Showing posts with label သဘာဝဘေးအန္တရာယ်. Show all posts
Showing posts with label သဘာဝဘေးအန္တရာယ်. Show all posts

Thursday, January 29, 2015

ဆားငန်ရေ၀င်၍ ပေါက်တောမြို့နယ်မှ စိုက်လယ်ဧက ၄၀၀ ခန့်ပျက်စီး

ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဥိ (ဓါတ်ပုံ- နိရဉ္စရာ)
ပျက်စီးသွားသော စိုက်ပျိုးမြေများကို တွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာတွင် ဆားငန်ရေ ၀င်ရောက်ရာမှ လယ်ဧက ၄၀၀ ခန့် ပျက်စီးခဲ့ပြီး လယ်သမား ၄၀ ကျော် နစ်နာခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ ၃ ရက်နေ့ထိ ဒီရေကြီးပြီး လယ်ကွင်းများသို့ ဆားငန်ရေ များ အဆက်မပြတ် ၀င်ရောက်ရာမှ ယင်းစိုက်ပျိုး လယ်မြေများမှာ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
” ကျွန်တော့် အသက် ၆၆ နှစ်ထဲ ရောက်နေပါပြီ၊ ယခုလိုအဖြစ်အပျက်မျိုး ကျွန်တော့်ဘ၀မှာ တစ်ခါမှ မကြုံဖူးပါ” ဟု ဆားပြင်ကျေးရွာမှ လယ်သမား ဦးအောင်ကျော်စိန်က ပြောသည်။
ယင်းပြင် သူက “လယ် ၁၈ ဧက လုပ်ပါတယ်။ ၂၀၁၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ ၃ ရက်နေ့ထိ ဒီရေကြီးပြီး ဆားငန်ရေ ၀င်သွားပါတယ်။ ဆားပြင်ကျေးရွာတစ်ခုလုံးရှိ လယ်တွေအားလုံး အငန်ပေါက်ပြီး ပျက်စီးသွားပါတယ်။ ကျွန်တော့် အသက် ၆၆ နှစ်ရှိပါပြီ၊ ဘ၀မှာ တစ်ခါမှ ဒီလို မကြုံဖူးပါဘူး။ ဆားငန်ရေ ၀င်ပြီး လယ်ကွင်းတွေလည်း အရောင်ပြောင်းသွားပါတယ်”ဟု ဆိုသည်။
မိမိမှာ အစိုးရထံမှ ဘဏ်ချေးငွေ ၆ သိန်းချေးထားပြီး ပေးဆပ်နိုင်သည့် အရည်အချင်းမရှိတော့ကြောင်း၊ မဖြစ်မနေ ဆပ်ရမည်ဆိုပါက ကျွဲနွားများကို ရောင်းပြီး ဆပ်ရမည်ဖြစ်ပြီး၊ လက်ရှိမှာ ၀မ်းစာမရှိ၊ ကောက်မျိုးမရှိ၊ လယ်လုပ်ခကိုလည်း ထက်ဝက်သာ ပေးရသေးကြောင်း ဦးအောင်ကျော်စိန်က ပြောဆိုသည်။
မိဘနှင့် အတူ လယ်လုပ်နေခဲ့သည့် သားငယ်တောင်မှ ဘ၀ ရပ်တည်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံကိုအလုပ်လုပ်ဖို့ သွားရပါပြီဟု တစ်ခြား လယ်သမ တစ်ဦးဖြစ်သူ ဒေါ်စိန်သာနုက ပြောသည်။
“ကျွန်မက ၁၅ ဧက လုပ်ပါတယ်။ လယ်လုပ်ခနဲ့ စပါးရိပ်သိမ်းခ ငွေမရှင်းရသေးပါဘူး။ လယ်ဦးစီးလုပ်ခဲ့တဲ့ သားငယ်တောင် ထိုင်းကို အလုပ်လုပ်ဖို့ သွားရပါပြီ။ ဘဏ်ငွေ ၅ သိန်းချေးထားပါတယ်။ နွားရောင်းပြီး ဆပ်ရတော့မှာပါ။ လယ်လုပ်ခ ပေးဖို့ နွားကို ရောင်းတာတောင် ၀ယ်မယ့်သူ မရှိလို့ မရောင်းရသေးပါဘူး” ဟု သူမက ပြောသည်။
တောင်သူလယ်သမားဆိုသည်မှာ မိဘပိုင်လယ်မြေကိုချစ်၍ လယ်လုပ်စားသူဖြစ်ကြောင်း လယ်သမား ကိုမောင်သန်းဝင်းက ဆိုသည်။
“တောင်သူလယ်သမားတိုတာ မိဘပိုင်လယ်မြေကိုချစ်လို့ လုပ်စားသူတွေပါ။ မိန်းမမှာ ရှိတဲ့ ရွှေစတွေကိုပေါင်ပြီးတော့ အရင်းနှီးပြု လုပ်ခဲ့ရပါတယ်။ အသီးအနှံထွက်မည့်အချိန်မှာ ဆားငန်ရေ ၀င်သွားတဲ့အတွက် အားလုံးကုန်သွားပါပြီ၊ လုပ်အားခတောင် မိမိမှီခိုနေရတဲ့ ကျွဲနွားကို ရောင်းပြီး ပေးနေရပါတယ်။ စုဆောင်းလာခဲ့သမျှ အားလုံးကုန်ပါပြီ” ဟု ဆိုသည်။
Rakhine-village-Arakan-pic
သူက ဆက်လက်၍ အိမ်မှာ စားစရာဆန်မရှိသလို လယ်လုပ်ဖို့ မျိုးစပါးတောင် မကျန်တော့ကြောင်း၊ ဘဏ်ချေးငွေကို ဆပ်နိုင်ဖို့ လမ်းစမရှိတော့ကြောင်း၊ သို့သော်လည်း အစိုးရက တစ်စုံတစ်ရာ စစ်ဆေး ကူညီပေးခြင်းလည်း မရှိကြောင်း သူက ပြောဆိုသည်။
လယ်ပျက်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကောက်ခံပြီး မြို့နယ်သို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ တစုံတရာ ကြောင်းပြန်ကြားမှုမရှိ သေးကြောင်း၊ ဘဏ်ချေးငွေကို ဆပ်ရမည်ဟု ကျေးရွာ၌ ဆော်သြနေသည်ကိုသာ တွေ့ရှိရကြောင်း၊ ကျေးရွာသားများ အခက်အခဲကို တစ်စုံတရာ ဖြေရှင်းပေးရန် ပြောကြားသည်ကို လုံးဝမတွေ့ရှိရသေးကြောင်း ဆားပြင်ကျေးရွာသားများက ပြောသည်။
ယင်းဆားပြင်ကျေးရွာ အနီးနားရှိ ကျေးရွာများဖြစ်ကြသော ငွေဒင်းဒွေ၊ လှခိုင်ရွာ၊ င၀က်စွေ၊ သရက်၊ စကေးချောင်း ကျေးရွာများ၌လည်း ဆားငံရေ၀င်ပြီး လယ်အမြောက်အများ ပျက်စီးခဲ့ရသည်ဟု လေ့လာသိရှိရသည်။

Monday, November 10, 2014

မြစ်ကမ်းပါးပြိုမှုကြောင့် နှစ်တစ်ရာကျော် ရှိနေပြီ ဖြစ်သော အပေါက်ဝ ဘုန်းတော်ကြီးကျောင်းရွှေ့မည်


Apauk-wa-Kyaung
ကုလားတန် မြစ်ကမ်းပါးပြိုကျမှုကြောင့် နှစ်တစ်ရာခန့် သက်တမ်းရှိနေပြီ ဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ဘုန်းတော်ကြီး ကျောင်းအား ပြောင်းရွှေ့တည်ဆောက်ရန် ပြည်နယ်သံဃာ့နာယက အဖွဲ့ထံ စာရေးသား တင်လိုက်ပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော်ဦးတေဇက မိန့်သည်။
“ဒီရက်ပိုင်းအတွင်းကပဲ တင်လိုက်တာဖြစ်ပါတယ်။ မြို့နယ်သံဃာ့နာယကအဖွဲ့ဆီလည်း တင်ပြီးသွားပြီ”ဟု ဆရာတော်က နိုဝင်ဘာ ၈
ရက်နေ့က နိရဉ္စရာသို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့အသိပေးအကြောင်းကြားစာကို ပြည်နယ်အစိုးရအဖွဲ့ထံသို့လည်း
ဆက်လက်တင်ပြ သွားဦးမည်ဖြစ်ကြောင်း ပြောဆိုသည်။
ကုလားတန်မြစ်ရေအဆက်မပြတ်တိုက်စားခြင်းခံနေရသည့်အတွက် မြစ်ရေထဲပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အပေါက်ဝကျေးရွာ၊ ချောင်းဝရပ်ကွက်အတွင်းရှိ အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ယခုနေရာမှ ရွာတောင်ပိုင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအနီးသို့ ပြောင်းရွှေ့တည်ဆောက်ရန် မြေနေရာသတ်မှတ်ထားပြီးဖြစ်သည်။
အဆိုပါကျောင်းကို ပြောင်းရွှေ့တည်ဆောက်ရန် ငွေကြေးအမြောက်အများလိုအပ်မည်ဖြစ်ပြီး လက်ရှိတွင် ကျေးရွာသူ၊
ကျေးရွာသားများက ထည့်ဝင်လှူဒါန်းငွေမှာ ကျပ်သိန်းတစ်ရာ ဝန်းကျင်ခန့်သာရ ရှိနေသေးကြောင်း ဆရာတော်၏မိန့်ကြားသည်။
“ဘယ်တော့ ပြောင်းမယ်ဆိုတာတော့ အတိအကျမသတ်မှတ်ရသေးဘူး။ ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ အဆင့်ဘဲ ရှိပါသေးတ.်”ဟု ဆရာတော်က မိန့််သည်။
ကျောက်တော်မြို့နယ်အတွင်းတွင် ကုလားတန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုမှုကို ရင်ဆိုင်နေသည့်ကျေးရွာသုံးရွာအနက် အပေါက်ဝရွာ၏မြစ်ကမ်းပြိုမှုမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှဝင်းက ဆိုသည်။
ယင်းသို့မြစ်ကမ်းပါးများအဆက်မပြတ်ပြိုကျနေသည့်အတွက် ဈေးတန်းလျားများ၊ ဈေးဆိုင်ခန်း များ၊ နေအိမ်များနှင့် ထမင်းဆိုင် တန်းများမှာ အမြဲတမ်းပြောင်းရွှေ့တည်ဆောက်နေကြရသည်။
မြစ်ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့သွားကြရသည့်မိသားစုများကို အစိုးရက မည်သည့်အခါမျှ ထောက်ပံ့ကူညီပေးခြင်းမရှိဖူးကြောင်းလည်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက တညီတညွတ် တည်းပြောသည်။ အပေါက်ဝကျေးရွာသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း အိမ်ခြေ ၅ဝဝဝ ကျော် ရှိသည့် စံပြကျေးရွာတစ်ရွာဖြစ်သည်။
မြစ်ချောင်းအင်းအိုင် အလွန်ပေါများသော ရခိုင်ပြည်နယ်တွင် မြစ်ကြောင်းပြောင်းလဲမှုကို ကာကွယ်ရန် နှင့် မြစ်ကမ်းပါးပြိုကျမှု ထိန်းသိမ်းရေး လုပ်ငန်းမှာ အထူးအားနည်းနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, September 10, 2014

