန်း မပြီးပြတ်သေးလို့ အမိန့်မချသေးတာ ဖြစ်နိုင်တဲ့အကြောင်းနဲ့ တချို့အမှုတွေမှာ ၂ လ ခန့်ထိ ကြာမြင့်တတ်ကြောင်း ရှင်းပြပါတယ်။
“လောလောဆယ် မချသေးဘူးဆိုတာ တရားသူကြီးက အမှုတွဲကို သေချာ လေ့လာနေလို့၊ စဉ်းစားနေလို့ သို့မဟုတ် သူဆုံးဖြတ်ချက် မပြီးသေးလို့ မချတာလို့ပဲ ပြောလို့ရပါတယ်။”
ပြည်နယ်တရားလွှတ်တော်က စွဲချက်ကို အတည်ပြုရင် အောက်ရုံးမှာ ဆက်စစ်ရမယ်။ စွဲချက်ကို အတည်မပြုရင်တော့ တရားရှင်လွှတ်မှာဖြစ်တယ်လို့ ဦးကိုနီက ရှင်းပြပါတယ်။
၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက် ဖမ်းဆီး ရုံးတင်ခဲ့တာဖြစ်သလို ၁ နှစ်နီးပါး စစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည် ဖြစ်ခဲ့သလို ပြည်နယ်နဲ့ တိုင်းတချို့မှာ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်က ဒီဖြစ်စဉ်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်အရေးယူမယ်လို့ မနှစ်တုန်းက တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- DVB)

Monday, July 28, 2014

ကျောက်တော်မြို့နယ်တွင် ဘုရားဆင်းထုတော် (၈)ဆူ ထပ်မံဖျက်ဆီးခံရ

Kyauk-Taw
သာယာလှပသော ကျောက်တော်မြို့နယ်တွင် ဘုရားများမကြာခဏ ဖျက်ဆီးခံနေရ၍ လူအများ စိတ်မချမ်းမြေ့ကြပါ။ (ဓါတ်ပုံ- နိရဉ္စရာ)
ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဥာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိုင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲမှူးနှင့်အတူ လိုက်ပါစစ်ဆေးနေသူ ရဲဝန်ထမ်းတစ်ယောက်က နိရဉ္စရာသို့ ပြောသည်။
“အဲဒီလို ဖျက်ဆီးထားတာကို ရွာက ကလေးတွေ စတွေ့တာလို့ ပြောတယ်။သူတို့က စေတီထဲကို သွင်းထားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ ရွာကလူတွေသိတော့ သတင်းက ပေါက်ကြားသွားတာပါ။ အဲဒီ ရွာက ကလေးတွေကိုလည်း ဘယ်လိုတွေ့ရှိခဲ့တယ်ဆိုတာ စစ်ဆေးနေပါတယ်” ဟု သူက ပြောသည်။
သူက ဆက်လက်၍  “ ဘုရားက ရွာနဲ့တစ်မိုင်လောက်ဝေးတယ်။ ဘုရားတွေကိုဖျက်ဆီးပြီးတော့ ဦးတော်တခြား လက်တခြား လွှင့်ပစ်ထားခဲ့တာပါ။ ဥာဏ်တော်တော့ သိပ်မကြီးပါဘူး။ဆင်းတုတော်တွေရဲ့ လက်တွေကိုဖဲ့၊ ဦးခေါင်းတော်တွေကို ရိုက်ခွဲပြီးတော့ စေတီအပြင်မှာ လွှင့်ပစ်ထားခဲ့တာ။ ဘယ်အချိန်က လုပ်သွားတယ် ဆိုတာတော့ ဘယ်သူမှမသိသေးပါဘူး” ဟု သူက ဆက်လက် ရှင်းပြသည်။
တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာ ကလည်း ယခုလို ပြောသည်။
“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။
လွန်ခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာတွင် ဘုရား ဆင်းတုတော် (၅) ဆူ ဖျက်ဆီးခံခဲ့ရပြီး ဆင်းတုတော်များ ဖျက်ဆီးသည့် တရားခံများကို သက်ဆိုင်ရာက ယနေ့ထိ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, June 4, 2014