မိုးရွာသွန်းမှုကြောင့် မီးတောင်မှရွှံ့ရည်များ ဖုံးလွှမ်း၍ စိုက်ပျိုးလယ်မြေများ ထပ်မံပျက်စီး

Mud_volcano_erupts_in_Arakanရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မကြာသေးမီကပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှ စီးကျလာသော ရွှံ့ချော်ရည်များမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အနီးရှိလယ်ယာမြေများကို ပိုမိုဖုံးလွှမ်းလာနေသဖြင့် စပါးစိုက်ပျိုးထားသော လယ်များ ထပ်မံပျက်စီးမူများရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုက မိုးတအားရွာလာတော့ ချော်ရည်တွေက မိုးရေစီးနဲ့မျောပါလာပြီး လယ်တွေကို တဖြေးဖြေးနဲ့ ပိုဖုံးလွှမ်း လာတယ်”ဟု ချော်ရည်ဖုံးလွှမ်းခြင်းကြောင့် လယ်မြေဧကအချို့ပျက်စီးခြင်းခံရသူ ကျောက်ဖြူမြို့ နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ချမ်းနုက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာရှိ ရွှံ့မီးတောင် မှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်မှ ထွက်ပေါ်လာသော ရွှံ့ချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန် ကျေးရွာများမှ စပါးစိုက်ပျိုးပြီး လယ်မြေဧက ၃ဝဝ ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခု နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အဆိုပါချော်ရည်များမှာ မိုးရေစီးနှင့် မျောပါလာပြီး လယ်မြေများကို ပိုမိုဖုံးလွှမ်းလာနေခြင်းကြောင့် စိုက်ပျိုးပြီးစ စပါးစိုက်ခင်းများ ပိုမိုပျက်စီးလာနေ ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ချော်ရည်တွေ လယ်မြေတွေကို နောက်ထပ်မဖုံးလွှမ်းအောင် သက်ဆိုင်ရာအာဏာ ပိုင်တွေ တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု လယ်ယာမြေပျက်စီးခြင်းခံလိုက်ရသည့် ဦးကျော်ဝင်းက ပြောသည်။
မီးတောင်ပေါက်ကွဲအပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင် ပါဝင်သော တာဝန်ရှိအဖွဲ့မှလာရောက်ကာ ချော်ရည်ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေစာရင်းကို လာရောက်စာရင်းကောက်ယူသွားခဲ့သော်လည်း စက်တင်ဘာလ ၈ ရက်အထိ မည်သည့် လုပ်ဆောင်ပေးခြင်းမျှ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဝန်ကြီးဦးကျော်ခင်ပြောခဲ့တာက လုပ်ပေးမယ်လို့ပြောတယ်။ သူက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေကို တင်ပြထားသလိုလို၊ ပျက်စီးသွားတဲ့လယ်မြေတွေအတွက် မျိုးစပါးတွေပေးမယ့်ပုံလိုလို၊ မြေသြ ဇာတွေပေးမယ့်ပုံလိုလို ပြောသွားတယ်။ ဘာလုပ်ပေးမယ်ဆိုတာတော့ တိတိကျကျမပြောခဲ့ဘူး”ဟု ဦးကျော် ဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်ခင်အား နိရဉ္စရာသတင်းဌာက စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ဆက်သွယ် မေးမြန်းရာ ယင်းက “အဲဒီကိစ္စကို ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုမေးပါ။ ကျွန်တော်ခ ရီးသွားနေတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မီးတောင်ပေါက်ကွဲအပြီး ဒေသခံများ၏ ကနဦးခန့်မှန်းချက်အရ ရွှံ့ချော်ရည်ဖုံးလွှမ်းပျက်စီးသွားသည့် လယ်မြေများမှာ ကျေးရွာသုံးခုပေါင်း ဧက ၃ဝဝ ကျော်ခန့်ရှိသည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရက ချော်ရည်ဖုံးလွှမ်းမှုကြောင့် ပျက်စီးသွားသည့်လယ်မြေဧကများမှာ ကျေးရွာသုံးရွာမှ ဒေသခံ ၂ဝ ဦး၏ လယ်မြေဧက ၁၂ ဒသမ ၄ဝ ဧကသာပျက်စီးသွားကြောင်း ကြေညာခဲ့သည်။
“အတွေ့အကြုံရှိတဲ့လူကြီးတွေပြောတာကတော့ ချော်ရည်ဖုံးသွားတဲ့လယ်တွေက လုပ်စားလို့မရတော့ ဘူးလို့ပြောကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူ တွင်မီးတောင်ပေါက်၍ လယ်ဧက ၃ဝဝ ကျော်ပျက်စီး

volcano-kyaukpku-Arakan
လွန်ခဲ့သော နှစ်အနည်းငယ်က ရမ်းဗြဲကျွန်းတွင် မီးတောင်တစ်ခု ပေါက်ကွဲနေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ပေါက်ကွဲ၍ လယ်မြေဧက ၃ဝဝ ကျော်ပျက်စီးဆုံးရှုံး သွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာ ဒေသအခေါ် “သူပုန်နဂါးမီးတောင်”အမည်ရှိ မီးတောင်မှာ သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ညနေ ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပေါက်ကွဲမှုရပ်တန့်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပေ ၁ဝဝ ကျော်အမြင့်ရှိသော အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသောချော်ရည်ပူများ မှာ အမြင့်ပေ တစ်ထောင်ဝန်းကျင်ခန့်အထိမြင့်တက်သွားခဲ့ပြီး ယင်းချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက် ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန်ကျေးရွာများမှ စပါးစိုက်ပျိုးပြီးလယ်မြေဧက ၃ဝဝ ကျော်ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများက ပြောသည်။
“လေယာဉ်သွားသလိုမျိုး အသံမြည်ပြီးပေါက်သွားတာ။ ချော်ရည်တွေ ပေ ၁ဝဝဝ လောက်တောင်မြင့် တက်သွားတယ်။ ကျနော့်လယ်နားကနေ ကြည့်နေတော့ မီးတောက်တွေ အပေါ်ကို ထိုးတက်သွားတာတွေကို မြင်တွေ့လိုက်ရပါတယ်”ဟု မီးတောင်ပေါက်ကွဲမှုကြောင့် ၁ ဧကခွဲခန့် လယ်မြေဧက ပျက်စီးသွားသည့် ပိုင်ရှင် ရှောက်ချောင်းကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောပြသည်။
မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်ပေါ်လာသည့်ချော်ရည်ပူများမှာ မီးတောင်အနီးတဝိုက် နှစ်ဖာလုံခန့် အကွာတွင်ရှိကြသော လယ်ယာမြေများကိုဖုန်းလွှမ်းသွားသည့်အတွက် လယ်ယာမြေများပျက်စီးဆုံးရှုံးသွား သည်ကိုတွေ့ရှိရကြောင်းလည်း အခင်းဖြစ်ရာနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုနေသူ ကျောက်ဖြူမြို့ နယ်၊ ဇင်ချောင်းကျေးရွာမှ ဦးကျန်သိန်းအောင်က ဆိုသည်။
“တစ်ချို့နေရာဆို တစ်ဖာလုံကျော်၊ တစ်ချို့နေရာတွေဆို နှစ်ဖာလုံကျော်၊ အဲလိုမျိုးအကွာမှာရှိတဲ့ လယ်တွေကို ချော်ရည်တွေဖုန်းလွှမ်းသွားတာတွေ့ရတယ်”ဟု ဦးကျန်သိန်းအောင်က သူမြင်တွေ့ရသည့်မြင် ကွင်းအနေအ ထားကို ပြောပြသည်။
ချော်ရည်ပူများဖုန်းလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေတည်ရှိနေသည့်နေ ရာမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာနှင့်နီးကပ်နေသောကြောင့် ပျက်စီးဆုံးရှုံးမှုတန် ဖိုးမှာလည်း သာမန်လယ်ယာမြေများထက် ပိုမိုများပြားကြောင်း လယ်မြေပျက်စီးသွားသည့်လယ်ပိုင်ရှင်များက ပြောသည်။
ယင်းသို့ လယ်ယာမြေအမြောက်အများပျက်စီးဆုံးရှုံးသွားသော်လည်း ဒေသအာဏာပိုင်များနှင့်တာဝန် ရှိသူများအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့လာရောက်ကြည့်ရှုမှုမရှိသည့်အပြင် ပျက်စီးဆုံးရှုံးသွားသည့်လယ် ယာမြေများအတွက်လည်း မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ဆက်သွယ်အကြောင်းကြားလာခြင်းမရှိ သေးကြောင်း ဒေသခံများက ပြောပြသည်။
“ဒေသအာဏာပိုင်တွေလာကြည့်တာ ခုထိမရှိသေးဘူး။ ကျွန်တော်တို့ရွာအုပ်ချုပ်ရေးမှူးဆိုရင် တောင် ပေါ်ကိုတောင်တက်မကြည့်ဘဲပြန်သွားတယ်”ဟု ဦးကျော်ဝင်းက စက်တင်ဘာ ၁ ရက်နေ့က နိရဉ္စရာ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်အား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းက “ကျွန်တော်တို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသ အာဏာပိုင်တွေဆီ အခင်းဖြစ်ပြီးတာနဲ့ အချိန်နဲ့တပြေးညီ သတင်းပို့အကြောင်းကြားထားပြီးဖြစ်ပါတယ်။ နစ်နာ သူတွေအတွက် ဘယ်လိုလုပ်ပေးမယ်ဆိုတာတော့ သက်ဆိုင်ရာကနေ ဆက်သွယ်လာတာမရှိသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး လယ်ယာမြေများနစ်နာသွားသူများကို မည်သို့ဆောင်ရွက်ပေးမည်ဆိုသည် ကို အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူစိုးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ယခုကဲ့သို့မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် မီးတောင်အနီးရှိ ကျေးရွာသုံးရွာမှ လယ်ပိုင်ရှင် ၁၇ ဦး၏ လယ်ယာမြေများဖုန်းလွှမ်းသွားသည့်အတွက် လုပ်ကိုင်စားသောက်၍မရတော့သည်ကို လေ့လာသိရှိထားကြောင်း ရှောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းကြည်က အတည်ပြုသည်။
အဆိုပါ သူပုန်နဂါးအမည်ရှိ မီးတောင်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပြန်လည်ပေါက်ကွဲလာခြင်းဖြစ်ပြီး အဆိုပါမီးတောင်ပေါက်ကွဲပါက ဒေသအခြေအနေများမှာဆူပူမှုများဖြစ်ပေါ်တတ်ကြကြောင်း
ရှေးလူကြီးများ၏ ပြောဆိုချက်များကိုကိုးကား၍ ဒေသခံများက ပြောသည်။
((သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 15, 2014

တောင်ကုတ်တွင် အသက်(၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြီး၍ ရေစီးထန်နေသော ရခိုင်မှ ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး တံတားကို ဖြတ်ကူးစဉ် ရေစီးနှင့်မျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
“ သေဆုံးသွားတာက အေးသာယာကျေးရွာက အေးမြကြည် အသက် (၁၄) နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်ပါတယ်” ဟု တောင်ကုတ်ရဲစခန်းမှ အတည်ပြုပြောကြားသည်။
သေဆုံးသွားခဲ့ရပုံကိုလည်း တာဝန်ရှိ ရဲအရာရှိက ယခုလို ဆက် ပြောဆိုသည်။
“ ရေနစ်သေတာက သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ ခန့်မှာပါ။ အမေနဲ့ ဈေးဝယ်ဖို့အသွား တံတား အကူးမှာ ရေစီးနဲ့ မျောပါသွားပြီး နောက်ပိုင်းမှာ ရေနစ်သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သေဆုံးသူ မိန်းကလေးအလောင်းအား ယမန်နေ့ကပင် ဆယ်ယူရရှိခဲ့သည်ဟု သိရသည်။
တောင်ကုတ်တွင် ယမန်နေ့က ရေကြီးခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ကို ရေနစ်မြုပ်ခဲ့ကြောင်း၊ ယနေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားသည်။
သံတွဲတွင်လည်း ရေကြီးမြေပြိုကျမူကြောင့် အနည်းဆုံး လူ (၃) ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်နေရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း သံတွဲရဲတပ်ဖွဲ့က ငြင်းဆိုသည်။
“ သူဌေးချောင်းစီမံကိန်းဆည်ကျိုးပြီး လူ (၃) ဦးသေသွားတဲ့ သတင်း မဟုတ်မှန်ပါဘူးခင်ဗျား။ ရေကြီးတာ မှန်ပေမယ့် လူသေဆုံးတာ မရှိပါဘူး” ဟု သံတွဲရဲစခန်းသို့ ယနေ့နံနက် ၉ နာရီက နိရဉ္စရာက ဆက်သွယ်မေးစဉ် တာဝန်ရှိသူက ဖြေကြားသည်။
ရေကြီးမူကြောင့် သံတွဲတွင် မြေနိမ့်ပိုင်းမှ မိသားစု (၃၀) ခန့်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ရဲအရာရှိက ပြောကြားသည်။

သံတွဲတွင်ရေကြီး၍ ကျောင်းတွေပိတ်၊ မိသားစု ၂၀ ခန့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

Than-dwe-flood
သံတွဲတွင် ယနေ့ သြဂုတ် ၆ ရက်နေ့ ရေကြီးနေစဉ်( ဓါတ်ပုံ-နိရဉ္စရာ/ နေဇော်)
ရခိုင်ပြည်နယ်သံတွဲတွင် ရေကြီးနေပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ဆက်လက် ရေတိုးနေသဖြင့် စာသင်ကျောင်းများအားလုံးကို ယာယီပိတ်ထားလိုက်ကာ မိသားစု (၂၀) ခန့်ကိုလည်း ဘေးလွှတ်ရာသို့ ပြောင်းရွှေ့လိုက်ရသည်ဟု သတင်း ရရှိသည်။
“ ပြောင်းရွှေ့လိုက်ရတဲ့ မိသားစုက ၁၉ စု၊ လူဦးရေအားဖြင့်ဆိုရင် ၈၅ ဦးပါ။ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ ဆံတော်တောင်ဘုရား ဓမ္မာရုံမှာထားပါတယ်။ သူတို့က ညောင်ပင်ဈေးရပ်ကွက်ကပါ” ဟု အလွတ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
Thandwe-flood
ရေမှာ ဆက်လက်တိုးနေပြီး ရပ်ကွက်များထဲသို့ ရေများဆက်လက် ၀င်ရောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
“ မိုးကတော့ နည်းနည်းစဲနေပါတယ်။ ရေကတော့ ဆက်တက်တုန်းပါ။ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့သူတွေက  အထုပ်အပိုးတွေအဆင်သင့်ပြင်ပြီး အခြေအနေကို ကြည့်နေကြပါတယ်” ဟု သူက ဆိုသည်။
သံတွဲတွင် ယမန်နေ့က  မိုးရေချိန်လက်မ ၅.၅၇ ထိ ရွာသွန်းခဲ့ပြီး လက်ရှိ အချိန်တွင် စိုးရိမ်ရေမှတ်မှာ (၅) ပေကျော် ရောက်ရှိနေပြီဟု သိရသည်။
Thandwe-flood
ယခုအခါ စစ်တပ်မှ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များကို ဆေးဝါးအကူအညီပေးရန် ကားတန်းကြီးများဖြင့် ထွက်ခွာလာကြသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
အလားတူတောင်ကုတ်မြို့တွင်လည်း ရေကြီးနေပြီး တောင်ကုတ်ဈေးအပါအ၀င် မြေနိမ့်ရပ်ကွက်များကို ရေနစ်မြုပ်နေကြောင်း တောင်ကုတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်လှက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, July 28, 2014

သံတွဲတွင် ရေကြီး၍ စိုးရိမ်ရေမှတ်ကျော်နေ

Thandwe-flooding
သံတွဲတွင် ယနေ့ ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ နေဇော်)
ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးနေသဖြင့် စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန် ရောက်ရှိနေကြောင်း သိရသည်။
“ ကျနော် အခု မိုးကြီးပြီး ရေကြီးနေတဲ့ အတွက် ရေတက်နေတဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေက တစ်၊ နှစ်၊ သုံး၊ လေးရယ်၊ နောက် ညောင်ပင်ဈေးကြီးကျေးရွာ၊ ရွှေလှေကျေးရွာတွေ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ သတင်းထောက် တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။
သံတွဲစိုးရိမ်ရေအမှတ်မှာ ၈၈ ဒသမ ၈၀၄ ပေရှိရာ အခုအခါ ယင်းရေမှတ်ကို ကျော်လွန်သွားပြီဟု ကိုနေဇော်က ပြောသည်။
“ ရေက သံတွဲ စိုးရိမ်ရေမှတ်က ၈၈ ဒသမ ၈၀၄ ပေ ဖြစ်ပါတယ်။ အခု ညနေ တစ်နာရီ အချိန်မှာ ၉၃ ပေ ဖြစ်ပါတယ်။  ညနေ ၄ နာရီ အချိန်မှာ ၉၅ ပေထိ တက်ပြီး အခုတော့ နည်းနည်း ပြန်ကျနေတာကို တွေ့ရပါတယ်။ အခြေအနေကတော့ သိပ်မဆိုးသေးဘူး” ဟု သူက ဆိုသည်။
Thandwe-flooding
ယခုအချိန်ထိ မိုးမှာ အဆက်မပြတ်ရွာသွန်းနေတုန်း ဖြစ်သဖြင့် ဒီရေတက်ချိန်တွင် ထပ်မံ ရေကြီးနိုင်ကြောင်း သူ က ဆက်ပြောသည်။
ယခုလက်ရှိ အချိန်တွင် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းအောက်တွင် အရေးပေါ် ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး မိသားစု (၃) စုခန့် ခိုလုံရန် ရောက်ရှိနေကြသည်ဟု သိရသည်။
သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့်နှင့် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းစုံ သိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 17, 2014

စစ်တွေတွင် လေဆင်နှာမောင်းတိုက်သဖြင့် လူတစ်ထောင်ကျော် လေဘေးသင့်


ရခိုင်ကမ်းရိုးတန်းတွင် ဇူလိုင် ၁၅ ရက်ညပိုင်းက လေဆင် နှာမောင်းတိုက်ခတ်သဖြင့် စစ် တွေမြို့ ဒါးပိုင်ဘင်္ဂါလီဒုက္ခသည် စခန်းရှိ အဆောင်အချို့၊ ရဲကင်း တစ်ခုနှင့် စာသင်ကျောင်းတစ် ကျောင်းပြိုကျကာ လူဦးရေ တစ် ထောင်ကျော် လေဘေးသင့်ခဲ့ ကြောင်း သတင်းရရှိသည်။
‘‘လေနီကြမ်းတွေပါ တိုက် တာ။ ညနှစ်နာရီလောက်ကြီး ကောင်းကင်မှာ အနီရောင်တွေပါ မြင်ရတာ။ လူတွေတောင် လေ နောက်ပါပြီး လွင့်သွားတဲ့အထိ ဖြစ်တာ။ အိုးတွေ၊ ခွက်တွေလည်း အကုန်ပင်လယ်ဘက် လွင့်သွား တာ။ အပျက်အစီးကတော့ တော် တော်များတယ်’’ ဟု လုံခြုံရေး တာဝန်ယူထားသည့် အမှတ်(၃၆) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
လေဆင်နှာမောင်း ဒဏ် ကြောင့် ဒုက္ခသည်စခန်းရှိ ပေ ၄၀ ရှည်သော အဆောင် ၁၀ ဆောင် ပြိုကျသွားပြီး ၂၁ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။
အသက် (၈)နှစ်အရွယ် က လေးငယ်တစ်ဦးနှင့် အဘွားအို တစ်ဦး အပါအ၀င် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး သက္ကယ်ပြင်ကျေးရွာ ဆေးခန်းတွင် ဆေးကုပေးနေရကြောင်း အမှတ်(၃၆) လုံခြုံရေး တပ်ဖွဲ့ခွဲမှ သတင်းရရှိသည်။
‘‘ရသမျှတော့   ပြင်နေပါ တယ်။ အစိုးရအဖွဲ့နဲ့ အင်န်ဂျီအို အဖွဲ့အစည်းတွေလည်း ကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေး နေတယ်။  လောလောဆယ်တော့ အဆင်ပြေသလို နေရာချထား ပေးတယ်’’ ဟု အမှတ် (၄) လုံခြုံ ရေး ရဲကွပ်ကဲမှုအဖွဲ့မှ ဒုတိယ ရဲ မှူးကြီး ထွန်းဦးက ပြောသည်။
လေဆင်နှာမောင်းတိုက်မှုကြောင့် လူဦးရေတစ်ထောင်ခန့် နေရေးအတွက် ဒုက္ခရောက်ခဲ့ပြီး နီးစပ်ရာ ကျေးရွာများရှိ အိမ်များ တွင် ခိုလှုံနေရကြောင်း သတင်း ရရှိသည်။
ဒါးပိုင် ဒုက္ခသည်စခန်းသို့ ဇူလိုင် ၁၆ ရက် နံနက်တွင် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန် ဦးဆောင်သော အစိုးရအဖွဲ့ သွားရောက်ခဲ့သည်။
 ဘင်္ဂလား  ပင်လယ်အော် တွင် မုတ်သုံလေ အလွန်အား ကောင်းနေသောကြောင့် ရခိုင် ကမ်းရိုးတန်းအပါအ၀င် မြန်မာ့ ကမ်းရိုးတန်းဒေသများ လေပြင်း ကျနိုင်ပြီး နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။
 