စည်းကမ်းထိန်းသိမ်းရေး ရခိုင်ရဟန်းတော်များ ဒုတိယအကြိမ် အစည်းအဝေး စစ်တွေတွင်ကျင်းပ

monk-meeting
ရခိုင်ပြည်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တွေ  မြို့မ ပရိယတ္တိစာသင်တိုက်တွင် ယနေ့ စတင်ကျင်းပကြောင်း သတင်းရရှိသည်။
အစည်းအဝေးကို ဇွန်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော အစည်းအဝေးဖွင့်ပွဲသို့ စစ်တွေမြို့မှ ဆရာတော်ကြီးများ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားပြုသံဃာတော်များအပါအဝင် သံဃာတော် စုစုပေါင်း (၆၇)ပါး တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် “မိသားစု” ရခိုင်စည်တော်အဖွဲ့မှ မင်္ဂလာ စည်တော်တီး၍ ရတုသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် စစ်တွေမြို့ မကျည်းမြိုင်ဆရာတော် ဦးညဏဝံသအား တက်ရောက်လာသော သံဃာတော်များမှ သဘာပတိ ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြသည်။
အခမ်းအနားတွင် အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကို စစ်တွေမြို့ စည်း/ထိမ်းအဖွဲ့ မြောက်ပိုင်း ဥက္ကဌဆရာတော် ဦးစန္ဒောဘာသမှ တက်ရောက်သံဃာတော်များထံ  ယခုလို လျှောက်ထား ပြောဆိုသည်။
“ဒုတိယအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ စည်းထိမ်းအစည်းအဝေးကို သံတွဲမြို့မှာ ပြုလုပ်ကျင်းပမယ်လို့စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် သံတွဲမှာမကျင်းပဖြစ်ခဲ့ပါ ဘုရား။ အစည်းအဝးမလုပ်ဖြစ်တာ တစ်နှစ်တာကာလအထိ ကြာမြင့်ခဲ့တဲ့အတွက် အဖွဲ့အစည်းမှာလည်း ပျောက်ကွယ်လုမတတ်မှေးမှိန် သွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအစည်းအဝေးကို ပြန်လည်ကျင်းပဖို့လိုအပ်တယ်ဆိုပြီး စီစဉ်ခဲ့ရတာပါ” ဟု လျှောက်ထားသည်။
ရခိုင်ပြည်နယ်ရှိ စည်းထိန်းသံဃာတော်များအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ၏ သဘောထားများကို ရယူနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆရာတော် ဦးစန္ဒောဘာသမှ မိန့်ကြား သည်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီ ပဋိပက္ခဖြစ်ပွားခဲ့သည့် အချိန်အတွင်း ရခိုင်ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အစည်းကိုစတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို စစ်တွေမြို့ ဒက်ခေါင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် ရဟန်းတော်များ တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

monk-305
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ဇွန်လ ၃ ရက်နေ့က ရဟန်းတော်များအဖွဲ့ဟာ စစ်တွေမြို့ မြို့မဘုန်းကြီးကျောင်း မှာ ပြုလုပ်ကျင်းပနေစဉ်
Photo: Min Thein Aung / RFA
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့  အနာဂတ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က သံဃာတော် အပါး ၁၀၀ ကျော်တို့ဟာ ဒီနေ့ကနေ မနက်ဖြန် ဇွန်လ ၄ ရက်နေ့အထိ စစ်တွေမြို့ မြို့မကျောင်းတိုက်မှာ ဆွေးနွေးနေကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော် များအဖွဲ့ နာယကဆရာတော် အရှင်စန္ဒာဝရက အခုလို မိန့်ပါတယ်။
"လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက် ပြီးတော့ ရခိုင်ပြည် အနာဂတ်ရေးနဲ့ ပတ်သက်ပြီး မြို့နယ်အသီးသီးရဲ့ သဘောထားအမြင် လိုချင်တဲ့ အတွက်ကြောင့် ဒီအစည်းအဝေးကို ပြုလုပ် ရခြင်းဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုမရှိအောင် ပြုလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ ကိုယ်တို့က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲဆိုတဲ့ သဘောထားအမြင်တွေကို ရယူဖို့အတွက် ဦးဇင်း တို့က တစည်းတည်းတလုံးတည်း သဘောထားအမြင်ကို ရလိုတဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်"
ဒါ့အပြင် မြို့နယ်တချို့က ဖွဲ့စည်းထားတဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ တိုးချဲ့ဖွဲ့စည်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးပွဲကနေ အတည်ပြုချက်တွေကို ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဦးဆောင်သံဃာတော်တွေက မိန့်ပါတယ်။
ဒီ ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက စစ်တွေမြို့ ဒက်ခေါင်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
အသံနားထောင်ရန် ဤနေရာကို နှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)