(သတင်းအရင်းအမြစ်- 7 Days News၊ ဓာတ်ပုံ- အင်တာနက်)

Wednesday, July 16, 2014

စစ်တွေတွင် ထူးကဲဒီရေတက်၍ လုံခြုံရေးကင်းစခန်းအချို့ နေရာရွှေ့

ထူးကဲဒီရေတက်မှုကြောင့်စစ်တွေမြို့ မြေနိမ့်ပိုင်းဒေသများ အထိဝင်လာခဲ့ပြီး ကမ်းစပ်အနီးရှိ လုံခြုံရေးကင်းစခန်း အချို့ကို လည်း နေရာရွှေ့ပြောင်းထားရ ကြောင်း သတင်းရရှိသည်။
‘‘ဒီရေက ထူးထူးခြားခြား တက်လာတာ နှစ်ရက်လောက်ရှိ ပြီ။ လုံခြုံရေးကင်းစခန်းအချို့ ရေ နဲ့ မလွတ်တော့လို့ နေရာရွှေ့ထား ရတယ်။ ဒုက္ခသည်စခန်းဖွင့်လို့ရ တဲ့အထိတော့ အခြေအနေမဆိုး သေးပါဘူး’’ဟု စစ်တွေမြို့၊ သဲ ချောင်းနှင့် သက္ကယ်ချောင်းဘင်္ဂါ လီဒုက္ခသည်စခန်းအနီးတွင် လုံခြုံ ရေးယူထားသည့်အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲမှုဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။
စစ်တွေမြို့ပေါ်တွင် ကား လမ်းနှင့် နေအိမ်များအတွင်း ရေ လျှံနေသည့်အပြင် မြေနိမ့်ရပ် ကွက်များတွင် ရေနစ်မြုပ်နေ သောကြောင့် ဒေသခံများက နယ် မြေခံစစ်တပ်ရင်း၊ ရဲတပ်ဖွဲ့ဝင် များအပြင် စည်ပင်ဝန်ထမ်းများ နှင့်အတူ သန့်ရှင်းရေးများလုပ် ဆောင်ပေးနေရကြောင်းသတင်း ရရှိသည်။
‘‘တပ်မတော်သားက အ ယောက်ငါးဆယ်ပါတယ်။ ကျွန် တော်တို့ ရဲတပ်ဖွဲ့ဝင်တွေက တစ် ရာပါတယ်။ စည်ပင်ရဲနဲ့ ဒေသခံနဲ့ ပေါင်းပြီး ပိတ်နေတဲ့ရေမြောင်း တွေရှင်းတာမျိုး လုပ်ပေးနေ တယ်။ မြို့ပေါ်က ဘာမှပြဿနာ မရှိနိုင်ဘူး။ စိုးရိမ်ရတာက မြေနိမ့် ရပ်ကွက်တွေ ရေတက်တဲ့ရက်က နည်းနည်းကြာနေပြီ’’ဟုအထက်ပါ ရဲအရာရှိကပြောသည်။
စစ်တွေမြို့ကျေးတောကျေး ရွာတွင် ရေဘေးအန္တရာယ်အဆိုး ရွားဆုံးရင်ဆိုင်နေရပြီး ရွာလုံးကျွတ်ရေနစ်မြုပ်နေကြောင်း ဒေ သခံဦးစန်းရီကပြောသည်။ ရွာထဲ တွင် ရေလေးပေခန့်အထိ တက် နေသောကြောင့်လှေများအသုံး ပြုသွားလာနေရကြောင်းဆိုသည်။
မိုး/ဇလဌာနက ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း ကြောင့် မုတ်သုံလေအားအလွန် ကောင်းနေပြီးရခိုင်ပြည်နယ်အပါ အ၀င် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် နေရာကွက်၍မိုးကြီးနိုင် သေးကြောင်းသတင်းထုတ်ပြန် ထားသည်။
ထို့အပြင် ဇူလိုင် ၁၄ ရက်နေ့တစ်နေ့တည်း မြန်မာနိုင်ငံ အနှံ့တွင် ပုံမှန်ထက် မိုးပိုရွာခဲ့ သည့် မြို့နယ် ၈ မြို့နယ်အထိရှိခဲ့ ပြီး ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ဂွမြို့တို့ပါဝင်ခဲ့သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Tuesday, July 15, 2014

ထူးကဲဒီရေတက်ပြီး ရခိုင်ပြည်နယ် ဒေသအချို့တွင် ရေမြုပ်မူများ ဖြစ်ပေါ်နေ

flooding in Arakan
စစ်တွေ ကျေးတောရွာတွင် ဇူလိုင်လ ၁၄ ရက်နေ့က ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ထူးကဲဒီရေ တက်မူကြောင့် ရခိုင်ပြည်နယ် ဒေသအချို့တွင် နေရာအများအပြားတွင် ရေမြုပ်မူများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။
ယနေ့ ရရှိသော သတင်းအရ ရခိုင်ပြည်နယ် အတွင်းရှိ ပင်လယ်နားနီး မြို့နယ်တိုင်းလိုလိုတွင် ထူးကဲဒီရေများ တက်လာရာမှ လမ်းများ၊ အိမ်များ၊ ဈေးဆိုင်များနှင့် အစိုးရ အဆောက်အဦးများ ရေမြုပ်နေသည်ဟု သိရသည်။
စစ်တွေမြို့နယ် ကျေးတောရွာတွင်လည်း ဒီရေတက်လာချိန်တွင် ကျေးရွာတစ်ခုလုံး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။
flooding in Arakan
ကျေးတောရွာတွင် ရေကြီး၍ ကလေးငယ်များ ခက်ခက်ခဲခဲ ကျောင်းသွားနေကြစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
“ အခုလို ကျေးတောရွာမှာ ရေမြုပ်နေတာက ရက်အတော်ကြာနေပြီ။ ဒီရေတက်ချိန်ဆိုရင် တစ်ရွာလုံးကို ရေတွေ လျှံဝင်လာပြီး အမြင့် ၄ ပေကနေ ၆ ပေထိ ရေတွေ တက်လာတယ်။ လမ်းတွေ၊ အိမ်တွေ၊ စာသင်ကျောင်း အကုန်လုံး ရေဖုံးလွှမ်းသွာတယ်။ ရွာထဲမှာဆိုရင် လှေတွေနဲ့ သွားလာရတယ်” ဟု ကျေးတောရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းက ပြောသည်။
ယခုနှစ်များတွင် ရေကြီးမူများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ယခင်က ယခုလိုရေကြီးခြင်း မရှိကြောင်း ဦးဇင်းက ဆိုသည်။
Flooding Arakan
ကျေးတော ပိုက်ဆိပ်မှ ကလေးငယ်များ ရေထဲတွင် ကျောင်းသွားနေစဉ်။ (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိရာ ယနေ့ တွင်လည်း နေအိမ်များနှင့် လမ်းအများအပြား ရေမြှပ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ယခင်နေ့များထက် ပိုရေကြီးသဖြင့် စစ်တွေ မြေနှိမ့်ပိုင်းနေရာများရှိ အိမ်တစ်ချို့တွင် အိမ်အောက်ခန်းများအထိ ရေတက်ခဲ့ကြောင်း သိရသည်။
Flooding Arakan
ရေကြီးမူကြောင့် စိုးရိမ်စရာ ဖြစ်လာရာမှ အိမ်ပြန်လာကြသော ကလေးငယ်များ ( ဓါတ်ပုံ – နိရဉ္စရာ)
ယင်းအပြင် လမ်းမကြီး၊ဦးဥတ္တမလမ်း၊ငပိန်လမ်းနှင့် မိဇံကမ်းနားလမ်းများ၏ တစ်ချို့နေရာများတွင် ဒီရေ (၂)ပေကျော်ကျော်ခန့် အထိ ရေတက်ခဲ့သဖြင့် လမ်းများရေမြှပ်နေသပြီး ဆိုက်ကယ်များနှင့် ဆိုက္ကားများသွား၍မရဖြစ်နေကြောင်း စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ တချို့ရပ်ကွက်ဘက်တွေဆိုရင် ခုတိ ရေမကျသေးဘူး။ဆိုက္ကားတွေ သွားလို့မရဘူး၊ ဆိုက်ကယ်တွေဆိုရင် စီးသွားဖို့နေနေသာသာ တွန်းလို့မရလောက်အောင်ထိ ရေကြီးနေတာ” ဟုပြောသည်။
Flooding Arakan
ဇူလိုင် ၁၄ ရက် ယနေ့ စစ်တွေတွင် ရေကြီးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ယင်းအပြင် ရေကြီးနေသဖြင့် ကျောင်းတက်ရသည့် ကျောင်းသားကျောင်းသူများကို မိဘများကိုယ်တိုင် ကြီးကြပ်လိုက်ပို့နေကြရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ကလေးတွေ ကျောင်းတက်ဖို့ အခက်အခဲရှိတယ်ပေါ့။မိဘတွေကလည်း ဘယ်စိတ်ချပါ့မလဲ။ကလေးတွေကို ကျောင်းသွားကျောင်းပြန် မိဘတွေကိုယ်တိုင် ကြီးကြပ်လိုက်ပို့ပေးနေရတယ်လေ။ ခါတိုင်းနဲ့ မတူဘူးလေ” ဟုပြောသည်။
flooding Arakan
စစ်တွေမြို့ ယနေ့ မြင်ကွင်း ( ဓါတ်ပုံ- နိရဉ္စရာ)
ယခုကဲ့သို့ ရေကြီးနေသဖြင့် တချို့ကျေးရွာများတွင် ရိက္ခာများ ပြတ်လပ်နေသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။  ယခုရေကြီးမူမှာ နေရာ အနှံ့အပြားတွင် ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ကွင်းဆင်း စစ်ဆေးရန် လိုအပ်နေကြာင်း ဒေသခံများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, July 10, 2014

မြောက်ဦးမြို့နယ်တွင် မိုးကြိုးပစ်၍ လူ တစ်ဦးသေဆုံး

မိုးကြိုးသည် တိမ်ညိုရွာအရှေ့ဘက် လယ်ကွင်းထဲတွင် မြက်နုတ်နေသူများကို ပစ်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မိုးကြိုးသည် တိမ်ညိုရွာအရှေ့ဘက် လယ်ကွင်းထဲတွင် မြက်နုတ်နေသူများကို ပစ်ခဲ့သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် မိုးကြိုးထိမှန်၍ လယ်ယာစိုက်ပျိုးနေသူ တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် အောက်သကန် ကျေးရွာနေ ထွန်းအေး (ဘ) ဦးအေးထွန်း ဖြစ်ကြောင်း တိမ်ညိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ဖြစ်တာက ဒီလ ၇ ရက်နေ့ နေ့လည် တစ်နာရီခွဲခန့်မှာ မိုးကြိုးပစ်တာပါ။ သူက တိမ်ညိုရွာ ဘူတာ အရှေ့ဘက် လယ်ကွင်းမှာ မြက်နုတ်နေတုန်း မိုးကြိုးထိမှန်ပီး သေဆုံးသွားပါတယ်။ ကျန်တဲ့ လူအချို့လည်း သတိမေ့သွားခဲ့ကြပါတယ်။ အခုတော့ ကောင်းသွားပါပြီ” ဟု ရဲစခန်း တာဝန်ရှိသူမှ ပြောဆိုသည်။
သတိမေ့မျော့သွားသူမှာ တိမ်ညိုရွာ ရွာသစ်တွင် နေထိုင်သူ ဦးအောင်ကြီးဖြစ်ပြီး သေဆုံးသွားသူ ထွန်းအေးမှာ ဦးအောင်ကြီးထံတွင် သူရင်းဌား အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြာင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။
သေဆုံးသူ ထွန်းအေးအား ယမန်နေ့ သဂြိုလ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, July 4, 2014

လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့သော ချောင်းနွယ်ရွာမူလွန်ကျောင်း အရေးပေါ်ပြုပြင်ရန် ပညာရေးဌာန ကျပ်သိန်း(၂၀)ကျော် ခွင့်ပြု

shaung-nwe-school
ပျက်စီးသွားသော ချောင်းနွယ်ချောင်း (ဓါတ်ပုံ- နိရဉ္စရာ)
၂၀၁၄ ခုနှစ် ဇွန်လက လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ပေါက်တောမြို့နယ်ချောင်းနွယ်ရွာ မူလွန်ကျောင်းအဆောက်အဦးအား အရေးပေါ်ပြုပြင်ရန် အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ ဘက်ဂျက်ငွေ ကျပ်သိန်း(၂၀)ကျော်ကို ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကျောင်းပြုပြင်ရန်ငွေများကို အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ချောင်းနွယ်ရွာ မူလွန်ကျောင်းအုပ် ဆရာကြီးဦးဘတင်က နိရဉ္စရာသို့ပြောသည်။
“ဟုတ်ပါတယ်၊ခွင့်ပြုငွေ(၂ ဒသမ ၁၈)သန်း ကျပါတယ်။ သိန်းဂဏန်းအားဖြင့်ဆိုရင် နှစ်ဆယ့်တစ်သိန်းနဲ့ ရှစ်သောင်း ဖြစ်တယ်။ အမှတ်(၁)အခြေခံပညာဦးစီးဌာန ညွှန်ချုပ်ကိုယ်တိုင်လက်မှတ်ထိုးပြီး ခွင့်ပြုလိုက်တာလေ။ လောလောဆယ် ကျောင်းကို အရေးပေါ်ပြုပြင်ဖို့ပေါ့”ဟု ပြောသည်။ ယခုခွင့်ပြုလိုက်သောငွေများဖြင့် လာမည့်အပတ်တွင် ကျောင်းအား အရေးပေါ်ပြုပြင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ယင်းပျက်စီးသွားသောကျောင်းကို အပြည့်အစုံပြန်လည်ပြုပြင်မည်ဆိုပါက ယခုခွင့်ပြုသော ကျပ်သိန်း(၂၀)ဖြင့် လုံလောက်မည်မဟုတ်ကြောင်း ဆရာကြီးက ဆက်ဆိုသည်။
“တကယ်ပြုပြင်မယ်ဆိုတော့ ဒီလောက်ငွေနဲ့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းခေါင်မိုးတွေကိုတော့ ရွာကကျောင်း အကျိုးဆောင်အဖွဲ့တွေနဲ့ စီစဉ်ပြီး ပြုပြင်ထားပြီ။ လောလောဆယ် ကလေးတွေ စာသင်လို့ရအောင်ပေါ့။ထပ်ပြုပြင်စရာတွေတော့ ကျန်သေးတယ်ပေါ့၊ဒီတစ်ပတ်လောက်ကို ငွေထုတ်ပြီးရင် ပြုပြင်စရာရှိတာပြုပြင်တော့မယ်” ဟု ဆိုသည်။
လွန်ခဲ့သော ဇွန်လ(၁၉)ရက်နေ့ကတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ်ကြောင့် ချောင်းနွယ်ရွာရှိ မူလွန်ကျောင်း၏ ခေါင်မိုးများပွင့်ထွက်ပျက်စီးသွားပြီး တတိယတန်းကျောင်းသားတစ်ဦးတွင် ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြောက်ဦးနယ် ကုလားပုန်းညောင်ပင်လယ်ရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ် ၄၀နီးပါးပျက်စီး

 ပြိုပျက်သွားသော အိမ်တစ်ဆောင်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ပြိုပျက်သွားသော အိမ်တစ်ဆောင်ကိုတွေ့ရစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကုလားပုန်းညောင်ပင်လယ် ကျေးရွာတွင် ယနေ့ နံနက်က လေဆင်နှာမောင်းတိုက်ခတ်သွားသဖြင့် အိမ် ၄၀ ခန့် ပြိုပျက်သွားကြောင်း သတင်း ရရှိသည်။
“ အိမ် ၂ ဆောင်က လုံးဝပြိုပျက်သွားပါတယ်။ အိမ် ၃၀ကျော်ရဲ့ အိမ်ခေါင်မိုးတွေ ပွင့်ထွက်သွားပြီး အချို့အိမ်တွေရဲ့ ဘေးထရံတွေ လန်ကျသွားပါတယ်။ ဗွီဒီယိုရုံ တစ်ခု၊ ဆန်စက် နှစ်လုံး အဆောင်နဲ့ စပါးကျီ ၃ ခုလည်း ပျက်စီးသွားပါတယ်” ဟု ကုလားပုန်း ညောင်ပင်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှက ပြောသည်။ ယနေ့  နံနက် ၁၀ နာရီ ၁၀မိနစ်က လေဆင်နှာမောင်း လျှပ်တပြက် ၀င်ရောက်တိုက်ခတ်သွားစဉ် ထိုသို့ ပြိုပျက်သွားကြောင်း သူက ဆိုသည်။
“ ထိခိုက် ဒဏ်ရာရတဲ့သူ မရှိပါဘူး။ အိမ်တွေပျက်စီးတာလောက်ပါဘဲ။ အခုတော့ လူတွေက  သူတို့အိမ်တွေမှာ နေထိုင်နေကြပါတယ်။ လောလောဆယ်တော့ အကူအညီ ဘယ်ကမှ မရရှိသေးဘူး” ဟု ဆိုသည်။
ကိုယ်တိုင်သွားရောက် လှည့်လည် ကြည့်ရှု့ သူ တစ်ဦးကလည်း အိမ်ခြေ စုစုပေါင်း (၄၀) နီးပါးခန့် ပျက်စီးသွာကြောင်း၊ ကျောင်းခေါင်မိုးလည်း အနည်းငယ် ပျက်စီးသွားကြောင်း၊ ရွာသားများက စုပေါင်းပြီး ပျက်စီးသွာသည့် အိမ်များကို ပြန်ပြင်နေကြကြောင်း ပြောသည်။
ကုလားပုန်း ညောင်ပလယ်ရွာတွင် အိမ်ခြေစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Monday, January 20, 2014

မာန်အောင်ကျွန်းမြေငလျင်ကြောများ ပြည်တွင်း/ပြည်ပ ပညာရှင်များ ကွင်းဆင်းလေ့လာမည်

ရခိုင်မှ ရွံ့မီးတောင်တစ်ခု။
ရခိုင်မှ ရွံ့မီးတောင်တစ်ခု။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနီးတ၀ိုက်ရှိ မြေငလျင်ကြောများအား ပြည်တွင်း ပြည်ပ ပညာရှင်များက များမကြာမီ ကွင်းဆင်းလေ့လာမူများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
၎င်းလေ့လာမူကို မြန်မာမြေငလျင် ပညာရှင်များက စင်္ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှ ပညာရှင်များဖြင့် ပူးပေါင်း လေ့လာမူပြုလုပ်သွားမည် ဖြစ်သည်။
မာန်အောင်ကျွန်း၏ အနီးတ၀ိုက် နေရာဒေသသည် မြေထုချပ်နှစ်ခု ထိတွေ့နေသော နေရာ တစ်ခု ဖြစ်ပြီး ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် လူပ်ခဲ့သည့် ငလျင်ကြောနှင့် ဆက်စပ်မူ ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။
ယခုလေ့လာမူကို ယခင်တွေ့ရှိချက်များနှင့် အတွေ့အကြုံများကို အခြေခံကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် မီးတောင်သေများအပါအ၀င် ရွံ့မီးတောင် အများအပြားတည်ရှိပြီး ရွံ့မီးတောင်များမှာ ယခုအချိန်ထိ ပေါက်ကွဲမူများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ရခိုင်တွင် တည်ရှိနေသာ ၎င်းရွံ့မီးတောင်များကို ပညာရှင်များက အကြိမ်ကြိမ် လေ့လာခဲ့ကြပြီး ၂၀၁၀ ခုနှစ်က ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်း ကမ်းခြေ၊ ၂၀၁၂ ခုနှစ်က ရမ်းဗြဲကျွန်း အနီးအနားနေရာ၊ ၂၀၁၃ ခုနှစ်က ရမ်းဗြဲကျွန်း အနီးရှိ ကျွန်းများနှင့် ရွံ့မီးတောင်များကို လေ့လာခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ၂၀၁၄ တွင် မာန်အောင်ကျွန်း အနီးတစ်ဝိုက်ကို လေ့လာသွားမည် ဖြစ်သည်။
ယခု နိုင်ငံခြားမှ ပူးပေါင်းပါဝင်ကြမည့် နိုင်ငံခြား ငလျင် ပညာရှင်များမှာ   EOS (Earth Observatory of Singapore) နှင့် TNU ( Taiwan National University ) မှ ဖြစ်ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, December 13, 2013

မောင်တောခရိုင်အတွင်း ငါးဖမ်းလှေများအား ကမ်းခြေမှဝေးကွာသည့် ဒေသများသို့ထွက်ပြီး ငါးဖမ်းဆီးခြင်း မပြုရန် မုန်တိုင်းသတိပေးချက် ထုတ်ပြန်

E-11-12
ရခိုင်ကမ်းရိုးတန်းအတွင်း သွားလာနေကြသော ငါးဖမ်းစက်လှေများအား တွေ့ရစဉ်
မောင်တောခရိုင်အတွင်း ငါးဖမ်းလှေများ ကမ်းခြေမှ ဝေးကွာသည့် ဒေသသို့ထွက်ပြီး ငါးဖမ်းဆီးခြင်း မပြုရန် မုန်တိုင်းသတိပေးချက်အား ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှ စတင်ထုတ်ပြန်လိုက်ကြောင်း ခရိုင်ငါးလုပ်ငန်းမှ သတင်းရရှိသည်။
"ဒီဇင်ဘာ ၁၀ ရက်ကစပြီး ပင်လယ်ကမ်းနားရှိ ရွာတွေကို ကမ်းခြေက ဝေးကွာတဲ့ နေရာတွေကို ငါးဖမ်းမထွက်ဖို့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကလည်း ကိုကိုးကျွန်းကနေ မိုင်ငါးရာကျော် အကွာမှာ ရှိသေးတော့ ဆက်လက်ပြီး မုန်တိုင်းအခြေအနေပေါ် မူတည်ပြီး မုန်တိုင်းသတိပေးချက်တွေ ဆက်လက်ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု မောင်တောခရိုင် ငါးလုပ်ငန်း ဦးစီးမှူး နိုင်ဝင်းသိန်းက ပြောကြားသည်။
လက်ရှိ အနေအထားတွင် မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်း မရှိသေးဘဲ မိုးတိမ်ထူထပ် နေကြောင်းနှင့် ကမ်းဝေးငါးဖမ်း လှေများမှာလည်း ကမ်းလာကပ်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ ယင်းအပြင် ကမ်းနီးငါးဖမ်းလှေများ အနေဖြင့်လည်း ငါးဖမ်းဆီးခြင်းများ ဆက်လက်ရှိနေသေးပြီး မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည့် ကျေးရွာများရှိ တံငါလှေအချို့ ကမ်းကပ်ထားကြောင်းလည်း သိရသည်။
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဒီ (Madi) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့  ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏  အရှေ့တောင်ဘက် မိုင် ၂၅၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း၏  အနောက်တောင်ဘက် မိုင် ၅၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားနေကြောင်း၊ မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်မည် ဖြစ်ကြောင်းနှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။ ၎င်းဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မုန်တိုင်းသတိပေး ထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

Friday, November 1, 2013

တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံသည် စီးပွားရေး ပိုမိုကောင်းမွန်သော ဒေသတွင်းနိုင်ငံအချို့ထက် လျှပ်စစ် ဓာတ်အားခနှုန်းထား ပိုမို

10.31.1
ကျောက်ဖြူရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားမှုကို တွေ့ရစဉ်
လူတစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စီးပွားရေး ပိုမိုကောင်းမွန်သော ဒေသတွင်း နိုင်ငံအချို့ထက် လျှပ်စစ် ဓာတ်အားခနှုန်းထား ပိုမိုပေးဆောင်ရမည် ဖြစ်ကြောင်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ ထုတ်ပြန်ထားသော လူတစ်ဦးချင်း ၀င်ငွေစာရင်းနှင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရမှု အချက်အလက်များအရ နှိုင်းယှဉ်၍ သိရသည်။

လျှပ်စစ်ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာချက်များအရ လက်ရှိ ကောက်ခံနေသော လျှပ်စစ်ဓာတ်အားခကို နိုဝင်ဘာ ၁ ရက်မှစ၍ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။

အစိုးရ အနေဖြင့် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ယင်းကဲ့သို့ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင် သတ်မှတ်လိုက်သည်ဟု အကြောင်းပြ ဖြေရှင်းခဲ့ပြီး အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိ ဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ သို့ တိုးမြှင့်ကောက်ခံ မည်ဖြစ်သည်။ ထို့အပြင် အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိသုံး သူများ ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ကျပ် ၁၅၀ ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ကောက်ခံမည်ဖြစ်သည်။

ဒေသတွင်းနိုင်ငံတွေမှာ ကျွန်တော်တို့က ဟိုးနောက်ဆုံးမှာ၊ ကမ္ဘာမှာလည်း  ၀င်ငွေအနည်းဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း အခုမှ ကျွန်တော်တို့ အားယူနေဆဲပါ။ ဒီလို အနေအထားတွေမှာ ဒေသတွင်း စီးပွားရေးကောင်းတဲ့ အခြားနိုင်ငံတွေထက်ပါ ဓာတ်အားခကို ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ ပိုပေးရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီပုံနဲ့ဆို အိမ်နီးချင်းနိုင်ငံတွေကို    စီးပွားရေးအရ ကျွန်တော်တို့ ဘယ်လိုယှဉ်နိုင်တော့မလဲ . . .
အစိုးရအနေဖြင့် ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံမှုမှာ နယ်ပယ်အသီးသီးမှ ပြည်သူများအတွက် များစွာသက်ရောက်မှုရှိခဲ့ပြီး သာမန်မိသားစုအနေဖြင့် လျှပ်စစ်မီတာခအတွက် ယခင်ထက် ရာခိုင်နှုန်း ၄၀ နှင့် စီးပွားရေးလုပ်ငန်း အသုံးပြုသူများအတွက် ယခင်ထက် နှစ်ဆနီးပါးအထိ ကုန်ကျစရိတ်များ ကြီးမားစွာ မြင့်တက်သွားမည် ဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့် သတ်မှတ်မှုကြောင့် အစိုးရသစ် လက်ထက်တွင် ရုန်းကန်နေရသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ရပ်တည်မှုမှာ ယိမ်းယိုင်သွားနိုင်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများမှာလည်း ရပ်တန့်သွားနိုင်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများ ရှိနေသည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေးကိုလည်း ကြီးမားသော သက်ရောက်မှု ရှိလာမည်ဖြစ်ပြီး ခေတ်စနစ် အပြောင်းအလဲတွင် စီးပွားရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာ၌ များစွာ နှောင့်နှေးသွားမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေပါသည်။

နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်ရောက်နိုင်ရန် ဆောင်ရွက်မှုများ၊ အစီအမံများ ပြုလုပ်နေသည့် အချိန်အခါမျိုးတွင် စီးပွားရေး လုပ်ငန်းများအတွက် အရေးပါသော လျှပ်စစ်မီး အလုံအလောက် ရရှိရန် ပြုလုပ်ရမည့် အခြေအနေမျိုးတွင် ဓာတ်အားခ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် ခြောက်လှန့်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။ ထို့အပြင် လျှပ်စစ်မီး ရှားပါးသော အခြားပြည်နယ်နှင့် တိုင်းများတွင် မီတာခဈေးနှုန်းမှာ အခြားဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများတွင်ပင် မရှိသော ဈေးနှုန်းမျိုးဖြစ်နေပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျော် ၅၀၀ နီးပါးရှိနေခြင်းမှာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအပေါ် လုပ်ကိုင်ခွင့်ပေးရာတွင် ပြည်သူများ၏ လိုအပ်ချက်နှင့် တိုင်းပြည်အနာဂတ်အတွက် ဖြစ်သင့်သည့် အခြေအနေများအပေါ် သုံးသပ်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းပြည်သူများ၏ ဝေဖန်မှုများကို ခံနေကြရသည်။ ဓာတ်အား အလုံအလောက် မရရှိမှုအပေါ် အခြေခံပြီး ယင်းကဲ့သို့ မည်သည့်နိုင်ငံမှ မရှိသော ဈေးနှုန်းများဖြင့် သတ်မှတ် လုပ်ဆောင်နေခြင်းမှာ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးနှင့် စိတ်ဖိစီးမှုများကို ပိုမို ဖြစ်ပေါ်စေကြောင်းလည်း သုံးသပ်မှုများ ရှိနေကြသည်။

"အရင်တုန်းက ကျွန်တော်တို့ နိုင်ငံက ဆိုရှယ်လစ်နိုင်ငံဆိုတော့ အစိုးရက အရှုံးကိုကျခံတယ်။ ပြည်ပကို ထုတ်ရောင်းတာမျိုးလည်း မရှိဘူး။ ပြီးတော့ လျှပ်စစ်စွမ်းအင်တွေ ပြည်ပကို ထုတ်ရောင်းတယ် ဆိုတာနဲ့လည်း ပြောပြရမယ်ဆိုရင် ဒီဓာတ်အားပေး စက်ရုံတွေက နိုင်ငံခြားကလာပြီး စက်ရုံတည် ရင်းနှီးမြှုပ်နှံမှုလုပ်တာ။ ပြည်တွင်းကို ပြန်ပေးပါတောင်းရင် ဒီဓာတ်အားတွေ ပြန်သယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကချင်မှာ လုပ်ရင် ကချင် မီးလင်းသင့်တယ်။ ရခိုင်မှာ လုပ်ရင် ရခိုင် မီးလင်းသင့်တယ်။ ပြည်တွင်းမှာ မလုံလောက်လို့ ပြည်ပကနေ တင်သွင်းရပြီဆိုရင် ဈေးကွက် မတည်ငြိမ်မှု ပြဿနာတွေက ရှိနေမှာပဲ" ဟု ဇောတိက လုပ်ငန်းအုပ်စုမှ ဦးခင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်မီတာခများကို တိုးမြှင့်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် အခက်တွေ့သကဲ့သို့ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရန် ရုန်းကန်ကြရမည် ဖြစ်ရာ တစ်ဖက်တွင်လည်း အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ  မြင့်တက်လာနိုင်ကာ အခြေခံ လူတန်းစားများအနေဖြင့် ပိုမို အထိနာဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ခဲ့ကြသည်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်၍ ဓာတ်အားခနှုန်းထားများကို အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ၊ လုပ်ငန်းသုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၁၀၀ သို့ ပြောင်းလဲ တိုးမြှင့် ကောက်ခံခဲ့သည်။ ထို့အပြင် ယခုတစ်ကြိမ် ထပ်မံ တိုးမြှင့်ကောက်ခံမှုကို နိုဝင်ဘာ ၁ ရက်တွင် ထပ်မံ တိုးမြှင့်ကောက်ခံမည် ဖြစ်သော်လည်း အစိုးရအနေဖြင့် အများပြည်သူထံ ကြိုတင် အကြောင်းကြားမှုများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် တစ်ယူနစ်လျှင် မည်မျှအရှုံးပေါ်၍ တိုးမြှင့်ရခြင်းကို  တွက်ချက်ပြခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ နိုင်ငံတော်အနေဖြင့်  ပြန်လည် ၀ယ်ယူရာတွင်လည်းကောင်း ပွင့်လင်းမြင်သာစွာ ချပြနိုင်ခဲ့ခြင်း မရှိမှုအပေါ် ပြည်သူများအနေဖြင့် ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာမှ တွက်ချက် ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ  ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် အနိမ့်ဆုံး ဖြစ်နေသော်လည်း လျှပ်စစ်ဓာတ်အားခနှုန်း ထားမှာမူ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားပိုမိုကောင်းမွန်သော နိုင်ငံအချို့ထက် ပိုမိုပေးဆောင်ရမည့် အနေအထားတွင် ရှိနေသည်။

"လူတစ်ဦးချင်း ၀င်ငွေကို ကြည့်ရင် ဒေသတွင်း နိုင်ငံတွေမှာ ကျွန်တော်တို့က ဟိုးနောက်ဆုံးမှာ။ ကမ္ဘာမှာလည်း ၀င်ငွေအနည်းဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာပါတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း အခုမှ ကျွန်တော်တို့ အားယူနေဆဲပါ။ ဒီလို အနေအထားတွေမှာ ဒေသတွင်း စီးပွားရေးကောင်းတဲ့ အခြားနိုင်ငံတွေထက်ပါ ဓာတ်အားခကို ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ ပိုပေးရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီပုံနဲ့ဆို အိမ်နီးချင်းနိုင်ငံတွေကို စီးပွားရေးအရ ကျွန်တော်တို့ ဘယ်လိုယှဉ်နိုင်တော့မလဲ။ ဒါဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ဖိအားကြီးတစ်ခု ဖြစ်စေပါတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းအောင်က သုံးသပ်ခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ဦးချင်းဝင်ငွေ အနည်းဆုံး နိုင်ငံများအား တွက်ချက် ထုတ်ပြန်ချက်များအရ နိုင်ငံပေါင်း ၂၂၅ တွင် အဆင့် ၂၀၅ ၌ ရပ်တည်နေပြီး ဆိုမာလီယာ၊ မာလီ၊ အာဖဂန် စသည့်နိုင်ငံများနှင့် အတူအောက်ဆုံးတွင် ရပ်တည်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ စီးပွားရေး တည်ငြိမ်မှုရအောင်  ရုန်းကန်နေသော မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ရန် များစွာမလွယ်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ဖော် ပြောဆိုမှုများ ရှိလာသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့  ပြောင်းလဲနေသည့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်အတွင်း နိုင်ငံခြားငွေကြေး ဈေးနှုန်းမြင့်တက်မှု၊ အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်မှု၊ အလယ်အလတ်နှင့် အခြေခံ လူတန်းစားများအတွက် အိမ်ခန်းငှားခနှင့် နေထိုင်မှု စရိတ်သုံးဆခန့်အထိ မြင့်တက်မှုများ ရှိနေသည့်ကြားမှပင် ယခုကဲ့သို့ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် လျှပ်စစ်မီတာခ ဈေးနှုန်းများပါ ထပ်မံ တိုးမြှင့်လိုက်ခြင်းမှာ စိတ်ပျက်ဖွယ် အနေအထားပင် ဖြစ်ကြောင်း  နယ်ပယ်အသီးသီးမှလည်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။
Untitled
Untitled1
(သတင်းအရင်းအမြစ်- Eleven Media Group)





Wednesday, October 23, 2013

ဂီရိမုန်တိုင်း တိုက်ခတ်မှု သုံးနှစ်ကျော်ချိန်အထိ မုန်တိုင်းသင့် ဒေသခံများ ကြွေးမြီပြန်မဆပ်နိုင်သည့်အပြင် ထပ်မံချေးယူနေရ


ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း ဂီရိမုန်တိုင်းဒဏ်သင့် ဒေသများတွင် တင်ရှိသည့် ကြွေးမြီများ ပြန်လည်ဆပ်နိုင်စွမ်း မရှိသည့်အပြင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ငွေကြေးလိုအပ်ချက်ကြောင့် ထပ်မံချေးယူ နေရကြောင်း သတင်းရရှိသည်။
ဂီရိမုန်တိုင်း မတိုင်မီက မုန်တိုင်းဒဏ်ခံ ဒေသ၏ အိမ်ထောင်စုများ၏ ၈၅ ဒသမ ၅ ရာခိုင်နှုန်းခန့် ပေးဆပ်ရန် ကြွေးမြီများ တင်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၅၀၀၀၀ ခန့် ရှိနေကြောင်းလည်း သိရသည်။
"ဂီရိမုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက် လယ်ယာမြေများ၊ ငါးကန်၊ ပုစွန်ကန်များ၊ ရေငန်တား တာတမံများ ပျက်စီးခြင်း၊ ဆန်စပါး ထုတ်လုပ်မှု ကျဆင်းခြင်း၊ ငါးဖမ်းလှေနဲ့ ပိုက်များ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံး မတိုင်မီက အဲဒီမြို့နယ်များ အိမ်ထောင်စုများရဲ့ ၈၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ဟာ ပေးဆပ်ရန်ရှိ ကြွေးမြီများ တင်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်အိမ်ထောင် ကျပ် ၂၅၀၀၀၀ ခန့် ဖြစ်ပါတယ်။ ဂီရိမုန်တိုင်းဒဏ် ခံလိုက်ရပြီးနောက်မှာ ချေးငွေပြန်လည် ပေးဆပ်နိုင်စွမ်း ကျဆင်းခဲ့ရသလို စွန့်စားရမှု မြင့်မားတဲ့ ကြွေးမြီချေးယူခြင်းတွေ ပိုမိုလုပ်ဆောင် လာရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းမှာ နိုင်ငံတကာ အလှူရှင်ဆယ်ဖွဲ့ စုစည်းထားတဲ့ အဖွဲ့ကနေပြီး မုန်တိုင်းဒဏ်ခံ ကျေးရွာများမှ ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက်ကူညီဖို့ရာ ရခိုင်ပြည်နယ် အစိုးရနဲ့ စီမံချက်တစ်ခု ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်" ဟု တက်လမ်းဖွံ့ဖြိုးရေး စီမံချက်ဖွင့်ပွဲ အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်က ပြောကြားခဲ့သည်။
ရခိုင်ကမ်းရိုးတန်းသို့ ဂီရိမုန်တိုင်း ၀င်ရောက်တိုက်ခတ် ခဲ့သည်မှာ သုံးနှစ်တာ ကာလသို့ ရောက်ရှိခဲ့သော်လည်း မုန်တိုင်းဒဏ် ခံခဲ့ရသော နေရာများတွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအပြီး ရေရှည်တွင် ပိုမိုကောင်းမွန်သော ဘ၀နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် လိုအပ်ချက် ရှိနေသေးသဖြင့် ကျေးရွာပေါင်း ၂၂၁ ရွာအား အမေရိကန်ဒေါ်လာ  ၂၂ သန်းခန့် ကူညီမည့် စီမံကိန်းတစ်ခုအား ၂၀၁၃ ခုနှစ် မတ်လမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း ရပ်ရွာအဆင့် ကော်မတီများ၏ လိုအပ်ချက်များအား ပူးပေါင်းအကူအညီ ပေးမည်ဖြစ်ကြောင်း တက်လမ်းစီမံကိန်း ဒါရိုက်တာ VINCENT JALABERT က ဆိုသည်။
တာတမံများ ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ ရေချိုအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ငါးဖမ်းလုပ်ငန်းများတွင် ကျေးရွာအဆင့် အသေးစား ကော်မတီများ ဖွဲ့စည်းခြင်း၊ နည်းပညာ ပံ့ပိုးခြင်းများ၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ အစာအာဟာ ရရှိအောင် ဆောင်ရွက်မှု စသည်တို့ကို အုပ်ချုပ်ရေးပိုင်းနှင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟုလည်း ဆိုသည်။
ဂီရိဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ကမ်းရိုးတန်း ဒေသသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ကျေးရွာပေါင်း ၄၅၃ ရွာမှ လူပေါင်းတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ နေအိမ်ပေါင်း ၂၀၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၂၆၀၀၀၀ ကျော်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group၊ ဓာတ်ပုံ- အင်တာနက်)

Tuesday, September 3, 2013

မိုးကြီး၍ တာတမံကျိုးပေါက်ရာမှ တောင်ကုတ်နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ရေလွှမ်း

 တောင်ကုတ်မြို့နယ်မှ ကျိုးပေါက်သွားသော တာတမံ တစ်ခုကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တောင်ကုတ်နယ်မှ ကျိုးပေါက်နေသော ဆည်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် တာတမံ အရေအတွက် (၂၀) ခန့် ကျိုးပေါက်ကာ လယ်ဧက ၁၀၀၀ ကျော်ခန့် ရေလွှမ်းမိုးခံနေရသည်ဟု သတင်း ရရှိသည်။

တာတမံများ ကျိုးပေါက်သွားသဖြင့် ရေလွှမ်းမိုး ခံနေရသော လယ်ဧကများမှာ တန်းလွဲချောင်းရှိ ကျောက်ဆိပ်တောင်ဆည်တွင် ၈၃၀ ဧက၊ တောင်ချောင်းဆည်တွင် ၂၅ ဧက၊ တောင်ကုတ်ချောင်း တောင်ရွာအုပ်စုရှိ ချစ်လှစီဆည်တွင် ၉၀ ဧက၊ အုန်းတောမော်ကြီးဆည်တွင် ၁၀၀ ဧက၊ ဒါးမကျ ဆည်တွင် ဧက ၂၀၀၊ လောင်အေးဆည်တွင် ဧက ၂၀၀၊ ဇီးချောင်းဆည် ၄၀ ဧက၊ ရမေးဆိပ် ဆည်တွင် ၁၀ ဧက၊ ရုံးစောက်တောင်ဆည်တွင် ၄၀ ဧက၊ ကပေါင်းဆည်တွင် ၅၀ ဧက တို့ ဖြစ်သည်။

တာတာမံများမှာ ၀ါခေါင်လပြည့်ကျော် ( သြဂတ်စ်လ ၂၁ ရက်နေ့) မှ စတင် ရွာသွန်းခဲ့သော မိုးကြောင့် ကျိုးပေါက် ပျက်စီးခဲ့ရပြီး ယခုတိုင် ပြန်လည် ဆည်ဖို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တာတမံများကို အချိန်မှီ ပြန်လည် မဆည်ဖို့နိုင်ပါက နောက်ထပ် မိုးရွာသည်နှင့် စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးသွားနိုင်သည်ဟု ကျိုးပေါက်သွားသော တာတမံ အချို့အား သွားရောက် စစ်ဆေး ကြည့်ရှု့ခဲ့သူ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမင်းအောင်က နိရဉ္စရာသို့ ပြောသည်။

“ ၀ါခေါင်လပြည့်ကျော်က ရွာသွန်းခဲ့တဲ့ မိုးကြောင့် ကျွန်တော်တို့ တောင်ကုတ်မြို့နယ်ထဲမှာ တာတမံ အခု ၂၀ ခန့် ကျိုးပေါက်သွားပြီးတော့ လယ်ဧက ၁၀၀၀ ကျော် ရေလွှမ်းမိုးသွားပါတယ်။ အဲဒီ တာတမံတွေကို အချိန်မှီ မပြုပြင်နိုင်ရင် နောက်ထပ် မိုးရွာတာနဲ့ တာတမံထဲက စပါးပင်တွေ အားလုံး ပျက်စီးသွားနိုင်ပါတယ်” ဟု ဆိုသည်။

ဒေသခံ ပြည်သူများ၏ သတင်း ပေးပို့ချက်အရ နောက်ထပ် ရွာသွန်းခဲ့သော မိုးကြောင့် တာတမံ အများအပြားလည်း ကျိုးပေါက် သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တာတမံများမှာ လမူးချောင်းရှိ ငရက်ဖြူဆည်၊ မောင်ညိုမော်ဆည်၊ ၀က်မြုတ် ဆည်၊ မညှင်းတောင်ဆည်၊ နဂါးမော်ဆည်၊ ရန်ဒေတောင်ဆည်၊ အထက်နဂါးမော်ဆည်၊ အထက်ပနံချောင်း ဆည်၊ အောက်ပနံချောင်းဆည်တို့ ဖြစ်ကြသည် ဟု သိရသည်။

လမူး ဒေသခံ တစ်ဦးကလည်း သူတို့ ဒေသတွင် ကျိုးပေါက်သွားသော ဆည်များအား အချိန်မှီ ပြန်လည် မဆည်ဖို့ နိုင်ပါက လယ်သမား ၄၅၀ ခန့် ဒုက္ခရောက်နိုင်ကြောင်း ပြောဆိုသည်။

“ ကျွန်တော်တို့ ကျိုးပျက်သွားတဲ့ တာတမံတွေကို ပြန်လည်ပြုပြင်ဖို့ဆိုရင် လူအင်အား၊ ငွေအင်အား အမြောက်အများ လိုအပ်နေပါတယ်။ တကယ်လို့သာ ဒီကျိုးပျက်သွားတာတွေကို ပြန်လည် မပြုပြင်နိုင်ရင် စပါးတွေ ပျက်စီးပြီးတော့ အဲဒီနေရာမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ၄၅၀ လောက်ဟာ အတိဒုက္ခရောက် သွားနိုင်ပါတယ်။”

လက်ရှိ အချိန်ထိ ကျိုးပေါက်သွားသော တာတမံဆည်များကို သက်ဆိုင်ရာမှ ပြန်လည် ဆည်ဖို့ ပေးခြင်း မရှိသေးသလို လယ်သမားများအားလည်း လူထု လုပ်အားဖြင့် ပြန်လည် ဆည်ဖို့ကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သူက ဆိုသည်။

တာတမံများကို ပြန်လည် ဆည်ဖို့ နိုင်ခြင်း မရှိပါက ယခုနှစ် တောင်ကုတ်မြို့နယ်၏ စိုက်ပျိုးရေးကို အထူး ထိခိုက်နိုင်သည်ဟု လယ်သမားများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, August 30, 2013

မေယုကျွန်းပေါ်တွင် Cyclone Shelter ကာကွယ်ရေးဝန်ကြီးဌာန တည်ဆောက်မည်


မြန်မာနိုင်ငံ အနောက်ဘက် တံခါးဝတွင်ရှိသည့် ရခိုင်ပြည်နယ် မေယုကျွန်းပေါ်တွင် မုန်တိုင်းဒဏ်ခံ (Cyclone Shelter) တစ်လုံး တည်ဆောက်သွားရန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိ ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တွေမြို့နယ်ရှိ မေယုကျွန်းကို စနစ်တကျ ကွင်းဆင်းလေ့လာ တွက်ချက်၍ ပြင်ဆင်ထိန်းသိမ်းသွားရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားစဉ် ၎င်းကယင်းသို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

မေယုကျွန်းသည် ယခုနှစ် ဇွန်လအတွင်း လှိုင်းလေ ပြင်းထန်မှုကြောင့် ရေလှိုင်း များ မြင့်တက်လာသဖြင့် လှိုင်းကာ နံရံများ၊ ရေချိုသိုလှောင်ကန်များ ပျက်စီးသွားရာ လေမုန်တိုင်းခံ အဆောက်အအုံ ဆောက်လုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် ဆောက်လုပ်မှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွန့်ကြားရေးမှူးရုံးမှ စီစဉ်လျက် ရှိကြောင်း ဦးဟန်စိန်က ဆက်လက်ပြောကြားသည်။

သြဂုတ်လအတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်အောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရခိုင်ပြည်နယ်အတွင်း Cyclone Shelter များ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာအစီအစဉ်မရှိကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly)

Wednesday, August 28, 2013

မိုးလယ်ကာလအတွင်း ရေကြီးမှု ထပ်မံဖြစ်ပေါ်၍ ဒေသအချို့၌ လယ်ယာမြေများ ရေနစ်မြုပ် ပျက်စီးခြင်း၊ မိုးစပါး ထပ်မံစိုက်ပျိုးရန် အခက်အခဲရှိခြင်းများ ကြုံတွေ့

8.1.1
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရေဆိုင်ကုန်း ကျေးရွာရှိ လယ်မြေများ ရေနစ်မြုပ် ပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ယခုနှစ် မိုးလယ်ကာလအတွင်း ရေကြီးမှုများ ထပ်မံဖြစ်ပေါ် နေသောကြောင့် ဒေသအချို့တွင် လယ်ယာမြေများ ရေနစ်မြုပ် ပျက်စီးခြင်း၊ ယခုနှစ် မိုးစပါး ရာသီအတွက် ထပ်မံ စိုက်ပျိုးရန် အခက်အခဲ ရှိခြင်းကို တောင်သူများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။
မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေး အန္တရာယ်ကို မိုးရာသီ ကာလအတွင်း ကြုံတွေ့ရလေ့ရှိတွင် ယခုနှစ် ဇူလိုင်လကုန် ပိုင်းကလည်း မိုးရွာသွန်းမှု ကောင်းမွန်သည့် ဒေသများ၌ မြစ်ရေကြီးမှုကို ကြုံတွေ့ခဲ့ရပြီး ရေကြီးရေလျှံ ခြင်းတို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းများ ဒေသအချို့၌ ဖြစ်ပေါ်ခဲ့သည်။
ယခုလတွင်လည်း ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် စသည့် ဒေသတို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေသည့် အတွက် လယ်ယာမြေ ရေနစ်မြုပ်မှုများ ဆက်လက် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရေဆိုင်ကုန်း ကျေးရွာမှ တောင်သူ ဦးသန်းမြင့်က ''သြဂုတ် လဆန်းပိုင်းက ရေကြီးတာတွေကတော့ကုန်းမြင့်တဲ့ နေရာတွေမှာ ရေပြန်ကျသွားပါပြီ။ ရေနက်ပိုင်းတွေမှာသာ ရေနစ်နေတုန်းပါ။ ခုချိန်ထိ ရေပြန်မကျသေးတော့ ဧက ၁၀၀ ကျော်က ရေနစ်နေတာ။ ဒီရက်ပိုင်း မိုးရွာတာတွေကြောင့် ကုန်းမြင့်နေရာတွေက ပြဿနာ သိပ်မရှိပေမယ့် ရေနက်ပိုင်းကတော့ ဒီရာသီ ပြန်စိုက်ဖို့ မလွယ်တော့ဘူး'' ဟု ပြောကြားသည်။
ဇူလိုင်လကုန်ပိုင်းက ရေကြီးမှုသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး စသည်တို့ကို သက်ရောက်ခဲ့ကာ ဒေသခံ ၃၈၃၀၀ ကျော်သည် နေရပ်မှ ရွှေ့ပြောင်းခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ UN Office for the Coordination of Humanitarian Affairs (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သြဂုတ် ၇ ရက်အထိ လူဦးရေ ၇၀၀၀၀ ကျော်မှာ ယာယီစခန်းများတွင် နေထိုင်ခဲ့ရကာ နေရပ်မှ ရွှေ့ပြောင်းရသူများ နေရပ်ပြန်နိုင်ပြီ ဖြစ်စေကာမူ ထောက်ပံ့မှုများ လာမည့် ရက်သတ္တပတ် အနည်းငယ်အထိ လိုအပ်မည်ဖြစ်ပြီး ယင်းမှာ သီးနှံများ၊ စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံး ခဲ့သည့်အတွက် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇူလိုင်လကုန် သြဂုတ်လဆန်းပိုင်းက ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံး မှုများကို အဓိက ကြုံတွေ့ခဲ့ရသည့် ကရင်ပြည်နယ်တွင်သြဂုတ်ပထမပတ်အထိလယ်ယာမြေဧကပေါင်း၃၆၀၀၀ ကျော်မှာ ရေနစ်မြုပ်နေဆဲ ဖြစ်သည့်အတွက် အစားအစာ လိုအပ်ချက်ကို လာမည့်ကာလများတွင် ရင်ဆိုင်လာရ နိုင်ကြောင်းလည်း သိရသည်။
လက်ရှိတွင်လည်း မိုးကောင်း၍ ရေကြီးမှုများ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ထပ်မံဖြစ်ပေါ်သည့် အတွက် အနိမ့်ပိုင်း လယ်ယာမြေများ ရေနစ်မြုပ်ခြင်း၊ ယခင်တစ်ကြိမ် ရေနစ်မြုပ်ပြီး နောက်ထပ်မံ စိုက်ပျိုးထားသော လယ်ယာမြေများတွင် ဒုတိယအကြိမ် ရေနစ်မြုပ်ခြင်း စသည်တို့ကို ကြုံတွေ့လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ကော့မှူးမြို့နယ်၊ ပျားမွှတ်ကျေးရွာမှ တောင်သူ ဦးခင်ဝေက ''ကျွန်တော်တို့ရွာမှာ ရေပြန်ကြီး နေပြန်ပြီ။ အရင်ရက်က ရေကျသွားလို့ ပြန်စိုက်ထားတာတွေလည်း ရေနစ်ကုန်ပြီ။ မစိုက်ရသေးတဲ့ သူတွေလည်း ထပ်စိုက်ဖို့ အဆင်မပြေတော့ဘူး။ အခု ရေနစ်နေတာ ဧက ၅၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေကြီးရင် ရေထွက်စရာ ချောင်းတစ်ချောင်းပဲ ရှိတယ်။ ဒီအနီးနား ၀န်းကျင်က ရေမှန်သမျှ ဒီချောင်းကပဲ ထွက်နေရတော့ ရေကတော်တော်နဲ့ မကျနိုင်ဘူး။ ချောင်းပေါက်တွေ များများရှိရင် ရေစီးရေလာ ကောင်းရင်တော့ ဒီလိုရေကြီးတာ သက်သာနိုင်မယ်။ အဲလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ ၀န်းကျင်မှာ ရေအိုင်ကြီးလို ဖြစ်နေပြီး ရေကြီးနေဦးမှာပဲ'' ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်နေ၍ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်ကာ ပျက်စီးဆုံးရှုံးမှု များကိုလည်း တွေ့ကြုံလာရပြီး ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံး ဒေသများတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ပါဝင်နေကာ ပျက်စီးဆုံးရှုံး လွယ်သော အုပ်စုတွင် လယ်သမားများက အဓိကနေရာ၌ ရှိနေကြောင်း ၂၀၁၂ ခုနှစ် အတွင်းက ထွက်ရှိခဲ့သည့် ရာသီဥတု ပြောင်းလဲမှုကို လိုက်လျောညီထွေ ပြုမူဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှု အစီရင်ခံစာ မူကြမ်းအရ သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)